စစ်အစိုးရလမ်းပြမြေပုံထုတ်ပြန်ချက်အပေါ် CRPP ဝေဖန်

ပြီးခဲ့သည့်အပတ်က စစ်အစိုးရထုတ်ပြန်ခဲ့သည့် လမ်းပြမြေပုံအဆင့်များအပေါ် ပြည်သူ့
လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှ တိုင်းပြည် နစ်သထက်နစ်အောင်လုပ်ရပ်
ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

CRPP အတွင်းရေးမှူး ဦးအေးသာအောင်က လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ဆန္ဒ
ခံယူပွဲနှင့် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည်ဖြစ်သော အထွေထွေရွေးကောက်ပွဲသည် လက်ရှိ ရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပိုမိုရှုပ်ထွေးသွားစေ
မည်ဟု ပြောသည်။

၎င်းက “တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အကောင် ထည်မဖော်ပေးဘဲ၊ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာတွေကို တိုင်းရင်းသားခေါင်း ဆောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မလုပ်ဘဲ နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတာဟာ တိုင်းပြည်နစ်သထက်နစ်အောင်လုပ်တာပဲ၊ နအဖအနေနဲ့ သမိုင်းတရားခံ ဖြစ်အောင်လုပ်နေတာဖြစ်တယ်” ဟု ပြောသည်။

သံဃာတော်များဦးဆောင်သည့် လူထုလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းပြီးနောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်ရေးအတွက် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ကြားဝင်ဆောင်ရွက်နေ
ဆဲမှာပင် နအဖ၏ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ် (၃) ဦး ရွေးချယ်ခြင်းခံခဲ့ရသည် ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD) ခေါင်းဆောင် ဦးခွန်ထူးကလည်း ဆန္ဒထုတ်ဖော်ခွင့်ရသည့် ပြည်သူလူထုအနေဖြင့် ဆန့်ကျင်မဲပေးကြရန် တိုက်တွန်းလှုံ့ဆော်သွားမည်ဟု ပြောသည်။

“ဒါကတော့ ပြည်သူလူထုအတွက် မဟာအခွင့်အရေးပဲဗျ၊ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောခွင့်ရတဲ့ အခွင့်အရေးပါ။ ကျနော်တို့ KNCD အနေနဲ့လည်း Black campaign နဲ့ No
campaign လုပ်နေပါတယ်ခင်ဗျ။ ကျနော်တို့ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူးဆိုတာ တကယ်ကို ပြသဖို့ အခွင့်အရေးပါပဲ။ ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ ကချင်လူထုအတွက် ကျနော်တို့ အခုကတည်းက လုပ်နေပါတယ်” ဟု ပြောသည်။

၎င်းက “သူတို့ကတော့ စကားရှိတယ်။ ဗိုလ်မှူးချုပ်ကျော်ဆန်း ပြောထားတာရှိတယ်၊ စကားကျွံ သွားတာပေါ့ဗျာ။ ဖွဲ့စည်းပုံရေးဆွဲရေးအဆင့်တွေမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အတည်ပြု မယ့်အချိန်ကျရင်တော့ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်လို့ အဲဒီပြန်ကြားရေး
ဝန်ကြီး ပြောထားတာရှိတယ်။ ကျနော်တို့က အဲဒါကို ပြန်နင်းရမှာပဲလေ” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ပါဝင်တက်ရောက်ခဲ့သည့် (၁၄) နှစ် ကြာ စတင်ကျင်းပခဲ့သည့် အမျိုးသားညီလာခံမှ အတည်ပြုပေးခဲ့သော မူများအပေါ် အခြေခံ၍ ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူရန် လုပ်ဆောင်ခြင်း
ဖြစ်သည်။

ကျော်ထင် ခေတ်ပြိုင် သတင်းဋ္ဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form