မီးကြောင့် မန်းမြန်မာဈေး ဆိုင်ခန်း ငှားခများ ခုန်တက်

ချင်းမိုင်။ ။ မန္တလေး ရတနာပုံဈေး မီးလောင်သွားသည့်နောက် ဆိုင်ခန်းအလွတ်များ အပူတပြင်း ရှာဖွေသူများကြောင့် မန်းမြန်မာ ပလာဇာဈေးရှိ ဆိုင်ခန်းအလွတ် ငှားရမ်းခ ဈေးနှုန်းများသည် ယခင်ကထက် ၅ ဆအထိ ခုန်တက်သွားသည်။

မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ရတနာပုံ ဈေးကြီးသည် ယခုလ ၂၅ ရက်နေ့က မီးလောင်သွားပြီးနောက် ၈၄ လမ်းမကြီးရှိ မန်းမြန်မာ ပလာဇာဈေးမှ ဆိုင်ခန်းအလွတ် ငှားရမ်းခမှာ ယခင်က ကျပ်ငွေ တသိန်းရှိရာမှာ ယခုအခါ ကျပ် ၅ သိန်းအထိ တက်သွားခြင်း ဖြစ်သည်။

“အဲဒီမှာပဲ လူတွေက ပြေးပြီး စုကြတာပေါ့နော်။ ဈေးသည်ဆိုတာက ဆိုင်ခန်းရှိမှ ဈေးရောင်းရမှာ ဆိုတော့ အဲဒီက မရောင်းရတဲ့ ဆိုင်ခန်းတွေ အကုန်လုံးနီးပါး ပြန်ငှား လိုက်ရတာပေါ့။ ဈေးတွေလည်း တက်သွားတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ရတနာပုံဈေး မီးလောင်တော့ အဲဒီက ဈေးသည်တွေ အများကြီးပဲ မန်းမြန်မာကို ပြေးကြပြီလေ။ မီးတောင် မငြိမ်းသေးဘူး။ ဆိုင်ခန်းယူဖို့ သွားကြတယ်” ဟု ပြောသည်။

ပုဂ္ဂလိကပိုင် မန်းမြန်မာ ပလာဇာဈေးကြီးသည် အထပ်ပေါင်း ၆ ထပ်ရှိပြီး အပေါ် ၄ ထပ်သည် လူနေခန်းများ ဖြစ်ကာ အောက်ဆုံး ၂ ထပ်၌ အကျယ်အဝန်း ၈ ပေ ပတ်လည်ရှိသည့် ဈေးဆိုင်ခန်းပေါင်း ၁ ထောင်ခန့် ရှိသည်။ ယခုအခါ ရက်ပိုင်းလေးအတွင်း လက်ကျန် ဆိုင်ခန်းအများစု ငှားကုန်လုပြီဟု ဈေးအနီး နေထိုင်သူတဦးက ပြောသည်။

သူက ဆိုင်ခန်းတခန်းလျှင် ကျပ်သိန်း ၃ဝဝ ရှိခဲ့ရာမှ ယခုအခါ သိန်း ၅ဝဝ အထိ တက်သွားကြောင်း ဆက်လက် ပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မန်းမြန်မာကို လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်တည်ဆောက်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်အတွင်း စတင် ဖွင့်လှစ်ခဲ့သော်လည်း အချို့ နေရာများမှာ ဆောက်လက်စ ရှိသေးသည်။

ယခုလ ၂၅ ရက်နေ့က မန္တလေးတွင် ဈေးချိုဈေးကြီး ပြီးလျှင် ဒုတိယအကြီးဆုံး ဈေးဖြစ်သည့် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိသော ရတနာပုံဈေးတွင် လျှပ်စစ်ဝါယာ ရှော့ဖြစ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ မြေညီထပ်ရှိ ဆိုင်ခန်းပေါင်း ၁၂၉၃ ခန်း မီးထဲပါသွားကြောင်း နအဖ စစ်အစိုးရ သတင်းစာများက ဆိုသည်။

ရတနာပုံဈေးရှိ အချို့ အခန်းများကို အပြတ်ရောင်းချသည့်အခါ ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ အကြားရှိခဲ့သလို အချို့ ဆိုင်ခန်းများကို ငှားရမ်းရာတွင် တလလျှင် တသိန်း၊ တသိန်းခွဲအပြင် နေရာကောင်းရင် ကောင်းသလို သည့်ထက် ပိုပေးကာ ငှားရမ်းခဲ့သည်။

ရတနာပုံဈေးကြီးအား ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကာ နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ Skywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်ကြီးများလည်း ပါရှိခဲ့သည်။

ပျက်စီးသွားသော ဆိုင်ခန်းများအစား မန္တလေး စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ယခုလ ၂၇ ရက်နေ့တွင် ဘူတာရုံကြီး အနောက်ဘက် ၇၉ လမ်းရှိ ယခင် တရုတ် ဈေးတန်းတည်ရှိရာ နေရာဟောင်း၌ ယာယီဆိုင်ခန်းများ ဆောက်လုပ်ရန် မြေနေရာ တိုင်းတာသွားခဲ့သည်ဟု ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ၂၄ ရက်နေ့ကလည်း ဈေးချိုအနီး ပန်းသီးဖိနပ် ဂိုဒေါင်တလုံး မီးလောင်ကျွမ်းခဲ့သလို၊ ယမန်နေ့က မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးရှင်ရပ်ကွက်ရှိ ဒေါ်နှင်းနှင်းမော်၏ ကျောင်းဘော်ဒါဆောင်၌လည်း ဝါယာရှော့ဖြစ်ကာ နာရီဝက်ကြာမျှ မီးလောင်မှု ဖြစ်ခဲ့သေးသည်။


သန်းထိုက်ဦး မဇ္ဈိမသတင်းဌာန
Friday, 29 February 2008 18:21 - မြန်မာစံတော်ချိန်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form