ပြည်သူ့ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကျမည်မဟုတ်ဟု

တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အဓမ္မအတည်ပြုရန် ကြိုးစား
မည့် ပြည်သူ့ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကျမည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား
များက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုထွန်းမြင့်အောင်က “လက်ရှိ နအဖ
က ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ ပြည်သူကရွေးချယ်ထားတဲ့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တွေ ပါဝင်မှုမရှိတဲ့အပြင် နအဖစိတ်တိုင်းကျ ရွေးချယ်ထားတဲ့ကိုယ်စား လှယ်တွေနဲ့ နအဖက ဖိအားပေးအကျပ်ကိုင်ထားတဲ့ တိုင်းရင်းသားအုပ်စုတွေ တင်ပြတဲ့ ပြည်ထောင်စုဆိုင်ရာ ဥပဒေကိုတောင်၊ တိုင်းရင်းသား အခွင့်အရေးတွေကိုတောင် နအဖက ဒီအထဲမှာ အသိအမှတ်ပြု ထည့်သွင်းရေးဆွဲထားတာမဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသားညီ လာခံကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်ကတည်းက ဒီမိုကရေစီလည်း မကျပါဘူး၊ တရားနည်းလမ်းလည်း မကျပါဘူး။ ဒီလိုဥပဒေကို အတည်ပြုမယ်ဆိုတဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဆိုတာဟာလည်း ဒီမိုကရေစီကျမှာမဟုတ်ပါဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက ၎င်းတို့ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ခေါ်ယူသွားမည်ဖြစ်ပြီး ဆန္ဒခံယူပွဲပြုလုပ်ပြီးသည့်နောက် ၂၀၁၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ဆက်လက်ကျင်းပသွားမည်ဟု ပြီးခဲ့သည့်စနေနေ့ညတွင် ကြေညာ ခဲ့သည်။

ယခုနအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ရေးဆွဲသည့် ပုံသဏ္ဌာန်ရော၊ ဥပဒေပါ အကြောင်းအရာများပါ လူထုအကျိုးထက် စစ်ဗိုလ်ချုပ်များ၏အကျိုးကို ဖော်ဆောင် ထားသည်ကများကြောင်း ကိုထွန်းမြင့်အောင်က ပြောသည်။

“ဒါကြောင့် ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို အာမခံနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးအတွက် လူထုဟာ ညီညီညွတ်ညွတ် ရဲရဲဝံ့ဝံ့နဲ့ လှုပ်ရှားကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကမ္ဘာ့ကြီးကြပ်မှုတွေမပါဘဲ တိကျတဲ့ အချိန်ဇယားတွေ၊ တိကျတဲ့အဆင့်တွေမပါဘဲနဲ့ ဆန္ဒခံယူပွဲလုပ်မယ့်အပေါ် ကျနော်တို့ လုံးဝကို အယုံအကြည် မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီအင်အားစုများအနေဖြင့် ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား လမ်းညွှန်ချက်များ၊ ဆုံးဖြတ် ချက်များချပြီး ပြည်သူလူထုအပေါ် ထင်သာမြင်သာသည့် ဦးဆောင်မှုများ ပေးသွားရန် လိုအပ် သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ဆန္ဒခံယူပွဲကို နိုင်ငံတကာကြီးကြပ်မှုအောက်တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လွတ် လွတ်လပ်လပ် လုပ်ကိုင်နိုင်ပါက ပြည်သူလူထုအနေဖြင့် သူတို့၏သဘောထားကို မည်သို့ ထုတ်ဖော်မည်ဆိုသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မည်ဖြစ်သည်ဟုလည်း ကိုထွန်းမြင့် အောင်က ပြောသည်။

“အခုလည်း နအဖဟာ ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေ၊ အကျပ်ကိုင်မှုတွေ ရှိနေပေမယ့် သံဃာတော်တွေကို မကြာသေးမီကမှ ပူပူနွေးနွေးသတ်ထားတဲ့ စစ်အစိုးရကို ကျနော်တို့ပြည်သူလူထုဟာ မိမိတို့အနာဂတ်အတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသနိုင်မှာပါ” ဟု
၎င်းက ပြောသည်။

အန်အယ်လ်ဒီဗဟို ဥပဒေအထောက်အကူပြုအဖွဲ့ဝင်တဦးဖြစ်သည့် ဦးအောင်သိန်းကလည်း နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆိုသည်မှာ မည်သူမှမသိရှိရသေးဘဲ ထွက်မလာသေး သည့် မူကြမ်းအပေါ် ထောက်ခံပွဲအရင်လုပ်မည်ဆိုသည့်ကိစ္စသည် မဖြစ်သင့်ကြောင်း ပြောဆို သည်။

၎င်းက “အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုတောင် ပြည်သူလူထုက မသိသေးဘဲနဲ့ ထောက်ခံပွဲလုပ်ပြီးတော့ ၂၀၁၀ ခုမှာပါ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတော့ ၁၉၉၀ ခုရွေး ကောက်ပွဲကို သိက္ခာရှိရှိနဲ့ ဘယ်လိုဆောင်ရွက်မလည်းဆိုတာ ကြည့်ရမှာပေါ့” ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့် အခြေခံဥပဒေမူကြမ်းကို လွတ်လပ်စွာပြောဆိုဝေဖန်နိုင်ခွင့် ရှိရမည် ဖြစ်ကြောင်း၊ သို့သော် ဆွေးနွေးပြောဆိုဝေဖန်ခွင့်ကို အမိန့်ကြေညာချက် ၅/၉၆ ဖြင့် စစ်
အစိုးရက တားမြစ်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ထောင်ဒဏ် အနှစ် (၂၀) လောက်တောင် အရေးယူခံနိုင်ရဖွယ် ရှိတယ်လို့ဆိုထားတယ်။ ဒီဖွဲ့ စည်းပုံကြီးကို မတို့ရဲမထိရဲတဲ့ အနေအထားမျိုးဖြစ်နေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပြည်သူ လူထုရဲ့ဆန္ဒအမှန်ဆိုတာ ဘယ်လိုဖြစ်ပေါ်စေနိုင်မလဲ၊ ဒါကအဓိကကျတဲ့ကိစ္စရပ်ပါ” ဟု ဦးအောင်သိန်းက ပြောသည်။

အန်အယ်လ်ဒီပါတီ ပြန်ကြားရေးမှ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုထားသည့် အခြေခံမူများသည် ဒီမိုကရေစီနည်းမကျကြောင်း၊ စစ်အစိုးရက ယခုကဲ့သို့ အခြေခံဥပဒေအသစ်ကို အတည်ပြုရန် ဆန္ဒခံယူပွဲ လုပ်မည်ဆိုခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်အောင်ကြိုးစားသော ဆောင်ရွက်ချက်အဖြစ် မြင်ကြောင်း သတင်းဌာနများကို ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ ၎င်းတို့၏ အဆင့်
(၇) ဆင့်ပါ လမ်းပြမြေပုံအရ ဒီမိုကရေစီကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့ပြီး အဆင့် (၃) ဖြစ်သည့် အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ညီလာခံကို မကြာသေးခင်က ပြီးဆုံးခဲ့ခြင်း
ဖြစ်သည်။

တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများကမူ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
ရေးကို တောင်းဆိုနေသည်။

ခေတ်ပြိုင် သတင်းဋ္ဌာန မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form