မြန်မာစစ်အစိုးရ၏ တာဝန်ရှိပုဂ္ဂိုလ်များကို အာရှအကြီးဆုံး လက်နက်ပြပွဲနှင့်ရောင်းပွဲ ဒီဖက်စ်ပိုသို့ စေလွှတ်မည်ဟု သတင်း ရရှိသည်။
၎င်းလက်နက်ရောင်းပွဲနှင့်ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်နေ့ထိ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပမည်ဖြစ်သည်။
နအဖစစ်အစိုးရအနေနှင့် ဒီဖက်စ်ပို လက်နက်အရောင်းပြပွဲသို့ ၎င်း၏ ကိုယ်စားလှယ်များကို စေလွှတ်ခြင်းအားဖြင့် လက်နက် အရောင်းအဝယ်ကိစ္စများ ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည့်ပြင် လက်နက်သစ်များနှင့် ပတ်သက်သည့် နည်းပညာ ဟောပြောပွဲများတွင်ပါ ပါဝင်တက်ရောက်နိုင်မည်ဖြစ်သည်။
ဒီဖက်စ်ပို အပြည်ပြည်ဆိုင်ရာ လက်နက်ပြပွဲကို စီစဉ်ကျင်းပသည့် အိန္ဒိယကာကွယ်ရေးဆိုင်ရာပစ္စည်းပြပွဲ ကျင်းပရေး ကော်မတီက ၎င်းပြပွဲသို့ မြန်မာအပါအဝင် အာဆီယံနိုင်ငံများ လာရောက်ကြည့်ရှုမည်ဟု ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံမှ မည်သူလာမည်ဆိုသည်ကို အတိအကျပြောဆိုရန် ငြင်းဆန်ခဲ့သည်။
၎င်းဒီဖက်စ်ပို လက်နက်ပြပွဲနှင့် ရောင်းပွဲသို့ အမေရိကန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ တောင်အာဖရိကနိုင်ငံများနှင့် ဥရောပ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ ဆွီဒင်၊ နော်ဝေးနှင့်အီတလီ စသည့်နိုင်ငံကြီးများ တက်ရောက်မည် ဖြစ်ပြီး ၎င်းနိုင်ငံကြီးများက လက်နက်များကို မြန်မာ၊ ရုရှားနှင့် ယူကရိန်းစသည့် နိုင်ငံများသို့ ပုံမှန်ရောင်းချလျက်ရှိသည်။
ယခု အပြည်ပြည်ဆိုင်ရာ လက်နက်ပြပွဲတွင် အိန္ဒယနိုင်ငံ၏ လက်နက်ရောင်းဝယ်ရေးကုမ္ပဏီကြီးက အလုံးအရင်းနှင့် ပါဝင် ပတ်သက်နေသော်လည်း တရုတ်နိုင်ငံကမူ ၎င်းကစ္စတွင် လက်ရှောင်နေခဲ့သည်။
ဥရောပနိုင်ငံများအနေနှင့် ဒီဖက်စ်ပိုလက်နက်အရောင်းပြပွဲမှတဆင့် မြန်မာနိုင်ငံသို့ လက်နက်များရောင်းချမှုကို လျစ်လျူရှု မရှု ဆိုသည့်ကိစ္စရပ်မှာ အငြင်းပွားစရာ အချက်တချက် ဖြစ်နေသည်။
လက်နက်ပြပွဲသို့ ဥရောပအဖွဲ့ဝင်နိုင်ငံများ တက်သင့်မတက်သင့်နှင့် ပတ်သက်၍ ဥရောပပြင်ပဆက်သွယ် ရေးတာဝန်ခံ ခရစ္စတင်း ဟိုးမင်းက“ကျနော်အမှတ်မမှားဘူးဆိုရင် အိန္ဒိယက ဥရောပနိုင်ငံအဖွဲ့ထဲမှာ မပါဘူးလေ။ အဲဒီတော့ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အဲဒီပြပွဲကိုသွားတက် မတက်ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ပဲ။ ဥရောပအဖွဲ့ရဲ့စည်းမျဉ်းထဲမှာ အဲဒီလို မသွားရဘူးဆိုတာ မပါပါဘူး” ဟုပြောသည်။
ဥရောပအဖွဲ့ဝင် နိုင်ငံများကောင်စီသည် ၂၀၀၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံကိုဆန့်ကျင်ရန်နှင့် ကူညီမှုများကန့်သတ်ရန် စည်းမျဉ်းအသစ်ချမှတ်ခဲ့သည်။ ၎င်းစည်းမျဉ်းတွင် ဥရောပနိုင်ငံများက မြန်မာနိုင်ငံသို့ စစ်လက်နက် နှင့်သက်ဆိုင်သည့် နည်းပညာကူညီမှု၊ ထုတ်လုပ်ရေးအတွက်ကူညီမှု၊ ပြုပြင်ရေးအတွက်ကူညီမှု စသည့် ကူညီမှုများ မပေးရ။ ထို့ပြင် စစ်တပ်နှင့် သက်ဆိုင်သည့် ယာဉ်၊ လက်နက်ကြီးများ လက်နက်အပိုပစ္စည်းများ စသည်တို့ကိုလည်း တိုက်ရိုက်အားဖြင့်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရောင်းချခြင်းမပြုရဟုပါရှိသည်။
အေးချမ်းမြေ့ ဧရာဝတီ သတင်းဋ္ဌာန

Tags
သတင်း