စစ်အစိုးရနှင့် INGO အဖွဲ့အစည်းများကြား ဆက်ဆံရေး တင်းမာ

စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များအကြား ဆက်ဆံရေး အခြေအနေမှာ လက်ရှိအနေအထားအရ အဆင်ပြေချောမွေ့မှုမရှိကြောင်း ကြားသိရသည်။

ယင်းကဲ့သို့ လိပ်ခဲတည်းလည်းအနေအထား ဖြစ်နေရခြင်းမှာ မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော စစ်အစိုးရ နှင့် INGO အဖွဲ့များအစည်းအဝေးတွင် ၂၀၀၆ခုနှစ်ကထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ပတ်သက်၍ စစ်အစိုးရက ထပ်မံ သတိပေးပြောကြားခဲ့သောကြောင့်ဖြစ်သည်။

ဧရာဝတီသို့ရောက်ရှိလာသည့် ၎င်းအစည်းအဝေးမှတ်တမ်းအရ NGO များအနေနှင့် အစိုးရအသိအမှတ်ပြု ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)နှင့် အမျိုးသမီးရေးရာကဲ့သို့သော အဖွဲ့အ စည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှသာ ခရီးသွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် သုတေသနလုပ်ငန်းများကိုမူ ထပ်မံပြုလုပ်ခွင့်မပေးတော့ကြောင်း ပြင်းပြင်းထန်ထန်သတိပေးလိုက်သည်။

၎င်းအစည်းအဝေးကို ဇန်နဝါရီ၁၁ရက်နေ့က လူထုကျန်းမာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းရွှေဝင်း က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာပြည်အခြေစိုက် INGO အဖွဲ့၁၄ဖွဲ့တက်ရောက်ခဲ့သည်။

NGO ဝန်ထမ်းများအနေနှင့် ခရီးသွားလာမည်ဆိုပါက ကာကွယ်ရေးဦးစီးချုပ်-ကြည်း (ကက-ကြည်း)၏ ခွင့်ပြု မိန့်ရရှိမှသာ သွားလာရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိရန် လျှောက်လွှာကို အဆင့်ဆင့်တင်ပြရမည်ဖြစ်ကာ အကယ် ၍ ခွင့်ပြုမိန့်မရရှိပါက လုံးဝခရီးသွားလာခွင့်မရှိကြောင်း အစည်းအဝေးမှတ်တမ်းအရ သိရသည်။

NGO ဝန်ထမ်းများသည် ခရီးသွားလာမည်ဆိုလျင် နှစ်ပတ်ခန့်ကြိုတင်၍ သက်ဆိုင်ရာသို့အကြောင်းကြားရ မည်ဖြစ်ပြီး ခရီးစဉ်ဖျက်သိမ်းပါက အဘယ်ကြောင့် ခရီးစဉ်ဖျက်သိမ်းကြောင်းကို အစီအရင်ခံရမည်ဖြစ်သည်။ ခရီးသွားလာမည့် NGOဝန်ထမ်းများအနေနှင့် တိကျသော ခရီးစဉ်နှင့် သွားရသည့်အကြောင်းရင်းတို့ကို အစီ အစဉ်တကျ ဖော်ပြရမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံရပ်ခြားမှ လာရောက်သင်ကြားသော ရက်တို သင်တန်းများအတွက် ခရီးသွားလာခွင့်လုံးဝ ပေးတော့မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

အစည်းအဝေးမှတ်တမ်းအရ မြန်မာပြည်တွင် အခြေစိုက်မည့် NGOစီမံကိန်းများအနေနှင့် ယခင်ငါးနှစ် စီမံကိန်းကာလ မှ ၁နှစ်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်ပြီး ၎င်းတို့၏စီမံကိန်းများကို သက်တမ်းတိုးရန်လို အပ်လာပါက ၃လမှ၆လ အထိ ကြိုတင်၍ သက်ဆိုင်ရာ၏ ထောက်ခံချက်များရယူကာ စာတင်ရမည် ဖြစ်ကြောင်း သိရသည်။

NGO များတွင်တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား ဝန်ထမ်းအားလုံးအနေနှင့် မြန်မာပြည်တွင် နေထိုင်မည့် ကာလနှင့် အဘယ်ကြောင့် လာရောက်ရခြင်းဖြစ်ကြောင်းကို ဗီဇာလျှောက်သည့် အချိန်တွင် အသေး စိတ် တင်ပြရမည်ဖြစ်သည်။

အစည်းအဝေးပြီးဆုံးချိန်တွင် NGO အဖွဲ့အစည်းများအနေနှင့် စစ်အစိုးရသတ်မှတ်သော အခြေခံစည်းမျဉ်း လေးရပ်ကို နာကြားလိုက်ရသည်ဟုဆိုသည်။ ၎င်းတို့မှာ “နိုင်ငံရေးနှင့် မပတ်သက်ရ၊ ဘာသာရေးနှင့် မပတ်သက်ရ၊ အမြတ်အစွန်း အတွက် မလုပ်ရ၊ အစိုးရအဖွဲ့အစည်းများနှင့် မသက်ဆိုင်သောအဖွဲ့များ ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။

ဧရာဝတီ သတင်းဋ္ဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form