မန္တလေး၌ ဆယ်တန်းစာမေးပွဲဖြေသည့် ကျောင်းအနီး မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့ အမှတ် (၁၉) အထက်တန်းကျောင်းအနီးတွင် ယနေ့မီးလောင်သဖြင့် ယင်းကျောင်း၌ ဆယ်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများကို ပြန်လွှတ်ပေးလိုက်ရကြောင်း သိရသည်။

၃၃x၃၅ လမ်း၊ လမ်း ၉၀ ရှိ ဒေးဝန်းရပ်ကွက်အနောက်ဘက် အမှတ် (၁၉) ကျောင်း တောင်ဘက်၌ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ အချိန်အထိ မီးလောင်ခဲ့သည်ဟု မန္တလေးမြို့ရှိ မျက်မြင်တဦးက ပြောသည်။

“စာမေးပွဲဖြေနေတုန်း ကလေးတွေလည်း အလန့်တကြားထပြေးကြတယ်၊ အဖြေလွှာကိုင်ပြေးသူက ပြေးပေါ့၊ ဆရာမတွေ လည်းမတားနိုင်တော့ဘူး၊ မီးဆိုတော့ အားလုံးလန့်ကြတယ်”ဟု ၎င်းက ပြောပြသည်။

ယင်းမီးလောင်မှုကို အနီးရှိ မစိုးရိမ်ကျောင်းတိုက် (သစ်) (ဟောင်း) တို့မှ သံဃာတော်များနှင့် မီးသတ်ကား ဆယ်စီးခန့်က ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားကြောင်း သိရသည်။

မန္တလေးတိုင်း ဗဟိုမီးသတ်ဌာနမှ တာဝန်ရှိသူတဦးက “ခြင်ဆေးခွေ မီးကနေ စလောင်တာပါ၊ အိမ် ၇ လုံးလောက် ပါသွား ပါတယ်ခင်ဗျ၊ အသေးစိတ်ကိုတော့ မသိရသေးပါဘူး” ဟု ပြောသည်။

တခြားသောမျက်မြင်သက်သေ ဒေသခံတဦးကမူ “ဓာတ်ဆီရောင်းတဲ့အိမ်က ကားဓာတ်ဆီ ထည့်ရာကနေ မီးထလောင်တာ” ဟု ပြောသည်။

၎င်း၏ ပြောဆိုချက်အရ ဓာတ်ဆီထည့်သူနှစ်ဦး သေဆုံးသွားသည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးပါ။

တချိန်တည်းတွင် ၈၆ လမ်းမ၊ ၃၆ လမ်း မြတောင်ကျောင်း အနောက်ဘက်၊ ရှမ်းဝိုင်းရပ်မြောက်ပိုင်းအတွင်း မီးလန့်သေး သည်ဟုလည်း ဒေသခံများက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ၉ တန်းစာမေးပွဲဖြေဆိုနေချိန် မန္တလေးမြို့ရှိ နာမည်ကြီး (CEC) ဒေါ်နှင်းနှင်းမော် ဘော်ဒါဆောင်တွင် အမျိုးသမီးအဆောင် ၇ ခန်းခန့် မီးလောင်သွားသဖြင့် ၎င်းအဆောင်များကို ပြန်လည်တည်ဆောက်နေ သည်ဟုလည်း သိရသည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတ၀န်းတွင် မီးလောင်မှု ၁၂၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့သော မီးလောင်မှု ၁၂၂ ကြိမ်တွင် မီးဖိုမီး၊ ပေါ့ဆမီး ၁၀၅ ကြိမ်၊ လျှပ်စစ်မီး ၁၂ ကြိမ်၊ မသမာသူရှို့မီး ငါးကြိမ် ပါဝင်သည် ဟု ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်း မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ ၂၃၀၇ လုံး၊ စက်ရုံ၊ အလုပ်ရုံ ၄ ရုံ၊ ဂိုဒေါင် ၁၀ လုံး မီးလောင်ခံရပြီး မီးဘေးဒုက္ခသည် ၆၃၄၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ လူ ၁၃ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ၍ တိရစ္ဆာန် ၁၀၅ ကောင် သေဆုံးခဲ့သည်ဟု သတင်းစာက ဆက်လက်ဖော်ပြထားသည်။

မီးလောင်မှုများ၏ ဆုံးရှုံးမှုတန်ဖိုးများကို ပြည်နယ်၊ တိုင်းအလိုက် ဆန်းစစ်ကြည့်ရာတွင် မန္တလေးတိုင်း၌ အများဆုံး၊ တနင်္သာရီတိုင်း၌ ဒုတိယဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည် ကိုတွေ့ရသည် ဟုလည်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်တွင် မန္တလေးပြည်ကျော်ဈေးအတွင်းရှိ မထား အထည်ဆိုင်နောက်ကျော၌ ၁၀ မိနစ်အကြာ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တွင်လည်း မန္တလေး၌ မီးလောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ပွားခဲ့ရာ ၂၅ ရက်နေ့ လောင်သည့် ရတနာပုံဈေး မီးကြောင့် ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော်နှင့် သင်တန်းနှင့် ရုံးခန်းပေါင်း ၅၉ ခန်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း မန္တလေး ၈၄ လမ်းနှင့် ၂၆လမ်း ဘီရှိ ပန်းသီး ဖိနပ်ရုံတွင် မီးလောင်မှု ဖြစ်ပွားရာ မီးသတ်သမား တဦးအပါအဝင် လူနှစ်ဦး သေဆုံးခဲ့သည်။

ပန်းသီးဖိနပ်ဆိုင်သည် ၀ါယာကြိုးရှော့ဖြစ်ရာမှ မီးထလောင်ခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးပစ္စည်းတန်ဖိုးပေါင်း ကျပ် ၆ သိန်းဖိုးခန့်ရှိပြီး ဖေဖော်ဝါရီလအတွင်း မန္တလေးတွင် ၅ ကြိမ်ခန့် မီးလောင်ကျွမ်းခဲ့သည်။

ယခု နှစ်စအတွင်း မန္တလေးတိုင်း၌ မီးလောင်မှုအကြိမ် အများဆုံးဖြစ်ပွားခဲ့ရာ ဖြစ်ပွားခဲ့သည့် မီးလောင်မှု ၂၇ ကြိမ်အနက် ၂၁ ကြိမ်မှာ မီးဖိုမီးအပါအ၀င် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသောမီးများဖြစ်သည်ဟု ယမန်နေ့က မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကို အသိရှိပြီး အစဉ်သတိပြုကာကွယ်နိုင်ရန် ရေဒီယို၊ ရုပ်မြင် သံကြား၊ သတင်းစာ၊ဂျာနယ်တို့မှ လည်းကောင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း အဆိုပါသတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။

အေးလဲ့ ဧရာဝတီ သတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form