နယူးဒေလီ။ ။ မြန်မာအစိုးရသည် ဒေလီမြို့တွင် ကျင်းပလျက်ရှိသော အကြီးဆုံး စစ်လက်နက်ပစ္စည်း ပြပွဲဖြစ်သည့် DEFEXPO 2008 သို့ လာရောက်ကာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများ တိုးချဲ့ရန်နှင့် အနာဂါတ် စစ်လက်နက် ၀ယ်ယူရေး ကန်ထရိုက် စာချုပ်များ ချုပ်ဆိုရန် လုပ်ဆောင်နေသည်။
သတင်းရပ်ကွက်များ အဆိုအရ အဆိုပါ မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် စစ်လက်နက်ပစ္စည်း နည်းပညာသစ်များနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် အစည်းအဝေးများသို့ တက်ရောက်နေပြီး အလားအလာရှိသော စစ်လက်နက်ပစ္စည်း ကုန်သွယ်ဘက်များနှင့် တွေ့ဆုံဆွေးနွေးခြင်း။ အနာဂတ် စစ်လက်နက်ပစ္စည်း ကန်ထရိုက် စာချုပ်များအတွက် ဆွေးနွေး ညှိနှိုင်းခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု သိရခြင်း ဖြစ်သည်။
အဆိုပါ DEFEXPO 2008 ကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၇၅ ခု လာရောက် ပြသလျက်ရှိပြီး အဆိုပါပြပွဲအား အဓိက ကမကထလုပ် စီစဉ်ကျင်းပသူ အိန္ဒိယ ကာကွယ်ရေး ပစ္စည်းပြပွဲ ကျင်းပရေးအဖွဲ့ (Indian Defence Exhibition Organization) က ပြောကြားသည်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ အရွယ်အစားကို အတည်မပြုနိုင်သော်လည်း ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာသူ ဖြစ်ပြီး သူနှင့်အတူ နောက်ထပ်တဦး ပါရှိသလို။ ထပ်မံလည်း ရောက်ရှိလာဦးမည်ဟု သူ၏ဌာနဆိုင်ရာ ရာထူးကို ထုတ်ဖော်ပြောကြားခြင်း မပြုလိုသူ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
“နောက်ထပ် ကျနော်တို့ မိတ်ဆွေတွေ ထပ်ရောက်လာအုံးမှာပါ၊ အခုတော့ ၂ ယောက်ပဲ ရောက်ပါသေးတယ်” ဟု သူက ပြီးခဲ့သည့် စနေနေ့က ပြောဆိုခဲ့သည်၊
စစ်လက်နက် ပစ္စည်းပြပွဲ၏ ပြည်သူ့ဆက်ဆံရေး အရာရှိကလည်း “ကျနော်တို့ဆီမှာ အခုလောလောဆယ် မှတ်ပုံတင်ထားတဲ့ တရားဝင် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင် ဦးရေက ၂ ယောက်ပါ၊ နောက်ထပ် တရားဝင် မဟုတ်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ထပ်ရောက်ဖို့ ရှိပါတယ်” ဟု ပြောသည်၊
လက်နက်ကုမ္ပဏီများနှင့် မြန်မာကိုယ်စားလှယ်တို့ မည်သည့် အကြောင်းကိစ္စများ ဆွေးနွေး ညှိနှိုင်းသည်ကို အသေးစိတ် မသိရသော်လည်း လက်နက် ကုန်သွယ်ဘက်များနှင့် ဆက်ဆံရေး တိုးချဲ့ရန်နှင့် အနာဂတ် စစ်လက်နက် ပစ္စည်းများ ရရှိရေးအတွက် ဆွေးနွေးလိမ့်မည်ဟု ယုံကြည်ရသည်၊
အိန္ဒိယအစိုးရက မြန်မာအစိုးရသို့ လျှို့ဝှက်ထောက်ပံ့ခဲ့သော စစ်လက်နက်ပစ္စည်းများ အကြောင်းကို ပြီးခဲ့သည့်နှစ်က အစီရင်ခံစာ ရေးသားဖွင့်ချခဲ့သော နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ထောက်ခံ အားပေးနေပါသည်ဟု ပြောဆိုနေသော အိန္ဒိယနိုင်ငံ အနေနှင့် ဤသို့ မြန်မာအစိုးရအတွက် လက်နက်ရရှိရေး အဆက်အသွယ်သစ်များ တိုးပွားရန် မကူညီသင့်ကြောင်း ဝေဖန်ပြောကြားသည်၊
“မြန်မာပြည်ကို စစ်လက်နက်ပစ္စည်းများ တင်ပို့ခြင်းနဲ့ စပ်လျဉ်းတဲ့ အဆက်အဆံအားလုံးကို အိန္ဒိယအစိုးရ အနေနဲ့ ရပ်ဆိုင်းသင့်ပါတယ်၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကိုလည်း အခုလို ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ကုန်စည်ပြပွဲကို မဖိတ်ကြားသင့်ပါဘူး” ဟု အိန္ဒိယနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ဒါရိုက်တာ မူကူးလ်ရှားမား Mukul Sharma က ပြောသည်၊
မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနေသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး ညူကလီးယား ဓာတ်ပေါင်းဖို တခုကိုလည်း ရောင်းချခဲ့သည့် မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံလည်းဖြစ်သော ရုရှားနိုင်ငံကလည်း မြန်မာနိုင်ငံနှင့် လက်နက်ကိစ္စ ဆက်သွယ်ညှိနှိုင်းမှုများ ရှိသည်ဆိုသည့် ကိစ္စကို ငြင်းဆိုပြောကြားခြင်း မပြုပါ၊
“ကျနော်တို့ကတော့ ကျနော်တို့ စစ်လက်နက်ပစ္စည်းတွေကို စိတ်ဝင်စားမှုရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ဆက်သွယ် လုပ်ကိုင်သွားမှာပဲ” ဟု Shmel ပြခန်း၏ အမှုဆောင် အရာရှိတဦးက ပြောသည်၊
အဆိုပါ အမှုဆောင် အရာရှိသည် မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် မည်သည့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေသည် ဆိုသည်ကိုမူ အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မပြုပါ၊
အဆိုပါ ကုမ္ပဏီသည် မီးလျံပစ်ဒုံး ထုတ်လုပ်သော ကုမ္ပဏီတခုဖြစ်ပြီး ပြပွဲသို့ လာရောက်သော ရုရှားကုမ္ပဏီ အများအပြားအနက် တခုဖြစ်သည်၊ ယင်းကုမ္ပဏီသည် ကာကွယ်ရေး ပစ္စည်းများ တင်ပို့ရောင်းချသည့် အစိုးရပိုင် Rosoboro Nexport State Corporation ၏ လက်အောက်ခံ ကုမ္ပဏီတခု ဖြစ်သည်၊
မည်သို့ပင်ဖြစ်စေ အခြား မြန်မာနိုင်ငံသို့ လက်နက်တင်ပို့နေသည့် အကြီးဆုံးနိုင်ငံ တနိုင်ငံလည်းဖြစ်သော တရုတ်နိုင်ငံသည် ၂ နှစ် တခါ ကျင်းပသည့် လက်နက်ပစ္စည်း ကုန်စည်ပြပွဲသို့ လာရောက်ပြသရန် ဖိတ်ကြားချက်ကို လက်မခံဘဲ ငြင်းဆန်ခဲ့သည်ဟု သိရသည်။
မုံပီး မဇ္ဈိမ သတင်းဋ္ဌာန မှ

Tags
သတင်း