ပြည်ပပို့ခွင့်ရ၍ မြန်မာဆန်ကြမ်း ဈေးတက်

စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများကို လူအများစားသုံးသည့်ဆန်ကြမ်းများ ပြည်ပတင်ပို့ခွင့်ပြုသောကြောင့် ယခုလအတွင်း ယင်းဆန်ဈေးများ မြင့်တက်လာကြောင်း သိရသည်။

ယင်းသို့ ပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ကာ ဆန်ဈေးများ သိသာစွာတက်လာပြီး ဆန်ကြမ်းများ ယခုထက် ဈေးပိုတက်ဦးမည့်အလားအလာရှိကြောင်း ဆန်ကုန်သည်ကြီးများက ပြောသည်။

“ဆန်ကြမ်းတွေဈေးတက်တာကတော့ အိတ်စ်ပို့ဆွဲနေတာက အဓိကပဲ၊ ဆန်ချောတွေ ဈေးနည်းနည်းတက်လာ တာကတော့ ဆန်တွေကို ပိုက်ဆံရှိတဲ့သူတွေက ၀ယ်လှောင်လာကြလို့တက်လာတာ” ဟု ရန်ကုန်မြို့ ကုန်စည် ဒိုင်မှ ဆန်ကုန်သည်ကြီး တဦးက ပြောဆိုသည်။

အခြေခံလူတန်းစား အများဆုံးစားသုံးလျှက်ရှိသော ဧည့်မထ ဆန်ကြမ်းများကို ပြည်ပသို့ တင်ပို့လျှက် ရှိသော ကြောင့် ဆန်ကြမ်းများ ဈေးတက်လာရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ဆန်စပါးအထွက်များသော ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ထွက်ရှိသော ဆန်များကို ပြည်ပသို့တင်ပို့ခွင့်ရနေသော ကုမ္ပဏီများက အလု အယက် ၀ယ်ယူစုဆောင်း ကြပြီး တင်ပို့လျှက်ရှိသောကြောင့် ဆန်ကြမ်းများမှာ ပြည်တွင်းစား သုံးသူ ဈေးကွက်သို့ အ၀င်နည်းလာကာ ဈေးကွက်တွင် ဆန်ကြမ်းဈေးမာလျှက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆန်ချောများကိုလည်း ငွေပင်ငွေရင်းတတ်နိုင်သူများက ၀ယ်ယူစုဆောင်းသိုလှောင်လျှက်ရှိသောကြောင့် ဆန်ချော ဈေးလည်း တက်လာရခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံ ဆန်ကုန်သည်ကြီးများက ပြောသည်။

“နိုင်ငံခြားတင်ပို့တဲ့ဈေးကတော့ အဲဒီဧည့်မထကိုပဲ မက်ထရစ်တတန်ကို ဒေါ်လာ ၃၀၀ ၀န်းကျင်လောက် ရတယ် ဆိုတော့ ကုမ္ပဏီတွေလည်း ဆန်ရဖို့အသန်းအသည်ဖြစ်ကုန်ကြတယ်” ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီ တခုမှ ၀န်ထမ်း တဦးက ဆိုသည်။

ပြည်ပသို့ တင်ပို့လျှက်ရှိသော ဆန်အမျိုးအစားမှာ ဧည့်မထ အီး-၂၅ ဟု သိရသည်။ လက်ရှိပြည်တွင်း ဈေးကွက် တွင် ၅၀ ကီလိုဝင် တအိတ်လျှင် ကျပ် ၁၈၀၀၀ ဈေးပေါက်လျက်ရှိပြီး အခြေခံ လူတန်းစားများ ၀ယ်ယူ စားသုံး လျှက်ရှိသော လက်လီ ဈေးကွက်တွင် တပြည်လျှင် ကျပ် ၈၅၀ မှ ကျပ် ၉၀၀ နှုန်း ဖြင့် ၀ယ်ယူ စားသုံးနေရ သည် ဟု သိရသည်။

“ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့တုန်းက လမ်းထိပ်က ဆန်ဆိုင်မှာ ဧည့်မထဆန်သွားဝယ်တော့ ၁ ပြည်ကို ၇၈၀ ကျပ်နဲ့ ရသေး တယ်၊ တနေ့က သွားဝယ်တော့ ၁ ပြည်ကို ၉၀၀ ဖြစ်သွားပြီ၊ ၃ ရက် ၄ ရက်အတွင်းကို တက်သွားလိုက် တာ၊ နောက်ဆို တပြည် ၁ ထောင်ကျော် ဖြစ်တော့မလားဆိုပြီး စိတ်ပူနေရတယ်” ဟု ရန်ကုန် လှိုင်သာယာ မြို့နယ် မှ မခင်ဝင်းက ဆိုသည်။

လက်ရှိ ဇီယာ နှင့်ဧည့်မထ ဆန်များကို အိမ်နီးနားချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်ကြမ်းတန်ချိန် များစွာ တင်ပို့နေပြီး ဆက်လက်တင်ပို့ရန်လည်း အမှာများရောက်ရှိထားသည့်အတွက် ဆန်တင်ပို့သည့် ကုမ္ပဏီ များ တွက်ခြေကိုက် လျှက်ရှိ ကြောင်း သိရသည်။

“အဓိက တင်ပို့နေတာကတော့ ဘင်္ဂလားဒေ့ရှ်ပဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေကြအိန္ဒိယက ဆန်ဈေးမြှင့် လိုက်တဲ့ အတွက် ကျနော်တို့အနေနဲ့ အခွင့်အရေးရသွားတယ်” ဟု ပြည်ပသို့ ဆန်တင်ပို့ နေသော ကုမ္ပဏီ ၀န်ထမ်းက ဆိုသည်။

လွန်ခဲ့သော ဇန်န၀ါရီလတွင် အဆိုပါ နိုင်ငံခြားတင်ပို့နေရသော ဧည့်မထမှာ ပြည်တွင်းဈေးကွက်တွင် တအိတ် လျှင် ကျပ် ၁၅၀၀၀ ဈေးပေါက်ခဲ့ပြီး ယခုအခါ တအိတ်လျှင် ကျပ် ၁၈၀၀၀ ပေါက်ဈေးရှိနေသည်။

လက်ရှိ ဘုရင့်နောင်ဈေးကွက်တွင် ဆန်ကြမ်းတအိတ် ငွေကျပ် ၁၈၀၀၀ မှ ၁၉၀၀၀ အကြားရှိကြောင်း၊ ဆန်ချော တအိတ် လျှင် ငွေကျပ် ၂၂၀၀၀ မှ ကျပ် ၃၀၀၀၀ အကြားရှိကြောင်း သိရပြီး စပါးဈေးမှာလည်း ဆန်ကြမ်း တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ဈေးပေါက်နေပြီး ဆန်ချောမှာလည်း တင်း ၁၀၀လျှင် ကျပ် ၆ သိန်း ကျော် ဈေး ပေါက် လျှက်ရှိကြောင်း ကုန်စည်ဒိုင်မှ တဆင့် သိရသည်။

ဇန်န၀ါရီလဆန်းပိုင်းက ဆန်ကြမ်းစပါး တင်း ၁၀၀ လျှင် ကျပ် ၃သိန်း ၆ သောင်းဈေးပေါက်ခဲ့ပြီး ဆန်ချော စပါး မှာလည်း ကျပ် ၅ သိန်း ၈ သောင်းဈေး ပေါက်ခဲ့သည်ဟု ဆိုသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင်ကြီး တဦးက “ဆန်ကြမ်းစပါးဈေးရော ဆန်ချော စပါးဈေးပါ တက်ဦးမှာပဲ၊ ဆန်ချောဆိုရင် ၇ သိန်းကျော်ထိ ရောက်နိုင်သလို၊ ဆန်ကြမ်းစပါးဈေးကလည်း ၅ သိန်း ၀န်းကျင်ထိ ရောက်သွားနိုင်တယ်” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ဧကမှာ ၁၇. ၀၄ သန်းရှိသည့်အနက် လွန်ခဲ့သော နွေစပါးနှင့် မိုးစပါးစုစုပေါင်း ၂၀. ၀၇ သန်း စိုက်ပျိုးခဲ့ပြီး တဧက ပျမ်းမျှထွက်နှုန်း ၇၄. ၂၈ တင်းနှုန်း ထွက်ရှိကာ စုစုပေါင်း စပါးတင်း သန်းပေါင်း ၁၄၉၀ ခန့် ထွက်ရှိ သည်ဟု စစ်အစိုးရ စာရင်းများအရ ထုတ်ပြန်ထားသော်လည်း စပါးစိုက်တောင်သူများကမူ တဧကလျှင် ပျမ်းမျှထွက်နှုန်း တင်း ၄၀ မှ ၅၀ ၀န်းကျင်သာ ထွက်ရှိသည်ဟု ဆိုကြသည်။

“မိုးဖျက်လို့ပျက်တာနဲ့ အများဆုံးထွက်တယ်ဆိုရင်တောင်မှ တဧကကို တင်း ၅၀ ထွက်တယ်ဆိုတာ အလွန်ဆုံးပဲ၊ အစိုးရ စာရင်းနဲ့က လက်တွေ့မှာ ကွာတာတွေရှိတယ်၊ ဒါကလည်း နှစ်တိုင်း ကွာနေတာပဲ”ဟု အထက်ပါ ဆန်စက် လုပ်ငန်းရှင်က ဆိုသည်။

ယခုနှစ်အတွင်း ဆန်တန်ချိန်စုစုပေါင်း ၄ သိန်း ပြည်ပသို့ တင်ပို့ရောင်းချရန်ရည်မှန်းထားပြီး တတန်လျှင် အမေရိကန် ဒေါ်လာ ၂၈၅ ဒေါ်လာရရှိသည်ဖြစ်ရာ ဆန်စပါးတင်ပို့မှု စုစုပေါင်း ဒေါ်လာ သန်း ၁၂၀ ခန့်ရရှိရန် ရည်မှန်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ ၁၅ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့ခွင့်ပါမစ်ရထားသော ကုမ္ပဏီပေါင်း ၂၂ ခုရှိပြီး ဆန်တင်ပို့မှုကို တလထက် တလ အရှိန် အဟုန်မြှင့်ကာ အလုအယက်တင်ပို့နေကြသည်ဟုလည်း ဆန်တင်ပို့ခွင့်ရနေသူတဦးထံမှ သိရသည်။

ကြည်ဝေ ဧရာဝတီသတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form