နှစ် ၂ဝ ကြာသော်လည်း လူ့အခွင့်အရေး တိုးတက်မှုမရှိ

နယူးဒေလီ။ ။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့်ကာလက လူ့အခွင့်အရေးအခြေအနေနှင့် ယနေ့ခေတ် လူ့အခွင့်အရေး အခြေအနေတို့ ပြောင်းလဲခြင်းမရှိဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) က ယနေ့ ဝေဖန်လိုက်သည်။

အရပ်သားနှင့် ကျောင်းသားများ ခိုက်ရန် ဖြစ်ပွားရာ၌ ကျောင်းသားများအပေါ် အငြှိုးတကြီး ရှိခဲ့သည့် ကွန်လွန်သူ ဦးနေဝင်း၏ လက်မရွံ့ တပ်သားများက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်း ပစ်ခတ်သဖြင့် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ဒီမိုကရေစီရေးလှုပ်ရှားသူ အများအပြားက သတ်မှတ်ထားသည့် ယနေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေက HRDP မှ ဦးဆောင်လှုပ်ရှားသူ ဦးမြင့်အေးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ယနေ့ထက်ထိ မြန်မာပြည်မှာ လူ့အခွင့်အရေးအနှစ်သာရတွေက ပြည်သူတွေထဲမှာ မောင်ဖုန်းမော်ကျဆုံးတဲ့ အချိန်တုန်းကလိုပဲ ဆုံးရှုံးဆဲပဲလို့ ကျနော်ကတော့ သတ်မှတ်ရမှာပဲ” ဟု ဦးမြင့်အေးက ပြောသည်။

နအဖ အနေနှင့် မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့ပါးလာစေရန် လုပ်ဆောင်နေသည်ဟု ကုလသမဂ္ဂတွင် ပြောဆိုခြင်း၊ အာဆီယံချာတာတွင် လူ့အခွင့်အရေးဆိုင်ရာ စာချုပ် လက်မှတ်ထိုးသော်လည်း ပြည်သူလူထုမှာ လူ့အခွင့်အရေးများ ကင်းမဲ့နေပြီး အာဏာပိုင်များ၏ ဗိုလ်ကျစိုးမိုးမှု၊ အဓမ္မပြုကျင့်မှုများကိုသာ ခံစားနေရသည်ဟု HRDP က ဆိုသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုခံရလို့ တိုင်ခဲ့ရင်တောင်မှ အဲဒီလူကို ပြန်တရားစွဲတာကို ကျနော်တို့ ကိုယ်တွေ့အဖြစ် ကြုံတွေ့နေရလို့ ကျနော်တို့ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ဘာအကောင်အထည် ဖော်တာလည်း မရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ဦးမြင့်အေးက ဆိုသည်။

လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကုန်ပိုင်းက ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ညောင်ပင်သာအုပ်စု ပိန္နဲကုန်းကျေးရွာမှ လယ်သူမကြီး ဒေါ်ခင်ဝင်းက ကျေးရွာအာဏာပိုင်များ၏ လာဘ်စားမှုကို မကျေနပ်သဖြင့် ကော့မှူးမြို့နယ် တရားရုံးကို တိုင်တန်းခဲ့ရာ ကျေးရွာအာဏာပိုင်များက အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုခဲခြင်းကြောင့် ထောင်ဒဏ် ၃ လ ကျခံခဲ့ရခြင်းသည် တရားဥပဒေအရ ညီမျှမှု မရှိခြင်း၏ အကောင်းဆုံးဥပမာဖြစ်သည်ဟု HRDP က ဆိုသည်။

နအဖက မေလတွင် ကျင်းပမည်ဆိုသည့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒများကို ထုတ်ဖော် ပြောဆိုသည့် လူငယ်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး ထောက်ခံအားပေးသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုမူ အထူး အခွင့်အရေးများ ပေးနေခြင်း စသည့် အခွင့်အရေး မညီမျှမှုများ ရှိနေသည်ဟုလည်း ဆက်လက် ပြောဆိုသည်။

“ကျနော် ပြောချင်တာက မြန်မာပြည်မှာ ဥပဒေနဲ့ ပတ်သက်လို့ တဖက်စောင်းနင်း ဖြစ်နေတယ်။ အုပ်ချုပ်ရေး အာဏာကို တဖက်စောင်းနင်း အသုံးချနေတယ်။ တဖက်က ကမ်းပြိုနေတယ်၊ တဖက်ကတော့ သောင်ထွန်းနေတယ်။ အဲဒါက လူ့အခွင့်အရေးစံချိန် စံနှုန်းနဲ့ လုံးဝမကိုက်ညီပါဘူးခင်ဗျာ” ဟု ဦးမြင့်အေး က ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့် အခမ်းအနားတရပ်ကို ယနေ့တွင် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာနိုင်ငံသားများနှင့်အတူ ကျင်းပခဲ့သည်။

အဖွဲ့၏ ဦးဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနေ့ သတ်မှတ်ခဲ့တာ နှစ် ၂ဝ ရှိခဲ့ပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက တိုးတက်ကောင်းမွန်တာ မရှိဘဲ ဆုတ်ယုတ်လာတာပဲ တွေ့ရတယ်” ဟု ပြောသည်။

အခမ်းအနားတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ၊ သီချင်းနှင့် ပြဇာတ်များ ပါဝင်ပြီး မေလတွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် မဲထည့်သည့် ပြဇာတ်တခုကိုလည်း ထူးခြားစွာ တင်ဆက်သွားသည်။

ယနေ့ကို ကိုဖုန်းမော် သေဆုံးခဲ့ရသည့် မတ်လ ၁၃ ရက်နေ့ကို တန်ဖိုးမဖြတ်နိုင်သောနေ့အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ရောက် မြန်မာနိုင်ငံသားများကလည်း အခမ်းအနား ကျင်းပခဲ့သည်။

“နိုင်ငံအတွက် ဒီလိုစံပြုထိုက်တဲ့လူငယ်တွေကို အမြဲသတိရ နေစေဖို့အတွက်လည်း ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ဆရာတော် ဦးထာဝရက မဇ္ဈိမကို မိန့်ကြားသည်။

အခမ်းအနားတွင် လူအင်အား ၄ဝ ကျော်ခန့် တက်ရောက်ခဲ့ပြီး ညနေပိုင်း ၂ နာရီမှ ၃ နာရီခွဲအထိ ကျင်းပခဲ့သည်။


မဇ္ဈိမသတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form