Agencies ခေတ်ပြိုင်သတင်းဌာန
တိဘက်လူမျိုးအများစုနေထိုင်ရာ ဆီချွန်ပြည်နယ်၌ ယခုလ (၁၆) ရက်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုအတွင်း တရုတ်ရဲများ၏ပစ်ခတ်မှုကြောင့် လူ (၄) ဦး ဒဏ်ရာရခဲ့ကြောင်း ယမန်နေ့ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
တိဘက်တွင် ဆန္ဒပြမှုများ ယခင်သီတင်းပတ်အတွင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများ အား ပစ်ခတ်မှုများရှိခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပထမဆုံးအကြိမ်အဖြစ်ဝန်ခံခြင်း ဖြစ်သည်။
ဆီချွန်ပြည်နယ်အတွင်းမှ အဘားမြို့နယ်တွင် ရဲများကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာ သည် တိဘက်လူမျိုး အခွင့်အရေးလှုပ်ရှားသူများက ခေရာတီဘုန်းကြီးကျောင်းအနီး၌ လူ (၈) ဦး သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သော နေရာဖြစ်သည်။
တရုတ်အစိုးရပိုင် အဆိုပါသတင်းဌာနဖော်ပြချက်တွင် အကြမ်းဖက်ဆူပူသူများက အဘား မြို့နယ်ရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဓားများအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ ရဲ ကား (၁၅) စီးနှင့် ရုံးသုံးပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ပါရှိသည်။
ရဲများက သတိပေးသည့်အနေဖြင့် အသံပေးပစ်ခတ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ရပ် တန့်သွားခြင်းမရှိသောကြောင့် မိမိကိုယ်မိမိကာကွယ်ရန် ပစ်ခတ်ခဲ့ရခြင်းသာဖြစ်သည်ဟု ဒေသခံတာဝန်ရှိရဲများအား ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
တရုတ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများအတွင်း တိဘက်မြို့တော် လာဆာ၌လည်း သေ ဆုံးသူများရှိခဲ့ပြီး တရုတ်အာဏာပိုင်များက အဆိုပါသေဆုံးမှုသည် ဆူပူအကြမ်းဖက်သူ
များ၏ လက်ချက်ကြောင့်ဖြစ်ပြီး (၁၃) ဦးရှိကြောင်း ဖော်ပြသည်။
သို့သော် ပြည်ပရောက်တိဘက်အစိုးရကမူ ရဲများ၏ပစ်ခတ်မှုများကြောင့် သေဆုံးသူစုစု ပေါင်း (၉၉) ဦးခန့်ရှိပြီး ၎င်းတို့အထဲမှ (၈၀) ဦးသည် လာဆာမြို့မှဖြစ်သည်ဟု စွပ်စွဲပြော ဆိုသည်။
တိဘက်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားနေသောအဖွဲ့တခုက သေနတ်ဒဏ် ရာဖြင့် သေဆုံးနေသော ရုပ်အလောင်းဓာတ်ပုံများကို ယခုရက်ပတ်အစောပိုင်းတွင် ဖြန့်ချိ ခဲ့ပြီး ရဲများ၏ မဆင်မခြင်ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရသူများထဲတွင် တိဘက်လွတ်မြောက်ရေးနှင့် ဘုန်းတော်ကြီးဒလိုင်လားမား အား တိဘက်သို့ပြန်လာခွင့်ပြုရေး ချီတက်တောင်းဆိုကြသည့် သံဃာတော်များလည်း ပါ
ဝင်ကြောင်း ယင်းအဖွဲ့က ပြောသည်။
ဘီဘီစီ တရုတ်သတင်းဆိုင်ရာအယ်ဒီတာ ရှီရောင်ချန်းက ဆန္ဒပြမှုများဖြစ်ပွားရာ တရုတ် နိုင်ငံအနောက်ဘက်ဒေသများတွင် လုံခြုံရေးအင်အားရာနှင့်ချီ၍တိုးချဲ့ချထားမှုနှင့် အဖမ်း အဆီးများကြောင့် တင်းမာမှုများဖြစ်ပေါ်နေကြောင်း ပြောသည်။
ထို့အပြင် အာဏာပိုင်များက ဆန္ဒပြမှုသတင်းများရေးပို့နေသော အနောက်နိုင်ငံမှ သတင်း ထောက်များကိုလည်း တင်းကြပ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
တိဘက်မြို့တော် လာဆာ၌ ဆန္ဒပြမှုများ ပြီးဆုံးပြီးနောက် လူ (၂၄) ဦးကို ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူ (၁၇၀) ဦးကလည်း အာဏာပိုင်များထံ လာရောက် အဖမ်းခံခဲ့ကြောင်း တရုတ် တာဝန်ရှိသူများက ပြောသည်။
ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေနိုင်ရန် တရုတ်ဝန်ကြီးချုပ် နှင့် တွေ့ဆုံလိုကြောင်း တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမား က အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တရုတ်တာဝန်ရှိသူများကမူ ဆန္ဒပြမှုများသည် ဘုန်းတော်ကြီး၏လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
တိဘက်လူမျိုးများနေထိုင်ရာ တိဘက်ကုန်းပြင်မြင့်သည် အာရှအလယ်ပိုင်းတွင်တည်ရှိပြီး ၁၉၄၉-၅၀ ၌ မော်စီတုန်းဦးဆောင်သော တရုတ်ကွန်မြူနစ်အစိုးရက ၀င်ရောက်သိမ်းပိုက် ခဲ့သည်။
၁၉၅၉ ခု၌ တရုတ်အစိုးရ၏ မြေယာပြုပြင်ပြောင်းလဲရေးနှင့် ဗုဒ္ဓဘာသာအပေါ်ထားရှိသည့် မူဝါဒတို့ကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ဘုန်းတော်ကြီး ဒလိုင်လားမားအပါအ၀င် တိဘက်လူမျိုး အမြောက်အမြား အိန္ဒိယသို့ ထွက်ပြေးခိုလှုံခဲ့သည်။
ယခုဖြစ်ပွားနေသည့် ဆန္ဒပြပွဲများသည် အဆိုပါအဓိကရုဏ်းဖြစ်ပွားမှု (၄၉) နှစ်မြောက်ဖြစ် သည်။

Tags
သတင်း