နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများအတွက် တံခါးပိတ်ထားသည့်နိုင်ငံဟု နာမည်ကြီးသည့် ဂျပန် နိုင်ငံသည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မြန်မာဒုက္ခသည် (၁၄၀,၀၀၀) ခန့်မှ အချို့ကို နိုင်ငံရေးခိုလှုံခွင့် ပေးမည်ဟု ယနေ့ထုတ် ဂျပန် ယူမီယူရီသတင်းစာ၌
ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်ခံရမည်ကိုကြောက်၍ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ဒုက္ခသည်အတော်များများကို လာမည့်နှစ်တွင် ဂျပန်နိုင်ငံသို့ လာရောက် ခွင့်ပြုမည်ဟု သတင်းကဆိုသည်။ သို့သော် ဂျပန်လူဝန်မှုကြီးကြပ်ရေးမှ အရာရှိတယောက်က ထိုကိစ္စသည် စဉ်းစားနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချရသေးဟု ပြောသည်။
ဂျပန်နိုင်ငံသည် ယခုကဲ့သို့ ဒုက္ခသည်များကို လက်ခံခြင်းအားဖြင့် နိုင်ငံရေး ခိုလှုံခွင့်တင်းကျပ် လွန်းသည်ဟု ဝေဖန်ခံရမှုများမှ သက်သာရာရသွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံသည် ယမန်နှစ်က နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ (၈၁၆) ဦးအနက်မှ (၄၁) ဦး ကိုသာ လက်ခံခဲ့ပြီး နောက်ထပ် (၈၈) ဦးကိုမူ ဒုက္ခသည်များအဖြစ် တရားဝင်အသိအမှတ်မပြု သော်လည်း လူသားချင်းစာနာသည့် အကြောင်းပြချက်များဖြင့် နေထိုင်ခွင့်ပြုခဲ့သည်။
တချိန်တည်း၌ပင် ပြင်သစ်နိုင်ငံသည် ဒုက္ခသည် (၁၀,၉၀၀) ဦး၊ ယူကေသည် (၆,၃၀၀) ဦးနှင့် အမေရိကန်ပြည်ထောင်စုသည် (၂၃,၂၉၆) ဦးတို့ကို လက်ခံခဲ့သည်ဟု ကုလသမဂ္ဂစာရင်းအရ သိရသည်။
ပုံမှန်တနှစ်လျှင် ဒုက္ခသည် (၁) ယောက်သာ လက်ခံနေသည့် ဂျပန်နိုင်ငံသည် စက်မှုထွန်းကား သည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဒုက္ခသည်လက်ခံသည့်အရေအတွက် အလွန်နည်းပါး သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း၌ ဒုက္ခသည်လက်ခံသည့် အရေအတွက် သိသိသာသာ ပိုမိုများပြားလာခဲ့သည်။
ခေတ်ပြိုင် သတင်းဋ္ဌာန မှ

Tags
သတင်း