ဦးတေဇ တောင်ကိုရီးယားမှ သင်္ဘောဝယ်

အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်းသွင်းထားသည့် ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇသည် လွန်ခဲ့သည့်အပတ်က တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သော ဘူဆန်မြို့သို့ သွားရောက်ခဲ့ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝန်းက ပြောသည်။

ထူး ကုမ္ပဏီ၏ ဝန်ထမ်းတဦးကလည်း လွန်ခဲ့သည်အပတ်က ဦးတေဇသည် ၎င်း၏ကိုယ်ရံတော်နှင့်အတူ ကိုရီးယားသို့ သွားကာ ယခုအခါ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်ဟု ပြောသည်။

ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက “ဦးတေဇ ကိုရီးယားကနေ ကုန်တင်သင်္ဘောတွေ ဝယ်တယ်။ သင်္ဘောလိုင်း ထောင်ဖို့ စီစဉ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်နီးစပ်သည့် ဦးတေဇအား ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လက်ရှိမြန်မာနိုင်ငံ၏ အကြွယ် ၀ဆုံးစီးပွားရေးသမားဟု သုံးသပ်ကြပြီး စစ်အစိုးရက ရုရှားနိုင်ငံလုပ် တိုက်လေယာဉ်များဝယ်ယူရာတွင် ပွဲစားလုပ်ပေးခဲ့ရာမှ ၎င်းအား လူသိများလာခဲ့သည်။

ဦးတေဇသည် လွန်ခဲ့သည့်နှစ်ကတည်းက မြန်မာနိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကပိုင် ပင်လယ်ကူးသင်္ဘောလိုင်း ထူထောင်ရန် စီစဉ်ခဲ့ပြီး တန်ချိန်လေးထောင်ရှိ ကုန်တင်သင်္ဘောတစင်းနှင့် ဆီတင်သင်္ဘောတစင်းကို စင်ကာပူနိုင်ငံမှ ကျပ်ငွေသန်းပေါင်း တသိန်းဖြင့် ဝယ်ယူခဲ့သေးသည်။ ၎င်းကျပ်ငွေ သန်းတသိန်းကို စစ်အစိုးရက ထုတ်ချေးထားကြောင်းလည်း သိရသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတကာငွေကြေးထိန်းချုပ်ရေးဗျူရို (OFAC) က ဦးတေဇအပါအဝင် မြန်မာ့ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို တဦးချင်းစီစိစစ်၍ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူတော့ မည်ဟု ယခုလ လဆန်းပိုင်းက ကြေညာထားသည်။

ဦးတေဇ၏ ထူး ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သစ်နှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို လုပ်ကိုင် နေသည့်အပြင် လမ်းတံတားဆောက်လုပ်ရေးသုံး အကြီးစားစက်ပစ္စည်းများကိုလည်း ငှားရမ်းသည်။

ဦးတေဇသည် ၂၀၀၄ ခုနှစ်တွင် အဲပုဂံလေကြောင်းလိုင်းကို တည်ထောင်၍ ပြည်တွင်းခရီးစဉ်များ စတင်ပြေးဆွဲခဲ့ပြီး ယခုနှစ် မေလမှစ၍ နိုင်ငံခြားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲခဲ့သည်။

မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောလိုင်းအနေဖြင့် နိုင်ငံတော်ပိုင်ဖြစ်သည့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတခုသာ ရှိခဲ့ပြီး နိုင်ငံခြားနှင့် ကမ်းရိုးတန်းတလျှောက် ပြေးဆွဲသည့်သင်္ဘော ဆယ်စီးကျော်ရှိသည်။

ကိုသက် ဧရာဝတီ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form