ငြိမ်းအဖွဲ့များ ရန်ကုန်ပွဲတက်၊ နေပြည်တော်ပွဲ ဒေါ်ကြိုင်ကြိုင် ပုံ မပါ

ချင်းမိုင်။ ။ ငြိမ်းချမ်းရေးအဖွဲ့များမှ ကိုယ်စားလှယ်များပါ တက်ရောက်သော ပြည်ထောင်စုနေ့ ညစာစားပွဲတခု အတိုက်အခံများက ရန်ကုန်တွင် ကျင်းပသလို စစ်အစိုးရကလည်း နေပြည်တော်တွင် ညစာစားပွဲတခု ယမန်နေ့ညက ကျင်းပခဲ့ကြသည်။

နိုင်ငံရေး လှုပ်ရှားမှုများကို မျက်လုံးဒေါက်ထောက် ကြည့်နေသည့်ကြားမှ အာဏာပိုင်များကို အငိုက်မိစေသော တိုင်းရင်းသားပေါင်းစုံ တက်ရောက်သော အထိမ်းအမှတ်ပွဲကို ဦးဝိစာရ လမ်းပေါ်ရှိ စားသောက်ဆိုင် တခုတွင် ၃ နာရီကြာ ကျင်းပခဲ့သည်။

အလားတူပင် စစ်အစိုးရကလည်း မြို့တော်သစ် နေပြည်တော်တွင် ပြည်ထောင်စုနေ့ ညစာစားပွဲ ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့က အစိုးရ ဖိတ်ကြားထားသော ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များကို တွေ့ဆုံ နှုတ်ဆက်ခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ချောမောလှပသော တိုင်းရင်းသား ဝတ်စုံဝတ် အမျိုးသမီးငယ်များက ဗိုလ်ချုပ်မှူးကြီးနှင့် အခြား ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီ ကန်တော့ ကြိုဆိုဟန်ပုံများ သတင်းစာတွင် ပါရှိသော်လည်း ထူးထူးဆန်းဆန်းပင် ကျန်းမာရေး မကောင်းဟု သတင်းထွက်ပေါ်နေသော ဒေါ်ကြိုင်ကြိုင်၏ ရုပ်ပုံကိုတော့ မတွေ့ရပါ။

ရန်ကုန် ညစာစားပွဲတွင် အပစ်ရပ်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်များ၊ ဝါရင့် နိုင်ငံရေးသမားများနှင့် တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့ဝင်များ စသဖြင့် စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီး ညနေ ၅ နာရီတွင် စတင်ခဲ့သည်။

“တိုင်းရင်းသား ငြိမ်းအဖွဲ့တွေ တက်ရောက်ခဲ့သောကြောင့် စည်းလုံးမှု တည်ဆောက်ရာတွင် လက်တွေ့သဘော ဆောင်နေတယ်။” ဟု အမည်အဖော်လိုသူ တက်ရောက်လာသူ တဦးက မဇ္ဈိမသို့ ပြောသည်။

အာဏာပိုင်များအား လုံးဝ သိကြားခြင်း မရှိခဲ့သော ပြည်ထောင်စုနေ့ ညစာ စားပွဲဖြစ်သောကြောင့် အမြဲ အမှတ်ရဖွယ် တန်ဖိုးရှိကြောင်း ဝါရင့် နိုင်ငံရေးသမား တဦးက ပြောသည်။

ညစာစာပွဲ ဖြစ်မြောက်အောင် ကြိုးစားခဲ့သော မျိုးဆက်သစ် တိုင်းရင်းသား လူငယ်တဦးက “နအဖက အတိုက်အခံတွေကို ဗြောင် စိန်ခေါ်နေတဲ့ အချိန်မှာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဟာ စည်းလုံးညီညွတ် ကြဖို့ အချိန်တန်ပါပြီ။ ညီညွတ်ရေးကို ပြောနေကြတာ နှစ်ပေါင်း (၅ဝ) ကျော်နေပြီ။ လက်တွေ့ ဖြစ်လာဖို့ ဆိုတာက ကျနော်တို့ အချင်းချင်း ကြားထဲမှာ မကြာခဏ ထိတွေ့ကြ၊ ပြောဆိုကြ၊ အပြန်အလှန် နားလည်မှုနဲ့ လေးစားမှု ရှိကြမယ် ဆိုရင် ကျနော်တို့တွေ စည်းလုံး ညီညွတ်မှာပါ။ ဒီအချိန်မှ မညီညွတ်ရင် နောက်ဆုံးအချိန် ဆိုတာကို တမ်းတမိမှာပါ။” ဟု ပြောသည်။

“ရှမ်းစကားပုံအတိုင်း အီကုတ်တွေလို ကိုယ့်အိမ်ကိုယ်နေပြီး အချင်းချင်း မထိတွေ့ကြလို့ စိမ်းနေကြတယ်။ တွေ့ကြတော့လည်း ဒယ်အိုးထဲရောက်မှ မျက်နှာချင်းဆိုင် တွေ့ကြတယ်။ အဲဒီလို မဖြစ်ဖို့ရာ ကျနော်တို့ သင်ခန်းစာ ယူရမယ်” ဟု သူက ထပ်ပြောသည်။
(မှတ်ချက်။ ။ အီကုတ်ဆိုသည်မှာ ရှမ်းပြည်တွင် အများအားဖြင့် တွေ့ရတတ်သော မြေသားလုံးအတွင်း ရစ်ခွေနေတတ်သော ပိုးကောင်များဖြစ်ပြီး ဒေသခံများက ဆီနှင့် ကျော်စားတတ်ကြသည်။)

မြန်မာစစ်အစိုးရက အပစ်ခတ် ရပ်စဲရေး ယူထားသော တိုင်းရင်းသား အဖွဲ့အချင်းချင်း တွေ့ဆုံခြင်းကို တားမြစ်ထားပြီး ထင်ရှားသော ဒီမိုကရေစီ လိုလားသော အတိုက်အခံ နိုင်ငံရေး ပါတီများနှင့်လည်း အဆက်အသွယ် ပြုခြင်းကို ကန့်ကွက် ပြောဆိုလေ့ ရှိသည်။

နေသွင် မဇ္ဈိမ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form