ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း သေဆုံးခဲ့မှုအတွက်

အခုလို မမျှော်လင့်ဘဲ ပဒိုမန်းရှာဆုံးသွားတာ ယူကျုံးမရဖြစ်ရပါတယ်။ ၀မ်းနည်းကြေကွဲရ
ပါတယ်။ (၁၈) နှစ်လောက် အလုပ်အတူတွဲလုပ်ခဲ့တာ မဟာမိတ်အနေနဲ့ဆိုရင် ကရင်အစည်းအရုံးလို့ ပြောရင် သူနဲ့ အဓိကဆက်ဆံခဲ့တာပါ။တော်လှန်ရေးစိတ်ဓာတ် အပြည့်အ၀ရှိတယ်၊ နိုင်ငံရေးအတွေးအခေါ်မြင့်တယ်၊ နေထိုင်တာလည်း တော်လှန်ရေး သမားကောင်းတယောက် ပီသတယ်။

ဒေါက်တာစိန်ဝင်း (၀န်ကြီးချုပ်)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)

ပဒိုမန်းရှာ မမျှော်လင့်ဘဲ ဆုံးပါးသွားတာ ၀မ်းနည်းတယ်။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်။ဒီလုပ်ကြံမှုကို စုံစမ်းဖော်ထုတ်ရမှာလည်းဖြစ်တယ်။ကရင်တော်လှန်ရေးအတွက်သာမက မြန်မာပြည်ဒီမိုကရေစီရေးအတွက်ပါ ဆုံးရှုံးသွားတာဖြစ်တယ်။ အနှစ် (၂၀) နီးပါး သူနဲ့ နိုင်ငံ ရေး ပူးတွဲလုပ်ခဲ့တာတွေရှိခဲ့တယ်။ သူဟာ တော်လှန်ရေးအပေါ်မှာ ခိုင်ကြည်တဲ့စိတ်ဓာတ်ရှိ တယ်။ ပြီးတော့ ပြတ်သားရဲရင့်တဲ့ အတွေးအခေါ်ရှိသူဖြစ်တယ်။

ဒေါက်တာသောင်းထွန်း
(အန်စီဂျီယူဘီ၊ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ)

သူဟာ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေး ပေါင်းစပ် မှုအတွက် သုခမိန်ဆိုရင်လည်းမမှားပါဘူး။ ဒီဘက်က တပ်ပေါင်းစုကြီးတွေဖြစ်ပေါ်လာဖို့ အတွက် အဓိကနေရာက လှုပ်ရှားခဲ့သူလည်းဖြစ်တယ်လေ။ သူဆုံးရှုံးမှုဟာ ကျနော်တို့အတွက် တကယ် အဖိုးဖြတ်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတခုပဲပေါ့၊ အခုလိုတိုက်ပွဲကာလ အရေးကြီးနေချိန်မှာ ဒီလိုမျိုး ခေါင်းဆောင်တယောက်ဆုံးရှုံးသွားတာ ကျနော်တို့အတွက် တော်တော့ကို နစ်နာတဲ့ နစ်နာမှုပဲ။

ဒေါက်တာနိုင်အောင်(အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု

ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကျဆုံးသွားတာ ကျနော်တို့ အက်စ်အက်စ်
အေက အထူးပဲဝမ်းနည်းကြောင်းပြောဆိုလိုပါတယ်။ ကရင်အမျိုးသားများအတွက်သော်လည်း ကောင်း၊ တိုင်းရင်းသားများအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုအတွင်းရှိ ပြည်သူ တရပ်လုံးအတွက်သော်လည်းကောင်း စွမ်းဆောင်ပေးနေတဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီး တဦး ဖြစ်ပါတယ်။ သူလုပ်ကြံခံရတာ ကျနော်တို့အထူးပဲဝမ်းနည်းမိပါတယ်။ ကေအန်ယူနဲ့ ကေအန်အယ်လ်အေဟာ ကျနော်တို့နဲ့ဆို စစ်ရေးမဟာမိတ်ဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ် ခေါင်းဆောင်တဦးကျဆုံးသွားတာ ကျနော်တို့အတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ပြောချင်ပါ တယ်။

စိုင်းလောဝ်စိုင်း (ပြောရေးဆိုခွင့်ရှိသူ)
ရှမ်းပြည်တပ်မတော်တောင်ပိုင်း

အတွင်းရေးမှူးပဒိုမန်းရှာ အခုလို ရုတ်တရက်ဆုံးသွားတာ မွန်ပြည်သစ်ပါတီအနေနဲ့ ထပ်တူ ထပ်မျှခံစားမိပါတယ်။ ဒီလိုဆုံးသွားခြင်းအားဖြင့် ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီရဲ့ဘ၀အခြေ အနေခြင်းမတူညီခဲ့ပေမယ့် ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ ခံစားချက်ခြင်းတူကြပါတယ်။ ဒါကြောင့် အခုလို တိုင်းရင်းသားခေါင်းဆောင် သေဆုံးသွားတာကို ၀မ်းနည်းပါတယ်။

နိုင်အောင်မငေး (ပြောရေးဆိုခွင့်ရှိသူ)
မွန်ပြည်သစ်ပါတီ

စွမ်းစွမ်းတမံဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပါတယ်။ သူအခုလို မမျှော်လင့်ဘဲဆုံးသွားရတာ ကျနော်တို့တိုင်းရင်းသားတွေအတွက်သာမက၊ ကရင်လူမျိုး အတွက်သာမက ပြည်ထောင်စုတခုလုံးအတွက် အင်အတန်မှကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီး တရပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဆလိုင်းလျှန်မုန်းဆာခေါင်း (အထွေထွေအတွင်းရေးမှူး)
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ပဒိုမန်းရှာဆုံးသွားတာကတော့ ကျနော်အတော်လေး စိတ်ထိခိုက်တယ်ဗျာ။ သူဆုံးသွားတာ ဟာ ကေအန်ယူအတွင်းမှာရော၊ တပ်ပေါင်းစုတွေမှာရော အတော်လေးနစ်နာဆုံးရှုံးမှုတရပ်ဖြစ် တယ်လို့ ပြောချင်တယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဟာ ယနေ့ကာလမှာ တပ်ပေါင်းစုတွေကို တစုံတရာသဟဇာတဖြစ်အောင် ချဉ်းကပ်နိုင်တဲ့ ဇာတ်ဆောင်တယောက်ဖြစ်တယ်။ သူဆုံးသွားတဲ့နောက်ပိုင်းမှာတော့ အတော်လေးကြိုးပမ်း တည်ဆောက်ယူရမှာဖြစ်တယ်။ အဲဒါကြောင့် အဲဒီအခက်အခဲကိုတော့ အချိန်ယူပြုပြင်ပြီးတော့ ကြိုးပမ်းသွားကြရမယ်ဆိုတဲ့ ဆန္ဒအမြင် ကျနော့်မှာ တဖက်ကလည်းရှိပါတယ်။

ခိုင်စိုးနိုင်အောင် (ဒု-ဥက္ကဋ္ဌ)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

ပဒိုမန်းရှာဟာ ဆယ်စုနှစ်တချို့နီးပါးကြာတဲ့အထိ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံ ရေးသမားကောင်းတဦးဖြစ်တယ်လို့ ကျနော်တို့အသိအမှတ်ပြုတယ်။ ဒုတိယအချက်က ကရင် အမျိုးသားတွေအတွက်သာမက တခြားအမျိုးသားလွတ်မြောက်ရေးအတွက်ကိုပါ တိုက်ပွဲဝင်ဖို့ ကျယ်ပြန့်တဲ့နိုင်ငံရေးအမြင်ရှိတယ်။ ပြည်ထောင်စုအမြင်ရှိတယ်။ ပြည်ထောင်စုကိုမဆုတ်မနစ် တည်ဆောက်ဖို့ ပိုင်းဖြတ်လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် သူဟာ လူမျိုးစုံပြည်သူ တွေရဲ့ ခေါင်းဆောင်အဆင့်ရှိတဲ့ အမျိုးသားခေါင်းဆောင်ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။ နောက် တတိယအချက်ကတော့ သူရဲ့ထူးခြားချက်က ဒီမိုကရေစီအင်အားစုတွေကို တန်ဖိုး ထားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အလေးပေးလုပ်ဆောင်လိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အထူးသဖြင့် ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကြား မှာ ပေါင်းကူးပေးနိုင်စွမ်းရှိသူဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ နောက်စတုတ္ထအချက် ကတော့ ပဒိုမန်းရှာဟာ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားသူဖြစ်ပေမယ် လို့ စစ်အာဏာရှင်စနစ်နဲ့ ဘယ်တော့မှ လည်ပင်းဖက်မယ့်ခေါင်းဆောင် မဟုတ်ဘူးဆိုတာ ကျနော်တို့လုံးဝယုံကြည်တယ်။ နောက်ဆုံးတချက်ကတော့ဗျာ၊ ပဒိုမန်းရှာကျဆုံးသွားတဲ့ အတွက် ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက်ရော၊ တိုင်းရင်းသား လှုပ်ရှားမှုကြီးအတွက်ပါ ကြီး မားတဲ့နစ်နာဆုံးရှုံးမှုကြီးဖြစ်တယ်။ အာဇာနည်သူရဲကောင်းတို့ရဲ့ ကျဆုံခြင်းနဲ့ကျဆုံးသွားတာ ဖြစ်တယ်။ ဒါပေမယ့် သူကျဆုံးသွားပေမယ့် ပဒိုမန်းရှာရဲ့အံ့မခန်းတဲ့ လုပ်ဆောင်ချက် စွန့် လွှတ်အနစ်နာခံမှု ရဲစွမ်းသတ္တိတွေကို အားကျပြီးတော့ နောက်ထပ် ပဒိုမန်းရှာလိုလူမျိုး သူရဲကောင်းထောင်သောင်းချီပြီး ပေါ်လာလိမ့်မယ်။ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာ အားနည်းသွားမှာမဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။

ဦးအောင်ထူး (အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံရှေ့နေများကောင်စီ

ပဒိုကွယ်လွန်သွားတာဟာ တန်ဖိုးဖြတ်လို့မရတဲ့ဆုံးရှုံးမှုပါ။ ကျနော်တို့ သတင်းသမားတွေ အပေါ်၊ မီဒီယာသမားတွေအပေါ် အလွန်နားလည်မှုရှိတဲ့ကရင်နိုင်ငံရေးသမား ခေါင်းဆောင် ကြီးတဦးပါ။ သတင်းဌာနကြီးငယ်မရွေး သိလိုတဲ့ မေးသမျှကို တလေးတစားနဲ့ စိတ်ရှည်လက် ရှည် ဖြေကြားလေ့ရှိသူပါ။ မာန်မာနလည်း အလွန်ကင်းပါတယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲ အေးချမ်းနေပါတယ်၊ အင်မတန်လည်း စိတ်ဓာတ်ခိုင်မာပါတယ်။ မြန်မာမီဒီယာနဲ့ သတင်း သမားတွေကိုယ်စား အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ပြောချင်ပါတယ်။

ဦးစံမိုးဝေ (အတွင်းရေးမှူး)
မြန်မာသတင်းသမဂ္ဂ

ပဒိုမန်းရှာနဲ့ကျနော် အကြိမ်တော်တော်များများ ဆုံခဲ့ဖူးပါတယ်။ ပဒိုမန်းရှာဟာ နိုင်ငံရေးအရ အတော်လေးကို အတွေ့အကြုံရှိတယ်။ အမြော်အမြင်ရှိတယ်ဆိုတာကို ကျနော်တို့တွေ့ရ တယ်။ နောက်တခုက သူဟာ လူငယ်တွေနဲ့လည်း အတော်လေးကို ဆက်ဆံရေး ကောင်းမွန် တာလည်း တွေ့ရတယ်။ အဲဒီအပြင် ကျန်တဲ့တိုင်းရင်းသားအင်အားစုတွေနဲ့လည်း သူဆက်ဆံ ရေးတော်တော်လေး ကောင်းမွန်တာတွေ့ရတယ်။ ဒီလိုလူမျိုးတယောက် အခုလိုဖြစ်ပျက်သွား တယ်ဆိုတာ ကျနော်တို့အတွက် အင်မတန်မှ နှမြောစရာကောင်းပါတယ်။

ဦးဘိုကြည် (တွဲဖက်အတွင်းရေးမှူး)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ကျနော်တို့ ကေအန်ပီပီအနေနဲ့ပေါ့လေ၊ ပဒိုမန်းရှာ အခုလိုမမျှော်လင့်ဘဲ လုပ်ကြံခံရပြီး ဆုံး သွားတဲ့အပေါ်မှာ တော်တော်ဝမ်းနည်းမိပါတယ်။ သူက ကေအန်ယူအတွက် တကယ်ပဲ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့တဲ့ ခေါင်းဆောင် တယောက် ဖြစ်တယ်။ ကျနော်တို့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တိုင်းရင်းသားတွေရဲ့လှုပ်ရှားမှုမှာ လည်းပဲ နိုင်ငံရေးပေါ်မှာ မားမားမတ်မတ် ရပ်တည်ပြီးတော့ တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင် တယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျနော်တို့ ကေအန်ပီပီခေါင်းဆောင်တွေနဲ့လည်း ရင်းရင်း နှီးနှီးခင်ခင်မင်မင် အတော်ကိုရှိတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် အခုလို သူရဲ့ သေဆုံးမှုဟာ ကျနော်တို့အတွက် အင်မတန်မှ ဆုံးရှုံးနစ်နာမှုကြီးတရပ်လို့ ကျနော်တို့ပြောရ မှာဖြစ်ပါတယ်။ သူရဲ့တော်လှန်ရေး သက်တမ်းမှာ သူလုပ်ဆောင်ခဲ့သမျှ တော်လှန်ရေးလုပ် ငန်းမှန်သမျှကို ကျနော်က မှတ်တမ်းတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်။

ခူးရေမာန်ထူး (အထွေထွေအတွင်းရေးမှူး)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

ကရင့်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာဆုံးရှုံးသွားတာကို ကြား သိရတာ အင်မတန်မှနှလုံးမသက်သာဘဲဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး သမိုင်းမှာ အခုလို သူရဲကောင်းတွေ ကျဆုံးတိုင်း ကျဆုံးတိုင်း အင်မတန်မှပဲ ရင်ထဲမှာနာကျဉ် ခံစားရတာတွေ မနည်းတော့ပါဘူး။ ဒီထဲမှာ ပဒိုမန်းရှာတယောက် အခုလိုမျိုး မသက်မသာနဲ့ မသမာသူတွေရဲ့လုပ်ကြံခံရမှုကတော့ ကျနော်တို့အတွက်က ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးသွားသလို၊ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာတဲ့ဆုံးရှုံးချက်တရပ်လို့ ယူဆပါတယ်။ ကျနော်တို့အားလုံးအတွက်ရော ဒီမိုကရေစီရေး၊ အမျိုးသားရေး၊ တိုင်းပြည်ရဲ့အနာဂတ် အတွက်ပါ ဆုံးရှုံးမှုတခုလို့ ကျနော်ထင်ပါတယ်။ သို့သော်လည်းပဲ ဒီလိုမျိုးဘယ်လောက်ပဲဖြစ် ဖြစ် ကျနော်တို့ လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီရေးအတွက်၊ အမျိုးသားရေးအတွက် တိုက်ပွဲဝင်သူတယောက် ဆုံးရှုံးသွားပေမယ့် သူမျှော်မှန်းတဲ့အတိုင်း ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာ ပဒိုမန်းရှာ တယောက် ယုံကြည်လိမ့်မယ်လို့ ကျနော်ယူဆပါတယ် ခင်ဗျာ။

ရဲဘော်သံခဲ (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

ပဒိုမန်းရှာဟာ ကျနော်တို့လှုပ်ရှားမှုအတွင်းမှာ သူ့ရဲ့ခေါင်းဆောင်မှုက တော်တော်ကိုကြီး တယ်။ ဒါကြောင့် ကျနော်တို့အတွက်တော့ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ပြော ချင်တယ်။ သူ့ဘ၀တခုလုံးဟာ ဒီလှုပ်ရှားမှုထဲမှာပဲ မြှုပ်ထားတဲ့သဘောဖြစ်နေတယ်။ ကျနော် တို့ဒီမိုကရေစီ အင်အားစုတွေအနေနဲ့တော့ ခေါင်းဆောင်တယောက်အနေနဲ့ရော၊ နားလည်မှု ရှိတဲ့ရဲဘော်ရဲဖက်ကြီးတယောက်အနေနဲ့ရော ဆုံးရှုံးရတယ်လို့ မြင်ပါတယ်။

ကိုအောင်မိုးဇော် (ဥက္ကဋ္ဌ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ဖထီးမန်းရှာကျဆုံးသွားတာဟာ ကရင်အမျိုးသားတွေအတွက်ရော၊ ဗမာပြည်ဒီမိုကရေစီရေး
လှုပ်ရှားမှုအတွက်ရော အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတရပ်၊ တကယ့်ကို ၀မ်းနည်းကြေကွဲဖို့
ကောင်းတဲ့ ဆုံးရှုံးမှုတရပ်ပါ။ သူဟာ အတွေးခေါ်အရလည်း အင်မတန်ပြတ်သားရှင်းလင်းတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ ဒီအတွေးခေါ်တွေနဲ့ တောက်လျှောက်ခေါင်းဆောင်မှုပေးခဲ့
တာ ကျနော်တို့တွေ့ရပါတယ်။

မင်းနိုင် (တာဝန်ခံ)
ဗကသ နိုင်ငံခြားရေးရာကော်မတီ

သူလုပ်ကြံခံရတာဟာ တော်လှန်ရေးသမားတွေအတွက် အများကြီးစိတ်မကောင်းစရာ ဖြစ်ပါ
တယ်၊ သူကြိုးစားလာခဲ့တာဟာ ကရင်အမျိုးသားတွေအတွက်သာမဟုတ်ဘူး၊ ဘ၀တူ တိုင်းရင်းသားအားလုံးအတွက် ကြိုးစားခဲ့တာတွေ့ရတယ်လေ၊ အဖွဲ့အစည်းအတွက်ရော တော်လှန်ရေးအတွက်ပါ အများကြီးနစ်နာမှုပါပဲ။

ဘောင်နော်ဂျာ (တွဲဖက်အတွင်းရေးမှူး)
ကချင်အမျိုးသားများအစည်းအရုံး

ဒီပုဂ္ဂိုလ်ကတော့ နိုင်ငံရေးစိတ်ဝင်စားတယ်။ လေ့လာမှု အားကောင်းတယ်။ ကျနော်နဲ့ တောက် လျှောက်ကို တက္ကသိုလ်ကျောင်းသားဘ၀ထဲက တောထဲရောက်တဲ့အထိပါ။ သူရဲ့လှုပ်ရှားမှု တွေကတော့ အမြဲတန်းတက်ကြွတယ်။ တောက်လျှောက်ပါပဲ၊ ငယ်ကတည်းက အခုအပစ်ခံရ တဲ့အထိ တပုံစံတည်းထွက်လာတာပါပဲ။ အခုဟာက ဗမာပြည်ပြဿနာက ကြိတ်ကွင်းနှိပ်ကွင်း ဖြစ်နေတဲ့အခါ သူက အခုလိုတက်ကျိုးသွားတော့ ကျနော်တို့မှာ အားအများကြီးလျှော့သွား တယ်ဗျ။ လူတယောက်နေရာလစ်ဟင်းရင် အစားထိုးဖို့လူရှိတာ အမှန်ပေါ့။ ဒါပေမယ့် ပါရမီကို အစားထိုးဖို့ဆိုတာ သိပ်မလွယ်ဘူးဗျ။ ကေအန်ယူအနေနဲ့ လုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာ တော်တော်လေး ထိခိုက်နစ်နာမှုရှိတယ်လေ။ အားအများကြီး လျှော့သွားတယ်ပေါ့။ ကျနော် အနေနဲ့ သူငယ်ချင်းတယောက် ဆုံးရှုံးသွားလို့ စိတ်အားငယ် ၀မ်းနည်းမိပေမယ့် ပူဆွေးမှုကို ကျနော်တို့အားသစ်လောင်းပြီး ဆက်လက်ချီတက်ရမှာ ဖြစ်ပါတယ်။

ပဒိုသမိန်ထွန်း (စည်းရုံးရေးဌာန ဒု-တာဝန်ခံ)
ကရင်အမျိုးသားအစည်းအရုံး

ပဒိုမန်းရှာလုပ်ကြံခံရတဲ့ကိစ္စမှာ ကျနော်အမြင်နှစ်ခု ချဉ်းကပ်တင်ပြချင်တယ်။ နံပါတ်တစ် က
တော့ ကျနော်တို့ အတိုက်အခံအင်အားစုတွေ တပ်ပေါင်းစုတွေကြားမှာ တိုင်းရင်းသား အင် အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေဆိုပြီး နှစ်မျိုးရှိနေတော့ ဒီနှစ်ခုအကြားမှာ အကောင်း ဆုံးဆက် သွယ်ပေါင်းကူးပေးနိုင်တဲ့၊ အင်အားတည်ဆောက်ပေးနိုင်တဲ့ ခေါင်းဆောင်က ပဒိုမန်းရှာလို့ ပြောလို့ရတယ်ခင်ဗျ။ နောက်တခုက ပဒိုမန်းရှာအနေနဲ့ တပ်ပေါင်းစုတွေမှာ အလုပ်လုပ်ပြီးတော့ တပြည်လုံးအတိုင်းအတာဆောင်တဲ့ လှုပ်ရှားမှုတွေ ပြည်တွင်းလှုပ်ရှားမှု တွေ နိုင်ငံရေးအန်တုမှုဆိုတဲ့လှုပ်ရှားမှုတွေ အဲဒီလှုပ်ရှားမှုတွေကိုလည်း သူက မဟာဗျူဟာ တွေဆွဲပြီးတော့ ဦးဆောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ ရန်သူဘက်က ကြည့်လည်း အချက်အချာပုဂ္ဂိုလ်လိုဖြစ်နေတယ်။ ဒါကြောင့် ရန်သူက ကျနော်တို့ဘက်ကလှုပ်ရှားမှုတွေရဲ့ ထိရောက်မှု၊ အကျိုးသက်ရောက်မှုကို ကြောက်ရွံ့လာပြီးတော့ သူ့ကိုယ်သူ မလုံဘဲနဲ့ ကျနော် တို့အဖွဲ့ခေါင်းဆောင်ကို အရေးယူ တိုက်ခိုက်လိုက်တယ်လို့ ကျနော်ယူဆတယ်။ ဒါကြောင့် ကျနော်တို့ညီညွတ်မှုကိုလည်း ဖြိုခွဲချင်တယ်။ သူတို့ကို ထိရောက်စွာ ထိုးနှက်နေတဲ့လုပ်ငန်း တွေကိုလည်း ရပ်ဆိုင်းချင်တယ်။ ဒါကြောင့် ဒီခေါင်းဆောင်ကို ဖြိုလိုက်တယ်လို့မှတ်ချက်ပေး ချင်တယ်။ သူအခုလို သေဆုံးသွားတာဟာ ကျနော်တို့အတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုလို့ ပြောနိုင်ပါတယ်။ သူ့အနေအထား သူယူထားတဲ့တာဝန်တွေမှာ အစားထိုးဖို့က အတော်ခက် ပါတယ်။ တဗိုလ်တက်တဗိုလ်ဆင်းဆိုပေမယ့် နောက်တက်တဲ့သူတွေက သူ့ခြေကိုမီပါ့မလား၊ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို မီပါ့မလားဆိုတာ စိုးရိမ်မှုဖြစ်တယ်ခင်ဗျ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ဥက္ကဋ္ဌ)
ပအိုဝ့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့

ကျနော်တို့အနေနဲ့ ပဒိုမန်းရှာကိုဆုံးရှုံးလိုက်ရတာက ကျနော်တို့ရဲ့အင်မတန်ကိုအရေးပါတဲ့ ခေါင်းဆောင်တယောက်ဆုံးရှုံးတာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ မဟာဗျူဟာမှူးကြီး တယောက်ဆုံးရှုံးတာလည်းဖြစ်ပါတယ်။ တပိုင်းကလည်းရှိတဲ့အခြေအနေတွေအားလုံးကို သုံး သပ်မယ်ဆိုရင် ကျနော်တို့ဟာ ဒီအခက်အခဲဆုံးကာလတခုမှာ ရင်ဆိုင်နိုင်ဖို့အတွက် အင်မတန် အဖိုးတန်တဲ့ခေါင်းဆောင်တယောက်ကို ဆုံးရှုံးလိုက်တာဖြစ်ပါတယ်။

ဒေါက်တာကျော်ညွန့် (အထွေထွေအတွင်းရေးမှူး)
မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်

ပဒိုမန်းရှာ အခုလို လုပ်ကြံခံလိုက်ရတဲ့အတွက် သူ့ရဲ့မိခင်အဖွဲ့အစည်း ကေအန်ယူအပါအ၀င် ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီနဲ့တကွ ဒီမိုကရေစီလှုပ်ရှားမှုတခုလုံး အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးတရပ်ဖြစ်တယ်လို့ ပြောရမှာပါ။ ဘာလို့လည်းဆိုတော့ ပဒိုမန်းရှာဟာ သူ့ရဲ့ရိုးသားတည်ကြည်မှုရော၊ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိမှုရော နောက်တခု က တော်လှန်ရေးကြီးတခုလုံးပေါ်မှာထားရှိတဲ့ သစ္စာတရား၊ နောက်တခုက ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်လို့ရော နားလည်နိုင်စွမ်းရှိမှု၊ အထူးသဖြင့်တော့ တိုင်းရင်း သားခေါင်းဆောင်တွေအပါအ၀င် ဒီမိုကရေစီအင်အားစုခေါင်းဆောင်များ အားလုံးကြားထဲမှာ လည်း တကယ့်ကိုပေါင်းကူးတံတားကြီးတခုလို အကောင်းဆုံးအခြေအနေကို ဖန်တီးတည် ဆောက်ပြီးတော့ ဟန်ချက်ညီအောင်ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းရှိတဲ့ခေါင်းဆောင်ကောင်း တယောက် ဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့အားလုံးအတွက်တော့ တကယ့်ကို အကြီးမားဆုံး ဆုံးရှုံးမှုကြီးတရပ်ကို ခံစားကြုံတွေ့လိုက်ရတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဦးမြင့်သိဏ်း (တွဲဖက်အထွေထွေအတွင်းရေးမှူး-၁)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ

ပဒိုမန်းရှာနဲ့ကျနော်တွေ့ခွင့်ရတာ သိပ်အကြာကြီးမဟုတ်သေးပါဘူး။ ဒါပေမယ့် တွေ့တွေ့ချင်းပဲ သူဟာ အလွန်တရာ နှစ်လိုဖွယ်ကောင်းတဲ့ ခေါင်းဆောင်တယောက်ဆိုတာ ကျနော်မြင်မိပါ တယ်။ နောက် သူရဲ့စိတ်ရှည်မှု၊ သည်းခံမှု၊ အမြော်အမြင်ကြီးမှုကိုလည်း ကျနော်တွေ့ရပါ တယ်။ မဆုံးခင်မနက်မှာပဲ ကျနော်တို့ အစည်းအဝေးတူတူထိုင်ဖြစ်ကြသေးတယ်။ သူက
ကရင်အမျိုးသားခေါင်းဆောင်တင်မကပါဘူး၊ တမျိုးသားလုံးရဲ့ခေါင်းဆောင်အဖြစ်ကို တဖြည်း ဖြည်းရောက်ရှိလာပြီလို့ ကျနော်ပဒိုမန်းရှာကို သတိပေးဘူးပါတယ်။ ဘာလို့လည်းဆိုတော့ ကရင်တမျိုးသားလုံးနဲ့ ကရင်ပြည်နယ် ကရင်လူမျိုးများအတွက်သာမက တနိုင်ငံလုံးဆိုင်ရာ တမျိုးသားလုံးကိစ္စတွေကိုပါ စဉ်းစားပြီးဆောင်ရွက်နေရတယ်။ သဘောထားတွေပေးနေရလို့ အမျိုးသားခေါင်းဆောင်အဖြစ်ကို တိုင်းရင်းသားတွေထဲကနေပြီးတော့ တဖြည်းဖြည်း တက် လှမ်းလာတဲ့ ခေါင်းဆောင်တယောက်လို့ ကျနော်သတိပေးဖူးပါတယ်။ အခုလိုမမျှော်လင့်ပဲ ဖစ်သွားတော့ ကျနော်တို့အနေနဲ့လည်း အများကြီးစိတ်မကောင်းပါဘူး။ ကရင်အမျိုးသား အတွက်သာမကဘူး တမျိုးသားလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။

ဦးမြင့်စိုး (အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ

ကျနော်တို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေနဲ့တော့ ပဒိုမန်းရှာဆုံးသွားတာနဲ့ ပတ်သက်ပြီးတော့မှ တကယ်ကိုဝမ်းနည်းတယ်။ ပဒိုမန်းရှာက ကျနော်တို့ပလောင်တော်လှန် ရေးရဲ့ ထာဝရမဟာမိတ်ဖြစ်ပါတယ်။ သူဆုံးသွားတဲ့အပေါ်မှာ ကရင်တမျိုးသားလုံးနဲ့အတူ ကျနော်တို့ ပလောင်အားလုံးက ၀မ်းနည်းပါတယ်။ ကျနော်တို့ ပလောင်တော်လှန်ရေးလုပ်လာ တာက ကရင်နယ်မြေထဲမှာ မဟာမိတ်လုပ်လာရတယ်ဆိုတော့ ကေအန်ယူရဲ့အထောက်အကူ၊ ပဒိုမန်းရှာရဲ့ အထောက်အကူကို ကျနော်တို့အများကြီး ယူခဲ့ရတယ်။ အခုဒီလိုဖြစ်သွားတဲ့ အပေါ်မှာ ကျနော်တို့ အများကြီးဝမ်းနည်းတယ်လို့ ပြောချင်ပါတယ်။

မိုင်းဖုန်းကျော် (ဗဟိုကော်မတီဝင်)
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

မမျှော်လင့်ပဲနဲ့ ခုလို ရုတ်တရက်ကြီး လုပ်ကြံခံရလိုက်တာက ၀မ်းနည်းစရာပါပဲ။ ပဒိုမန်းရှာက သူ့ရဲ့ယုံကြည်ချက်ကို လုံးဝ မယိမ်းမယိုင်စွဲကိုင်ပြီးတော့မှ တိုက်ပွဲဝင်ခဲ့တဲ့ လူလို့မြင်ပါတယ်။ အခုကိစ္စမှာ သူ့ရဲ့ မိသားစုတခုတည်းအတွက်မဟုတ်ဘဲနဲ့ ကရင်ခေါင်း ဆောင်တွေအတွက် သာမက ပြည်သူလူထုတွေအတွက် ဆုံးရှုံးမှုကြီးဖြစ်သလို သူကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ပြီး တော့မှ ဒီမိုကရေစီလှုပ်ရှားမှုအတွက်၊ နောက် မြန်မာနိုင်ငံက ပြည်သူတွေ လွတ်မြောက်ဖို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကြီးအတွက်လည်းပဲ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောချင်ပါတယ်။ သူ့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လို့ရှိရင် သူကိုယ်တိုင် ၁၉၆၃ ခုနှစ်ကတည်းက ပါဝင်လှုပ်ရှားခဲ့
တယ်။ သူ့ရဲ့ကရင့်တော်လှန်ရေးတလျှောက်မှာလည်း ဖြတ်သန်းခဲ့တယ်၊ ပါဝင်ခဲ့တယ်။ သူ့ရဲ့ ကရင့်ပြည်သူ့လွတ်မြောက်ရေး၊ မြန်မာနိုင်ငံက ပြည်သူတွေလွတ်မြောက်ရေးအတွက် သူလုပ် ဆောင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်ပိုင်းတွေရော၊ လူငယ်ပိုင်းတွေကရောပါ ဒါကို အတုယူသင့်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေအနေနဲ့လည်း သူလှမ်းခဲ့တဲ့ လမ်း၊ သူရဲ့ရည်မှန်းချက်၊ သူမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေကို ဆက်ပြီးတော့မှ လုပ်ဆောင်သွား ကြဖို့ ပြောချင်ပါတယ်။

နန်းဆိုင်နောင့် (သဘာပတိအဖွဲ့ဝင်)
အမျိုသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form