ကန့်ကွက်မဲလှုပ်ရှားမှု အရှိန်အဟုန်မြင့်လာ

ကိုသက် ဧရာဝတီသတင်းဌာန

ကန့်ကွက်မဲပေးကြရန် စည်းရုံးလှုံဆော်သည့် စတေကာ၊ ပိုစတာနှင့် စီဒီဓာတ်ပြားဖြန့်ဝေသည့်လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေးမြို့များတွင် ယခုလဆန်းပိုင်းကစတင်၍ သံဃာတော်များနှင့် ကျောင်းသား လူငယ်များက ဦးဆောင်ပြုလုပ်ခဲ့ကြရာ ယခုအခါ တနိုင်ငံလုံးသို့ တဖြည်းဖြည်းပျံ့နှံ့လျက် ရှိသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ဈေးတွင် ယမန်နေ့နံနက်ပိုင်းက ဆေးရောင်စုံအငြိမ့်အဖွဲ့၏ သူတောင်းစားဆန္ဒခံယူပွဲပြဇာတ်ပါဝင်သော ကန့်ကွက်မဲပေးရန် စည်းရုံးလှုံ့ဆော်ထားသည့် ဗီစီဒီနှင့် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ “ဘုန်းဘုန်းချမှ လုံးလုံးရမယ်” သံချပ်စီဒီ တရာခန့်ကို ဖြန့်ဝေကြကြောင်း သိရသည်။

“သံချပ်ကတော့ အရုပ်မပါဘူး၊ အသံသက်သက်ပေါ့။ သူတောင်းစားပြဇာတ်ကတော့ ပြည်သူတွေ ကန့်ကွက်မဲပေးကြပါဆိုတဲ့ စာတန်းတွေပါတယ်။ မင်္ဂလာဒုံ စစ်တပ်ဈေးမှာ သွားဖြန့်တာ … တခြားနယ် တော်တော်များများမှာလည်းပျံ့တယ် … ရန်ကုန်မှာတင် စီဒီအချပ် သုံးသောင်းကျော်သွားပြီ။ ဧရာဝတီတိုင်းဘက်ကဆို ကြည့်ပြီးတဲ့သူတွေက ခင်ဗျားတို့ ဒီအခွေတွေ ကြည့်ပြီးပြီလားလို့တောင် ပြန်မေးကြတယ်” ဟု စီဒီဖြန့်ဝေသူများနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

သူတောင်းစားဆန္ဒခံယူပွဲပြဇာတ်သည် မကြာမီကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲကို သရော်ထားသည့် ဆေးရောင်းစုံအငြိမ့်အဖွဲ့၏ ပြဇာတ်ဖြစ်ပြီး ယခုလဆန်းပိုင်းက ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တင်ဆက်ကပြပြီးဖြစ်သည်။

သူတောင်းစားဆန္ဒခံယူပွဲပြဇာတ်နှင့် သံချပ်စီဒီများကို လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေး၊ တောင်ကြီး၊ စစ်တွေ၊ တောင်ကုတ်၊ မော်လမြိုင်၊ ပုသိမ်မြို့များနှင့် ချောင်းသာကမ်းခြေသို့ပေးပို့ထားပြီးဖြစ်ရာ ၎င်းဒေသများရှိ ဒီမိုကရေစီရေးလှုပ်ရှားသူများက လက်ဆက်ဖြန့်ဖြူးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီဒီများကို တိုက်ရိုက် (သို့မဟုတ်) ထပ်ဆင့်ကူးယူကာ ဖြန့်ဝေနေကြသကဲ့သို့ ခိုးကူးစီဒီဈေးကွက်၌ ဈေးပေါပေါဖြင့် အလွယ်တကူဝယ်ယူနိုင်သောကြောင့် ပျံ့နှံ့မှုနှုန်းပိုမိုမြန်ဆန်ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ပြဇာတ်ပါတော့ ကြည့်ရတာပျော်စရာလည်းကောင်းတယ်လေ … ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး လူတွေထဲမှာတော့ စိတ်ဝင်စားတဲ့လူနဲ့ စိတ်မ၀င်စားတဲ့လူဆိုပြီး ၂ မျိုးပဲရှိတယ်။ စိတ်ဝင်စားတဲ့လူက နိုင်ငံရေးတွေဆွေးနွေးမယ် … စိတ်မ၀င်စားတဲ့လူက ဘာမှမပြောဘူး။ ဒါပေမယ့် ၂ မျိုးလုံးက Vote No (ကန့်ကွက်မဲပေးခြင်း) ပဲ” ဟုလည်း ရန်ကုန်မြို့ခံက ပြောသည်။

ယမန်နေ့က “ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးကြ” ဟုရေးသားထားသည့် ပိုစတာကို ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့များရှိ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့သည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူတဦးက ပြောသည်။

“မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့ပြင်ကျေးရွာတွေ … မြစ်ကြီးနားတက္ကသိုလ်၊ နည်းပညာကောလိပ်၊ ဈေး၊ ဘူတာ စတဲ့နေရာတွေမှာ ပိုစတာ ငါးရာ … ၀ိုင်းမော်မှာ တရာ လူထုလက်ထဲရောက်အောင်လုပ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါလှုပ်ရှားမှုကြောင့် ယခုအခါ မြစ်ကြီးနားမြို့အတွင်း လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထူထပ်စွာ အစောင့်ချထားသည်ဟု ဒေသခံတဦးက ဧရာဝတီကို ပြောဆိုသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form