ကားနေတဲ့ ဆိုက္ကားသမား (သတင်းဆောင်းပါး)

ရန်ကုန်။ ။ ရန်ကုန်မြို့တွင်း သွားလာခွင့် ပြုထားသော လိုင်စင်ရ ဆိုက္ကားများကို ယခု သီတင်းပတ် ညပိုင်းများတွင် မြို့တော်စည်ပင်နှင့် ယာဉ်စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့များက လိုက်လံ ဖမ်းဆီးနေပြန်သည်။

မြို့တွင်းနင်းခွင့် (မတ) လိုင်စင်ရ ဆိုက္ကားများသည် တရားဝင်နံပါတ် ရယူကာ သတ်မှတ် နှစ်စဉ်လိုင်စင်ကြေးနှင့် အခွန်များ ပေးဆောင်ပြီး နင်းကြသော ဆိုက္ကားများ ဖြစ်သော်လည်း ယာဉ်အန္တရာယ် ကင်းရှင်းရေးဟု ဆိုကာ ညပိုင်းနင်းသော ဆိုက္ကားများကို စီမံချက်ဖြင့် လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်။

“သူတို့ ခွင့်ပြုထားတဲ့ အချိန်၊ လမ်းကြောင်းတွေ အတိုင်းပဲ ကျနော်တို့တတွေ နင်းကြတာပါ။ ဒါပေမယ့် ဒီရက်ပိုင်းထဲမှာတော့ ညတိုင်း အဖမ်းအဆီးတွေ စိပ်နေလို့ ဘယ်သူမှ ကောင်းကောင်း မနင်းရဘူး။ အားလုံး ဝင်ငွေ ထိခိုက်ပြီး တော်တော်လေး ဒုက္ခတွေ့ နေကြရပါတယ်” ဟု ပန်းဘဲတန်း မြို့နယ်အတွင်း ညပိုင်းနင်းသူ ကိုမောင်သိန်းက ပြောသည်။

ရန်ကုန်မြို့တွင်း ဆိုက္ကားနင်းရန် အချိန်နှင့် နေရာများ သတ်မှတ် ပေးထားရာတွင် နံနက် ၆ နာရီမှ ၁၀ နာရီအထိ ကမ်းနားလမ်း တစ်လျှောက်နှင့် ည ၇ နာရီမှ နောက်တနေ့ နံနက် ၆ နာရီထိ မြို့တွင်း လမ်းမကြီးငါးခုနှင့် လမ်းသွယ်များကို သတ်မှတ် ယာဉ်ကြောအတိုင်း နင်းခွင့်ပြုထားခဲ့သည်။

“ခရီးသည်က စီးစရာ မရှိရင် လမ်းလျှောက်သွား၊ ကားငှားသွားမှာ၊ ကျနော်တို့က နင်းခွင့်မရရင် မိသားစုလိုက် ငတ်မှာဗျ၊ တချို့ဆို ဒီရက်ပိုင်း အုံနာကြေးတောင် မရကြဘူး၊ ဖမ်းမိရင် ဒဏ်ကြေးက တသောင်း ခုနစ်ထောင် ဆောင်ရမှာ၊ ဆိုက္ကားလည်း ၁၄ ရက် အသိမ်းခံရမှာ၊ ပြန်ရွေးရဖို့လည်း ပေးရ ကမ်းရသေးတယ်။” ဟု ကလေး ၄ ယောက်ဖခင် ဒလမြို့နေ ကိုအောင်မင်းက ပြောသည်။

ဒလမှ ရန်ကုန်မြို့လယ်သို့ ညဘက် ဆိုက္ကားလာနင်းသူ အနည်းဆုံး ၇၀ ရှိသည်။

ဆိုက္ကား ၁၄ ရက် အသိမ်းခံထားရစဉ် ဆိုက္ကားပိုင်ရှင် (အုံနာ) သို့တရက် ၁၀၀၀ ကျပ်နှုန်း အုံနာကြေး မပြတ် ပေးနေရပြီး နင်းသူကပင် ငွေကုန်ခံ ပြန်ရွေးရသည်။

ဆိုက္ကားအသစ် တစီး၏ တန်ဖိုးမှာ ကျပ်နှစ်သိန်းခန့်သာ ရှိသော်လည်း လိုင်စင်ဝင် နံပါတ်ယူပြီးသော ဆိုက္ကား ဖြစ်ပါက ရန်ကုန်တိုင်းအတွင်း မြို့နယ်ကို လိုက်၍ ကျပ် ၇ သိန်းမှ ကျပ် ၁၄ လေးသိန်းအထိ ဈေးပေါက်သည်။

ဆိုက္ကား နင်းလိုသူသည် ပိုင်ရှင် အုံနာသို့ စပေါ် ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ပေးရကာ တနေကုန် ယူနင်းရခြင်း မဟုတ်ဘဲ မိမိ ယူလိုသည့် နေ့တပိုင်းသာ ရသည်။ နံနက်ပိုင်း နင်းသူနှင့် ညပိုင်းနင်းသူ နေ့စဉ်ပေးရသည့် အုံနာကြေးမှာလည်း မတူဘဲ ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရှိသည်။

ဆိုက္ကားနင်းသူ တဦးလျှင် အုံနာကြေးနှုတ်ပြီး တနေ့ ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ကျန်သော်လည်း အဖမ်းအဆီး ခံရပါက နီးစပ်ရာ ချေးရ၊ ငှားရ ပြန်ပါတော့သည်။

မဇ္ဈိမသတင်းဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form