ရွှေတိဂုံ တပေါင်းလပြည့် စစ်အစိုးရက လုံခြုံရေး တင်းကျပ်

အောင်သက်ဝိုင်း | ဧရာဝတီသတင်းဌာန

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားတဆူဖြစ်သော ရွှေတိဂုံစေတီတော်ကြီး၌ ယနေ့ တပေါင်း လပြည့်နေ့ တွင် စစ်အစိုးရက လုံခြုံရေးများ ပိုမိုချထားပြီး ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် ဘုရားဖူးပြည်သူများ အခက်အခဲ အနှောင့်အယှက်ဖြစ်ရကြောင်း သိရှိရသည်။

စစ်အစိုးရက သံဃာတော်များဦးဆောင်သော လူထုဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်၍ ဖြစ်ပွားပါက နှိမ်နင်းရန်အတွက် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတင်းကျပ်ပြီး ရှာဖွေ စစ်ဆေးမှုများပြုလုပ် နေ ကြောင်း ၊ ဘုရားဖူးများ ထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည်ဟု သင်္ကာမကင်းဖြစ်သူများကို မှတ်ပုံတင်များတောင်း ယူခြင်း၊ ဓတ်ပုံမှတ်တမ်းတင်ခြင်း များကို နံနက်အစောပိုင်းကပင် ပြုလုပ်နေကြောင်း ရွှေတိဂုံဘုရားသို့ သွားရောက် ခဲ့သည့် ဘုရားဖူးများက ပြောပြသည်။

“ရဲတွေ၊ စစ်သားတွေ၊ မီးသတ်တွေ၊ စွမ်းအားရှင်လို့ ယူဆရတဲ့သူတွေက ဘုရားရဲ့ မုခ်ဝ အသီးသီးမှာ အသင့် အနေအထားနဲ့ နေရာယူထားတယ်၊ ရဲနဲ့ စစ်သားတွေရဲ့လည်ပင်းမှာ အနီရောင်လည်ပတ်တွေပတ်ထားတယ်၊ လက်နက်အပြည့်အစုံနဲ့ချ ထားတာ၊ ဘုရားပေါ်မှာလည်း အရပ်ဝတ် စစ်ထောက်လှမ်းရေးနဲ့ ရဲတွေ လှည့်နေတယ်၊ သူတို့တွေက လူတိုင်းကို မသင်္ကာ တဲ့မျက်လုံးနဲ့ လိုက်ကြည့်နေတာ” ဟု အသက် ၅၇ နှစ်ရှိ ဘုရားဖူး အမျိုးသမီး တဦးက ဆိုသည်။

ယင်းသို့ လုံခြုံရေးတင်းကျပ်ထားရာတွင် အထူးသဖြင့်၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သောစက်တင်ဘာ အရေး အခင်းဖြစ်ပွားစဉ်က လူစုရုံးရာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့တွင် သံဆူးကြိုးဘယ်ရီရာများချထားပြီး အဆိုပါကြေးသွန်းဘုရားအနီး ဘုန်းကြီးကျောင်းဝန်းများ အတွင်းတွင်လည်း ဒိုင်နာကားများ အများအပြားရပ်ထားကြောင်း၊ ဆန္ဒပြမှုများဖြစ်ပွားပါက ရှုင်းလင်းနိုင်ရေးအတွက် ရွှေတိဂုံဘုရားပတ်ပတ်လည်တွင် အစိုးရ၀န်ကြီးဌာနများက တည်ဆောက် ထားသော ဓမ္မာရုံများအတွင်း ရာပေါင်းများစွာသော စစ်သားနှင့် ရဲများ တပ်ဖျောက်ချထားကြောင်း ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ် အနီး ရေတာရှည်လမ်းဟောင်းမှ နိဗ္ဗာန်ပစ္စည်း အရောင်းဆိုင်ရှင် တဦးက ပြောသည်။

ထိုသို့ လုံခြုံရေးတင်းကျပ်ရုံမက ရွှေတိဂုံဘုရားပေါ်တွင်လည်း ဘုရားဖူးများအား မှတ်ပုံတင်များ ယူဆောင်လာရန်၊ နိုင်ငံရေး နှင့်ပတ်သက်သော ဆုတောင်းပွဲများတွင်ပါဝင်ခြင်း မပြုရန်၊ လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူ စွာ လက်ခံဆောင်ရွက် ရန်ဟူသော ဆိုင်းဘုတ်ကြီးများချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။

“ဘုရားလာတာ မှတ်ပုံတင်ယူလာရဦးမယ်ဆိုတာကတော့ သဘာဝမကျဘူး၊ အာဏာအတွက်ဆိုရင် ဘုရားစေတီ တွေကို လည်း သူတို့ရဲ့စစ်ဆေးရေးစခန်းတွေလို လုပ်နေတာ”ဟု အသက် ၄၀ ရှိ ဘုရားဖူး အမျိုးသား တဦးက ပြောဆိုသည်။

ထို့ပြင်ရွှေတိဂုံသို့ လာရောက်သည့် ဘုရားဖူးပြည်သူများသာမက သံဃာတော်များကိုလည်း နောက်ယောင်ခံ စောင့်ကြည့် မှုများ ပြုလုပ်ကြကြောင်း သိရသည်။

“ဦးပဉ္ဖင်းတို့ ကျောင်းက သံဃာ ၅ ပါးလောက်စုပြီး မနက်စောစော ဘုရားသွားတက်တာ ဦးပဉ္ဖင်းတို့နောက် က ဒကာ ၄ ယောက် ဘုရားပေါ်က မဆင်းမချင်း နောက်ယောင်ခံလိုက်လာတယ်၊ ဦးပဉ္ဖင်းတို့ကတော့ ဘုရားရှိခိုးတဲ့ အချိန်မှာ အားလုံး ကိုမေတ္တာပို့ပေးပါတယ်၊ အခုအချိန်မှာတော့ ဓမ္မကို အဓမ္မက အနိုင်ရနေတယ်၊ အဲဒီ အဓမ္မကို မေတ္တာလက်နက်နဲ့ပဲ တိုက်လို့ ရတယ်” ဟု ၀ါတော် ၁၄ ၀ါရှိ ဦးပဉ္ဖင်းတပါးက မိန့်ကြားသည်။

အသက် ၈၃ နှစ်ရှိ ဘုရားဖူး အဘိုးအို တဦးကလည်း“ ဘုရားမှာ စစ်ဖိနပ်ဝတ်ထားတဲ့ ရဲသား၊ စစ်သားတွေကို မြင်ရတာ အဘိုးတို့ငယ်ငယ်က ဂျပန်ကင်ပေတိုင်တွေ ဘုရားမှာ စခန်းချတဲ့ပုံစံမျိုးနဲ့ တပုံစံတည်း ပါပဲ”ဟု ပြော သည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ ဘာသာရေးဘုရားပွဲများ ကျင်းပသောအချိန်ဖြစ်သည့် ယနေ့ ကျရောက်သော ၁၃၆၉ခုနှစ် တပေါင်းလပြည့် ၁၅ ရက်နေ့( ၂၀၀၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့)တွင် ရွှေတိဂုံဘုရားသာမက ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ဆူးလေ၊ ကမ္ဘာအေး ဘုရားများအပါအ၀င် တန်ခိုးကြီးဘုရားများအားလုံး၌ ရဲ၊ စစ်ထောက်လှမ်းရေးနှင့် စစ်အစိုးရလိုလား သည့် စွမ်းအားရှင်၊ ကြံ့ဖွံ့များ ပူးပေါင်းပြီး လုံခြုံရေးများတင်းကျပ်စွာ ချထားကြောင်း ရန်ကုန်မြို့ခံများ၏ပြောကြားချက်အရ သိရသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form