No title

ကေအန်အယ်လ်အေ စစ်ဌာချုပ်တွင် ကျင်းပသည့် ပဒိုမန်းရှာလားဖန်း၏ ဈာပနအခမ်းအနား

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၏ ဈာပနအခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်တွင် ယနေ့မွန်းလွဲပိုင်း၌ ကျင်းပသည်။

ဗုဒ္ဓဘာသာဝင်တဦးဖြစ်သော်လည်း ပဒိုမန်းရှာအား လေးစားချစ်ခင်သည့် ကျန်ရစ်သူ မိတ်ဆွေများ၏ဆန္ဒအရ ဈာပနအခမ်းအနားအား ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ ဂုဏ်ပြုကျင်းပခဲ့ကြသည်။

နံနက်ပိုင်း၌ ခရစ်ယာန်ဘာသာအစီအစဉ်အရ ၀တ်ပြုဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်းနှင့် ဂုဏ်ပြုအမှာစကားများ ပြောကြားခြင်းတို့ ပြုလုပ်ကြပြီး မွန်းလွဲပိုင်း၌ ဗုဒ္ဓ ဘာသာဓလေ့ထုံးတမ်းအစဉ်အလာအရ သံဃာတော်များထံမှ တရားတော်များနာယူခြင်း၊
လှူဖွယ်ဝတ္ထုများဆက်ကပ်ပြီး အမျှအတမ်းပေးဝေခြင်းနှင့် သရဏဂုံတင်ခြင်းများ ပြုလုပ်
ခဲ့သည်။

ထို့နောက် စစ်အခမ်းအနားဖြင့် အမိန့်ပြန်တမ်းများ ဖတ်ကြားကာ သေနတ်ပစ်ဖောက် ဂုဏ်ပြု
ခဲ့ပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်အပြီးတွင် မီးသင်္ဂြုံဟ်လိုက်သည်။

ဈာပနလာရောက်သည့် ပဒိုမန်းရှာ၏ လုပ်ဖော်ကိုင်ဖက် တရွာတည်းသား စာရေးဆရာ မန်းငြိမ်း မောင်က “ကရင့်တော်လှန်ရေးမှာ လေးစားအတုယူလောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ပဒိုမန်းရှာဟာ သူကိုယ်တိုင် တော်လှန်ရေးသမားဖြစ်တဲ့အပြင် သူ့သားသမီးတွေကိုလည်း တော်လှန်ရေး သမားဖြစ်စေချင်လို့ နာမည်တောင်မှ ဂျာမနီနိုင်ငံမှာ တော်လှန်တိုက်ပွဲဝင်တဲ့ မောင်နှမနှစ် ယောက်ရဲ့အမည်ကိုပေးခဲ့တယ်” ဟု ဂုဏ်ပြုပြောကြားသည်။

ကေအန်ယူ ဗဟိုစည်းရုံးရေးဌာနမှ ပဒိုသမိန်ထွန်းကလည်း “ကျနော်တို့ အရေးကြီးတဲ့အချိန် ကာလမှာ သူလိုလူတယောက် ဆုံးရှုံးသွားတာ တော်လှန်ရေးအတွက်အများကြီး လစ်ဟင်း သွားတယ်။ သူငယ်ချင်းလည်းဖြစ်၊ ရဲဘော်လည်းဖြစ်တဲ့သူ ဆုံးရှုံးသွားတဲ့အတွက် စိတ်ထိခိုက် ရပါတယ်။ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတာပဲ” ဟု ပြောကြားသည်။

ဈာပနအခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များ၊ ကေအန်အယ်လ်အေ အရာရှိအရာခံ အကြပ်တပ်သားများနှင့် ကရင်အမျိုးသားများအပါအ၀င် လူ (၂,၀၀၀) ခန့် တက်ရောက်သည်။

ယခုလ (၁၄) ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ပဒိုမန်းရှာလားဖန်း၏ ရက်လည် ဆွမ်းကျွေးကို လာမည့် (၂၀) ရက်နေ့တွင် ၎င်း၏နေအိမ်၌ ကျင်းပမည်ဖြစ်သည်။

ကွယ်လွန်သွားသည့် ပဒိုမန်းရှာ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ ပဒိုထူးထူးလေးအား ကေအန်ယူက တရားဝင်ခန့်အပ်လိုက်သည်။

ခေတ်ပြိုင် သတင်းဋ္ဌာန မှ



Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form