ကေအန်ယူ ခေါင်းဆောင်လုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်ပေးရန်တောင်းဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (Asian Forum for Human Rights and Development – FORUM ASIA) က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ လုပ်ကြံခံရမှုအား စုံစမ်းစစ်ဆေးပေးရန် ထိုင်း ဝန်ကြီးချုပ်သို့ အိပ်ဖွင့်ပေးစာပို့၍ တောင်းဆိုလိုက်သည်။

FORUM ASIA ၏ ယနေ့ ရက်စွဲဖြင့် ပေးပို့သော အဆိုပါစာ၌ နေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခံရသူ ဖဒို မန်းရှာသည် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်ပြီး တိုင်းရင်းသားများ နှင့် မြန်မာများကြားတွင် အလေးစားခံရသူ ကရင်အမျိုးသား ခေါင်းဆောင်တဦးဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်းသည် စစ်အစိုးရနှင့် နှုတ်ကတိအားဖြင့် ငြိမ်းချမ်းရေးသဘောတူညီပြီးနောက်တွင် စစ်အစိုးရ စစ်တပ်က ကရင် ရွာသား များအား အကြမ်းဖက်တိုက်ခိုက်နေခြင်းကို ဝေဖန်ပြောကြားသူလည်းဖြစ်ကြောင်း၊ ယင်းသို့ စစ်တပ်က တိုက်ခိုက်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအရှေ့ခြမ်းရှိ ကရင်ပြည်သူ ၅၄၀၀၀၀ ခန့် သည် လတ်တလောတွင် ရွှေ့ပြောင်းနေထိုင်ကြရကြောင်းလည်း စာတွင် ပါရှိသည်။

ထို့ပြင် ယင်းသို့ အသတ်ခံရသော နိုင်ငံရေးခေါင်းဆောင်သည် ထိုင်းမြန်မာနယ်စပ်တနေရာတွင် တခြားသော မြန်မာ့ဒီမို ကရေစီရေး လှုပ်ရှားသူများကဲ့သို့ မသေချာသော ဘဝဖြင့် စိုးရွံ့စွာနေထိုင်နေရသူဖြစ်ကြောင်းနှင့် ထိုင်းအစိုးရက ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမှုအား စုံစမ်းစစ်ဆေးဖော်ထုတ်ရန် တိုက်တွန်းလိုက်ကြောင်းကို လက်ရှိ ထိုင်း ဝန်ကြီးချုပ်သို့ လိပ်မူ၍ FORUM ASIA က စာပေးပို့လိုက်ခြင်းဖြစ်သည်။

စာပေးပို့သူ FORUM ASIA အမှုဆောင်ညွှန်ကြားရေးမှူး အန်ဆီလ်မို လီး က ထိုင်းနိုင်ငံအတွင်း၌ ယင်းကဲ့သို့ ဖဒို မန်းရှာ အလုပ်ကြံခံရခြင်းအား ၎င်းအနေနှင့် လက်မခံနိုင်ကြောင်း၊ ယခုအချိန်အထိလည်း ထိုင်းအစိုးရဘက် က လုံလောက်သော စုံစမ်းစစ်ဆေးခြင်းများမရှိသေးသည့်အတွက် တရားမျှတမှုရှိရန် တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့နေအိမ်၌ အသက် (၆၅)နှစ်ရှိ ဖဒိုမန်းရှာကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သွားသူ ၂ ဦးသည် မြန်မာစစ်အစိုးရနှင့်ပူးပေါင်းသွားသော ကေအန်ယူ ခွဲထွက်အဖွဲ့ ဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ)မှ သော်လည်းကောင်း၊၂၀၀၇ ခု ဇန်နဝါရီ လက စစ်အစိုးရထံသို့ လက်နက်ချ ဘက်ပြောင်းသွားသော ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များကသော်လည်းကောင်း လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု ဒီကေဘီအေ ၏ ပြောဆိုချက်အရ သိရသည်။

ယခုဖဒို မန်းရှာ လုပ်ကြံမှုသည် ပြည်တွင်း စီးပွားရေးလုပ်ငန်း ပဋိပက္ခနှင့် ဆက်စပ်ပတ်သက်နိုင်သည်ဟု ယမန် နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ချင်းမိုင်းမြို့အခြေစိုက် သုတေသီ တာဒါ ပတ်တနာ ဆာဂျီရာက ရေးသား ဖော်ပြသည်။

ယင်းဖဒိုမန်းရှာသည် နအဖ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ လျှပ်စစ်အာဏာပိုင်အဖွဲ့ (EGAT) နှင့် တရုတ်နိုင်ငံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး(China’s Sinohydro Corporation) တို့ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့် အကုန်အကျခံ၍ ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေကာနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းစာတွင်ရေးသားထားသည်။

၂၀၀၆ ခုနှစ် အစောပိုင်းတွင် ယင်း ဟတ်ကြီးရေအားလျှပ်စစ် ရေကာတာ စီမံကိန်းအတွက် ပြည်ပက အထောက် အပံ့ပေး နေသော အသုံးအဆောင် ပစ္စည်းကိရိယာများကို ရပ်ဆိုင်းပေးရန် ကေအန်ယူအနေနှင့် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း လည်း သတင်းစာက ဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင် ဟတ်ကြီးရေကာတာ စီမံကိန်းသည် ယင်းဒေသခံ ကရင်လူထု၏ လုံခြုံရေးနှင့် လွတ်လပ်မှုကို ပြင်းထန်စွာ အန္တရာယ်ပြု ခြိမ်းခြောက်နေသည်ဟု ပါရှိကြောင်းလည်း ဘန်ကောက်ပို့စ် က ရေးသည်။

သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် ရေကာတာများနှင့်ပတ်သက်ပြီး လှုပ်ရှားမှုများပြုလုပ်နေသော ကရင် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် တဦးက “ဖဒို မန်းရှာ လုပ်ကြံခံရတာ ဒီဟတ်ကြီးရေကာတာ တည်ဆောက် ရေးနဲ့ ပတ်သက် နိုင်တယ်၊ သူက အဲဒီကိစ္စမှာ ခေါင်းမာမာနဲ့ ရပ်တည်ခဲ့တာ” ဟု ပြောဆိုသည်။

ဖဒို မန်းရှာ လုပ်ကြံခံရသည့် ဖေဖော်ဝါရီ ၁၄ ရက် မတိုင်ခင်က မကြာခဏဆိုသကဲ့သို့ ယင်းရေကာတာနှင့် ပတ်သက်၍ ထိုင်း အာဏာပိုင်များက ဖဒို မန်းရှာနှင့် တွေ့ဆုံဆွေးနွေးမှုများလည်းရှိကြောင်း ၎င်းကပြောသည်။

ကေအန်ယူနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ အဆိုပါရေကာတာနှင့် ပတ်သက်ပြီး ၂၀၀၆ ခုနှစ်က စတင်၍ ထိုင်းအာဏာ ပိုင်များက ကေအန်ယူ ခေါင်းဆောင်များထံ ခွင့်ပြုချက်တောင်ခံခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်းကလည်း ထိုင်း အာဏာပိုင်များက ကေအန်ယူ ခေါင်းဆောင်များနှင့် လျှို့ဝှက်စွာတွေ့ဆုံစည်းရုံးခဲ့ ကြောင်း သိရသည်။

လက်ရှိ ထိုင်း အစိုးရသစ်က ၎င်းတို့ အစိုးရ သက်တမ်းအတွင်း ဟတ်ကြီးရေအားလျှပ်စစ် ရေကာတာစီမံကိန်းကို အပြီးသတ် တည်ဆောက်နိုင်ရန် ကြိုးစားသွားမည်ဟု ထိုင်းနိုင်ငံ နေးရှင်းရုပ်မြင်သံကြားနှင့်တွေ့ဆုံမေးမြန်းစဉ် ပြောဆို ခဲ့သည်။

ကေအန်ယူ နယ်မြေအတွင်း နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများတွင် သစ်လုပ်ငန်းနှင့် သတ္တု တူးဖော်ရေး လုပ်ငန်းများ ပါဝင်ကြောင်း၊ ယင်းလုပ်ငန်းများတွင် သစ်လုပ်ငန်းနှင့်ပတ်သက်ပြီး ၎င်းကို ထိုင်းကုမ္ပဏီများက ဖိအားပေး ဆက် ဆံ မည်ကို စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ကြောင်း မသေဆုံးမီထုတ်ဖော်ခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ်က ဖော်ပြထား သည်။

ဖဒို မန်းရှာသည် မြဝတီမြို့နှင့် ဘားအံမြို့များကို ဆက်သွယ်ဖောက်လုပ်သည့် အဝေးပြေးလမ်း စီမံကိန်းတွင် ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ၅ ကီလိုမီတာခန့်ဖြတ်ဖောက်မည်ကိုလည်း သဘောတူညီမှုမရှိခဲ့ကြောင်း သိရသည်။

ကိုစိုး ဧရာဝတီ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form