ခေါင်းဆောင်များ ထပ်မံလုပ်ကြံခံရဖွယ်ရှိကြောင်း KNU ပြောဆို

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခွဲထွက်အဖွဲ့များက ဖဒိုမန်းရှာ လုပ်ကြံခံရပြီးနောက်တွင် KNU စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်နှစ်ဦးကို ထပ်မံလုပ်ကြံရန် အစီအစဉ်ရှိနေသေးကြောင်း KNU မှ တာဝန်ရှိပုဂ္ဂိုလ်တဦးက ပြောသည်။

KNU ၏ စစ်ဘက်ဆိုင်ရာ လက်တံတခုဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမူတူးနှင့်၊ တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချူပ် ဂျော်နီတို့ နှစ်ဦးကို ဆက်လက်လုပ်ကြံရန် KNU ၏ ခွဲထွက်အဖွဲ့များဖြစ်ကြသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ က စီစဉ်ထားကြောင်း ၎င်းတာဝန်ရှိပုဂ္ဂိုလ်က အခိုင်အမာ ပြောသည်။

“ထိန်မောင်တို့အဖွဲ့ ခွဲထွက်ပြီးကတည်းက သူက တချိန်လုံး KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို လုပ်ကြံဖို့ စီစဉ်နေတာ” ဟု KNU ခေါင်းဆောင်များနှင့် ထိစပ်အလုပ်လုပ်ကိုင် နေသူတဦးက ပြောသည်။

ဗိုလ်ချုပ်ထိန်မောင်သည် လက်အောက်တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ (၇) မှခွဲထွက်ကာ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သူဖြစ်သည်။ ထို့နောက် ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဟု အမည်ပေးခဲ့သည်။

အခြားသော KNU နှင့် နီးစပ်သူတို့ကမူ ဖဒိုမန်းရှာကို လုပ်ကြံသူများမှာ DKBA အဖွဲ့မှဖြစ်နိုင်ကြောင်း မှန်းဆကြသည်။ DKBA အဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် KNU မှခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ဖဒိုမန်းရှာသည် KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး KNU အဖွဲ့မှာ ၁၉၄၉ ခုနှစ်မှစ၍ ကရင်တော်လှန်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ဖဒိုမန်းရှာ အလုပ်ကြံမခံရမီ ၂ ရက်ခန့်အလိုက DKBA အဖွဲ့ဝင်တဦးဖြစ်သူ စိုးမြင့်ခေါ် ဆန်ပြုတ်သည် မိတ်ဆွေတဦးထံ ဖုန်းခေါ်၍ ဖဒိုမန်းရှာ၏ အိမ်လိပ်စာကို မေးမြန်းခဲ့ကြောင်း ၎င်းအမေးခံရသူက ပြောပြသည်။ ထိုသို့ မေးမြန်းရာတွင် စိုးမြင့်က ဖဒိုမန်းရှာ၏ကားကို ဝယ်ချင်သောကြောင့်ဟု အကြောင်းပြခဲ့သည်။ စိုးမြင့်မှာ DKBA တပ်ရင်း ၉၉၉ မှဖြစ်သော်လည်း DKBA အဖွဲ့ကမူ ယခုလုပ်ကြံသတ်ဖြတ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ဟု ဆိုခဲ့သည်။

“ဒါ လုံးဝမဖြစ်နိုင်ပါဘူး။ DKBA က KNU ကနေခွဲထွက်တာ ဆယ်နှစ်ကျော်ရှိနေပါပြီ။ ဖဒိုမန်းရှာ အလုပ်ကြံခံရတုန်းကတောင် ကျနော်တို့ DKBA ခေါင်းဆောင်တွေက ကျနော့်ကိုခေါ်ပြီး ဘယ်လိုများ ဖြစ်သွားတာလဲလို့ မေးပါသေးတယ်” ဟု စိုးမြင့်က ပြောသည်။

ဖဒိုမန်းရှာ အလုပ်ကြံမခံရမီ အစောပိုင်းကာလကပင် ၎င်းကိုဖုန်းဖြင့် ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်ဟု နီးစပ်သူတဦးက ပြောသည်။

“ကရင်တော်လှန်ရေးနေ့ကတောင် ဖဒိုမန်းရှာကို ဖုန်းဆက်ပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတယ်” ဟု ၎င်းက ပြောသည်။

ကြာသပတေးနေ့ လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် DKBA ဘက်မှ ထောက်လှမ်းရေး အယောက် ၂၀ ခန့်ကို မဲဆောက်သို့ စေလွှတ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းခိုင်းထားကြောင်း KNU သတင်းရပ်ကွက်မှ ကြားသိရသည်။ ၎င်းသတင်းရပ်ကွက် အနေနှင့် ဖဒိုမန်းရှာကို လုပ်ကြံရန် ရက်သတ္တပေါင်းများစွာ အချိန်ယူ ပြင်ဆင်ခဲ့သည်ဟု ယုံကြည်နေကြသည်။

KNU၊ DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့တို့ကြားရှိ လုပ်ကြံသတ်ဖြတ်မှုများမှာ ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ခွဲထွက်ပြီး နောက်ပိုင်းတွင် ပိုမို၍များပြားလာခဲ့သည်။

၂၀၀၇ ခုနှစ်သြဂုတ်လက မြန်မာနိုင်ငံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စစ်ဖက်ရေးရာလုံခြုံရေးမှူး ဒုဗိုလ်မှူးကြီး မင်းချစ်ဦး နှင့် လျှို့ဝှက်တွေ့ဆုံခဲ့အပြီးKNLA ၏ ဒုဗိုလ်မှူးကြီး ဗိုလ်ကြည်လင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုနှင့် ဗိုလ်ချုပ်ထိန်မောင်၏ သားမက်ဖြစ်သူ ဗိုလ်မှူးကြီးစောလယ်မူး ဇန်နဝါရီလအတွင်း လုပ်ကြံခံရမှုတို့နှင့် ပတ်သက်၍ ဖဒိုမန်းရှာနှင့် ဗိုလ်မှူးချုပ် ဂျော်နီတို့ကို စွပ်စွဲထားကြောင်း KNU သတင်းရပ်ကွက်မှ ကြားသိရသည်။

ပြည်ပအတိုက်အခံအဖွဲ့များကမူ ဖဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ လက်ချက် ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်းကလည်း စိုးမြင့်ခေါ် ဆန်ပြုတ်က ဗိုလ်မှူးချုပ်ဂျော်နီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ သေးကြောင်း KNU တပ်မဟာ (၇) က တရားဝင် ပြောကြားခဲ့သည်။

“အားလုံးခြုံကြည့်လိုက်ရင် မြန်မာစစ်အစိုးရကတော့ တော်တော်လေး ဝမ်းသာသွားမှာပဲ။ ကျနော်တို့ ကရင်အမျိုးသားတွေ ညီညွတ်မှဖြစ်တော့မယ်။ ခုလို အကွဲကွဲအပြားပြား ဖြစ်နေရင်တော့ ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ အောင်မြင် မှုနဲ့ ဝေးဝေးသွားမှာပဲ” ဟု ဗိုလ်မှူးချုပ်ဂျော်နီက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီ သတင်းဋ္ဌာမ မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form