မလင်းတလင်း ကွင်းပြင်တခုတွင် ဆုံလည်တခုကို နွားများကလည်ပတ်နေစေသည်။ အဲဒီဆုံလည်ကို ဂျင်နရေတာတခုဖြင့် ဆက်သွယ်ထားသည်။ နွားတကောင်စီကို လူတယောက်စီက မောင်းပေးနေရသည်။ ကွင်းထဲတွင် နွားဘယ်နှကောင် ရှိသည်ကို မမြင်ရသော်လည်း လူကတော့ရှစ်ယောက်ထက်မနည်း ရှိနေသည်။
နောက်တပုံကတော့ ဒစ်ဂျစ်တယ်ကော်ဖီစက်တခုကို မောင်းပြနေပုံဖြစ်သည်။ ကော်ဖီစက်ကလေးတခုကို လူလေးယောက် ဝိုင်းမောင်းပေးနေ၏။
၂၀၀၈ ခုနှစ်အဝင် မင်္ဂလာရှိသောနှစ်သစ်အချိန်ခါ သမယတွင် မြန်မာသတင်းဂျာနယ်များထဲ၌ အလွန်ထူးဆန်း အံ့သြစရာ ကောင်းသောသတင်း တပုဒ်ကိုဖတ်လိုက်ရသည်။ သတင်းခေါင်းစဉ်က “တိရစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ နိုင်ကြောင်း လက်တွေ့ပြ” ဟူ၍ဖြစ်သည်။
သတင်းဓာတ်ပုံကတော့ အထက်မှာဖော်ပြခဲ့သော နွားဆုံလည်နှင့် ကော်ဖီစက်တို့ဖြစ်၏။ တိရစ္ဆာန်ချစ်သူများသာ ဒီသတင်း ကိုတွေ့လျှင် တရားများစွဲမလားမသိ။
အဲဒီဆုံလည်ကိုမောင်းဖို့ အနည်းဆုံးနွား ၆ ကောင်ခန့်လိုမည်။ နွားတွေပုံမှန်လမ်းလျှောက်နေစေဖို့ လူကမောင်းပေးရဦးမည်။ ဖတ်ဖူးသည့် ကာတွန်းတပုဒ်သတိရမိသည်။ ပုံတွင် စက်တလုံးကို လူတယောက်ကပြရင်း “ လူ ၁၀ ယောက်လုပ်ရမယ့် အလုပ်ကို ဒီစက်တခုတည်းက လုပ်သွားလိမ့်မယ်” ဟုပြောသည်။ ကျန်လူတယောက် က “ဒီစက်ကိုမောင်းဖို့ လူဘယ်နှယောက်လိုမလဲ” ဟုမေးရာ “အယောက် ၁၀၀” ဟုပြန်ဖြေသည်။
ထိုသတင်းထဲတွင်တော့ “နွားတကောင်၏ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏမှာ ၁ ကီလိုဝပ်အထိရှိပြီး ၁ ကီလိုဝပ်တွင် ဝပ် ၂၀၀၀ ရှိသဖြင့် နွားသို့မဟုတ် ကျွဲတကောင်လျင် ၂ ပေမီးချောင်း အချောင်း ၁၀၀ မီးလင်းနိုင်သည်”ဟု ဖော်ပြထားသည်။ (တကယ်က ၁ ကီလိုဝပ်တွင် ဝပ် ၁၀၀၀ သာရှိပါသည်၊ ဂျာနယ်က အမှတ်မှားတာ ဖြစ်လိမ့်မည်။ စကားချပ်)
မြန်မာနိုင်ငံသားများအတွက် ဝမ်းမြောက်ဖွယ်ဟု ဆိုရမလားမသိ။ နွားတွေအတွက်ကတော့ တော်တော်လေး ကြေကွဲစရာ ကောင်းလှသည်။ ၎င်းနွားများ၏ ခံနိုင်ရည်ကိုဖော်ပြရန် ကွန်ပျူတာဖြင့် ချိတ်ဆက်ထားဦးမည်တဲ့။ ကွန်ပျူတာက အချက်ပြလျင် နွားများကိုဖြုတ်လဲမည်ဆိုသည့်သဘော။
ယင်းသတင်းဖော်ပြချက်မှာ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပြတ်တောက်မှု မည်မျှဆိုးရွားနေကြောင်း ဖော်ပြနေသည့် သက်သေ ပြချက်တခုပင်ဖြစ်သည်။
လတ်တလောတွင်တော့ ရန်ကုန်မြို့လယ်ခေါင်၌ ဆိုးဆိုးရွားရွား လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောသည်။
ယခင်က ခြောက်သွေ့ရာသီဆိုလျင် လျှပ်စစ်မီးပြတ်တောက်မှု ခံစားနေကျဖြစ်သော်လည်း ယခုကဲ့သို့ ဆိုးဆိုး ရွားရွား ပြတ်တောက်မှုမှာ မတ်လလယ်လောက်မှ စတင်တတ်သည်ဟု ၎င်းကရှင်းပြသည်။
“ဇန်နဝါရီလဆန်းကတည်းက တော်တော်လေးကို ဆိုးဆိုးရွားရွားပျက်နေပြီ။ ခုဆိုအလှည့်နဲ့လား ဘယ်လိုပေးနေလဲဆိုတာ တောင် မသိတော့ဘူး၊ ပျက်ချင်သလိုကို ပျက်နေတော့တာ” ဟု ၎င်းကပြောသည်။
အချိန်နှင့်ပေးသော ပုံစံမှာ နံနက်ခြောက်နာရီမီးစပျက်လျင် နေ့လယ် ၁၂ နာရီပြန်လာရမည်ဖြစ်သော်လည်း ယခုအခါ နေ့လယ် ၂ နာရီ၊ ၃ နာရီအထိပြန်မလာဘဲလည်း ဖြစ်တတ်ကြောင်း ပန်းပဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောပြသည်။
“ဓာတ်ငွေ့ပိုက်လိုင်းတွေ ပြင်နေချိန် ဓာတ်ငွေ့မလုံလောက်လို့ မီးမပေးနိုင်ဘူးလို့လည်း ကြားတယ်။ ဒါပေမယ့် ကျနော့် အထင်ကတော့ စက်တွေကိုက မနိုင်တော့တာထင်တယ်။ ရန်ကုန်တမြို့လုံးမှာ အကောင်းဆုံးဆိုတဲ့ သာကေတက ဂျင်နရေတာကိုလည်း နေပြည်တော် ပို့လိုက်ရတယ်မဟုတ်လား” ဟု ၎င်း၏ထင်မြင်ချက်ကို ပြောပြသည်။
ရန်ကုန်မြို့လယ်တွင် နေထိုင်သူတို့မှာ လျှပ်စစ်မီးလာချိန်၌ လျှပ်စစ်မီးနှင့် လုပ်ရမည့်အလုပ်များကို အပြီးသတ်လုပ်ကိုင်ကြ ရသည်ဟုဆိုသည်။ အချိန်နှင့် မီးပျက်လျင် ကိစ္စမရှိသော်လည်း ပျက်ချင်သလို ပျက်နေသောအခါ ဒုက္ခရောက်ကြရသည်။
“မီးလာပြီထင်ပြီး ထမင်းအိုးတည်၊ တဝက်လောက်မှာ မီးကပျက် မလာတော့ဘူးထင်ပြီး မီးသွေးမီးဖိုမွှေး၊ အဲဒီ အချိန်မှာမီးက ထလာနဲ့ လူကိုအရူးကျနေတာပဲ။ ထမင်းအိုးတည်ထားပြီး အပြင်သွားနေတုန်း မီးပျက်သွားလို့ ထမင်းအိုးပျက်ရတာလည်း အကြိမ်ပေါင်း မရေတွက်နိုင်တော့ဘူး” ဟု ပုဇွန်တောင်မြို့နယ်နေ အိမ်ရှင်မတဦးက ပြောပြသည်။
ရန်ကုန်မြို့နေလူထုအတွက် မီးနှင့်ရေမှာ ဆက်စပ်လျှက်ရှိသည်။ မီးလာချိန် ရေကိုအပြည့်မောင်းတင်ထားကြရသည်ဟု သိရသည်။ ရေမောင်းရန်အတွက် ညဥ့်နက်သန်းခေါင်မအိပ်ဘဲ စောင့်ဆိုင်းနေရသည်ဟု ဆိပ်ကမ်းသာလမ်းတွင် နေထိုင်သူ တဦးက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။
“ညဘက်ကျမှ မီးအားကပြည့်တာဆိုတော့ ညဘက်တွေမှာ ရေမောင်းကြတာများတယ်။ တခါတလေ ကိုယ်က ရေမောင်း နေပေမယ့် ဂျိုးဖြူကလာတဲ့ရေကို ကြားမှာတွန်းပေးတဲ့စက်တွေ ရှိသေးတယ်။ အဲဒီတွန်းပေးတဲ့နေရာက မီးမလာရင် ရေက ကိုယ့်ဆီမရောက်ပြန်ဘူး” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီးကိုအားကိုး၍ လုပ်ကိုင်ရသော လုပ်ငန်းများစွာရှိနေရာ အားလုံးမှာ အစိုးရက ပေးသော လျှပ်စစ်မီးကို အားကိုး၍မရနိုင်ဘဲ ကိုယ်ပိုင်မီးစက် ကြီးငယ်များကို ဝယ်ယူအသုံးပြုနေကြရသည်ဟု ကြားသိရသည်။
“ရန်ကုန်မြို့လယ်ခေါင်မှာ လမ်းလျှောက်သွားရင် စိတ်အပျက်ရဆုံးက မီးစက်တွေပဲ။ နေရာတိုင်းမှာ တဖုန်းဖုန်း တထိုင်းထိုင်း နဲ့ မောင်းနေကြတာ။ မီးစက်မှ မမောင်းပြန်ရင်လည်း ဘာအလုပ်မှ ပြီးမှာမဟုတ်တော့ဘူးလေ။ မြေညီထပ်တွေအားလုံးက မီးစက်တွေကို အိမ်ပြင်ထုတ်ထားကြတော့ ဆူတာကတမျိုး၊ ပူတာကတမျိုးနဲ့ တစက်ကလေးမှ စိတ်ချမ်းသာစရာမကောင်း ဘူး” ဟုမြောက်ဒဂုံမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် အလုပ်ဆင်းနေသော ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။
မီးစက်တွင် ထည့်သုံးရသော ဓာတ်ဆီမှာ မှောင်ခိုဈေး တဂါလံလျင် ကျပ် ၅၀၀၀ ဖြစ်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင်ပိုင်ရှင် တဦးကပြောသည်။
“ကျနော်တို့ဆိုင်မှာတော့ မီးလာရင် တနာရီ ကျပ် ၅၀၀၊ မီးစက်နဲ့ဆို တနာရီ ၆၀၀ ယူတယ်။ မိတ္တူဆိုင်တွေ၊ ဆံပင်ညှပ် ခေါင်းလျှော်တဲ့ ဆိုင်တွေလည်း မီးလာရင်ဈေးတမျိုး မီးစက်နဲ့ဆိုဈေးတမျိုး ယူကြတာပဲ။ အဲဒီလိုမှ မလုပ်ရင် ဘာအလုပ်မှ ဖြစ်တော့မှာမဟုတ်ဘူး” ဟု ၎င်းကဆက်ပြောပြသည်။
“ကျနော်ကတော့ မမှတ်ထားတော့ပါဘူး။ အလုပ်ကနေအိမ်ပြန်လာလို့ မီးလင်းနေရင်မီးလာတယ်၊ မှောင်နေရင်မီးပျက်တယ်၊ ဒီလိုပဲထားလိုက်တယ်။ လာတဲ့အချိန်မှာပျက်ရင် စိတ်တိုနေရမှာစိုးလို့ မမှတ်တော့တာ” ဟု မြေနီကုန်းတွင်နေထိုင်သူကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။ ၎င်းတို့ ကုမ္ပဏီတည်ရှိရာ ပြည်လမ်းမကြီးတွင်မူ လျှပ်စစ်မီးလာချိန်များသည်ဟု ဆိုသည်။
ယခင်ကဆိုလျင် လူနေအိမ်ခြေများသာ မီးပျက်သော်လည်း ယခုအခါ ဆေးရုံ၊ ရဲစခန်း၊ မီးသတ် စသည့် အစိုးရဌာနများပါ အလှည့်နှင့် မီးပျက်ကြောင်း ရန်ကုန်တဘက်ကမ်း သန်လျင်မြို့တွင် နေထိုင်သူတဦးက ပြောသည်။
“ဆေးရုံလို နေရာမျိုးကတော့ လျှပ်စစ်မီးပုံမှန်လာသင့်တယ်ထင်တာပဲ။ ကျနော့် ယောက္ခမဆေးရုံတက်ရတုန်းက သန်လျင် ဆေးရုံမှာ မီးစက်ကမရှိ၊ အောက်စီဂျင် အရေးပေါ် ချိတ်ဖို့လိုလာတော့ မြို့ထဲမှာ မီးစက်လိုက်ငှားရတယ်လေ” ဟု၎င်းက ပြောသည်။
“ခုအချိန်ကတော့ မီးစက်တွေ အရမ်းရောင်းကောင်းတယ်။ စက်မှုဇုန်တွေမှာက မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ ပုံမှန်မီးလာတယ်ဆိုပေမယ့် ညဘက်တွေပါအလုပ်လုပ်မှ တွက်ခြေကိုက်မှာဆိုတော့ မီးစက်ပဲအားကိုးရတာပဲ” ဟု မီးစက်ကြီး များကို အရောင်းမြှင့်တင်ရေး လုပ်နေသော အင်ဂျင်နီယာတဦးက ပြောပြသည်။
စက်ရုံသုံးမီးစက်ကြီးများမှာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ မှစ၍ အစားစားရှိပြီး အသေးစားအိမ်သုံးနှင့် လုပ်ငန်းသေးကလေး များတွင်သုံးသော မီးစက်များမှာ ကျပ်တသိန်းမှစ၍ အစားစားရှိကြောင်း သိရသည်။
ရန်ကုန်နှင့် အခြားမြို့များတွင်သာ လျှပ်စစ်မီးပြတ်တာက်မှုဒဏ်ကို ခံစားနေရသော်လည်း နေပြည်တော်တွင်မူ လျှပ်စစ်မီး များဖြင့် ထိန်ထိန်လင်းနေကြောင်း မကြာမီက နေပြည်တော်မှပြန်လာသူတဦးက ပြောသည်။
ဒီအတိုင်းဆိုလျင် ပြာသိုလပြည့်လကြီးက ရန်ကုန်လူထုအတွက် အဖိုးအနဂ္ဃထိုက်တန်နေပေလိမ့်မည်။ ရန်ကုန်လူထုသည် တိုက်ခန်းကျဉ်းကျဉ်း မှောင်မှောင် အိုက်စပ်စပ်များတွင် ထွန်းထားသည့် ဖရောင်းတိုင် မီးမှိန်မှိန်များကိုမှိတ်၍ လပြည့် လရောင်ကို ခံစားရန် ပိုးဖလံကလေးများလို အပြင်ထွက်လာကြလိမ့်မည်။ ထိုအချိန်တွင် မီးရုတ်တရက် လာလိုက်ပါက “ဟေး”ဟု သံပြိုင်ဟစ်ကြွေးသံကြီးကိုကြားရလိမ့်မည်။ ပြီးလျင် အလုပ်ပြန်လုပ်ကြဖို့ အိမ်ခန်းများဆီ အသီးသီးပြေးလွှား ကြလိမ့်မည်။ ရုတ်တရက်များမီးပြန်ပျက်သွားလျင်တော့ “ဟာ” ဟူသည့် စိတ်ပျက်လက်ပျက်အသံကြီးကို ကြားကြရ ပေလိမ့်မည်။
တိရစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ကြောင်း လက်တွေ့ပြသည့်သတင်းတွင် “ကျွဲနွားတရိစ္ဆာန်များ၏ စွမ်းရည်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသည့် စနစ်အောင်မြင်ပါက ယင်းစနစ်ပေါ်အမှီပြု၍ တယ်လီဖုန်း ဆက်သွယ်ရေး၊ အင်တာနက် ဆက်သွယ်ရေးများကို အသုံးပြုနိုင်မည်” ဟု ဖော်ပြထားသည်။
ထိုသို့ဆိုလျှင် မြန်မာပြည်တွင် ကျွဲနွားမွေးမြူရေးများ အကြီးအကျယ်ပြုလုပ်ရတော့မည်ထင်သည်။ “စက်မှု စွမ်းအား ခေတ်ကျော်လွှားဆိုသည့်” စစ်အစိုးရ၏ ဆောင်ပုဒ်ကိုလည်း “နွားမှုစွမ်းအား ခေတ်ကျော်လွှား” ဟုပြင်ရတော့မလားမသိ။ ခေတ်ကျော်လွှားတာတော့ သေချာသည်။ အိုင်တီခေတ်မှသည် ကျောက်ခေတ်ဆီ နောက်ပြန် ကျော်လွှားသွားခြင်းကို ပြောချင်သည်ထင်၏။
စိုက်ပျိုးရေးနယ်ပယ်၌ မျက်နှာငယ်ရစပြုပြီဖြစ်သော နွားတို့အတွက် တဖန်ပြန်လည်၍ နေရာရနိုင်တော့မည်။ ထိုနွားတို့ကို ရေပူရေချမ်းကမ်းလှမ်းဖို့တော့ အလုပ်သမားများ ခန့်ထားရပေလိမ့်မည်။ ထိုအခါ အလုပ်လက်မဲ့ ပြဿနာပါ ဖြေရှင်းပြီး ဖြစ်သွားပေလိမ့်မည်။ ရွှေမြန်မာတို့၏ ရွှေစိတ်ကူးများကား ရွှေချထားဖို့ပင်ကောင်းသေးတော့။
မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆောင်ပုဒ်က “လျှပ်စစ်မီးဖြင့် လူ့လောကနိဗ္ဗာန်ကို ဖော်ဆောင်အံ့” ဟူ၍ ဖြစ်သည်။ လောလောဆည်တော့ “အမှောင်ထဲ၌ လူ့လောကနိဗ္ဗာန်ကို ဖရောင်းတိုင်ထွန်း၍ရှာဦးလော့” ဟူ၍ပြောင်းလဲရေးသားရန်သာ အကြံပြုလိုပါတော့သည်။
အေးချမ်းမြေ့ ဧရာဝတီ မှ ဆောင်းပါး အားတဆင့် တင်ပြပါသည်။

Tags
ဆောင်းပါး