စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲ တရားမျှတမှုမရှိဟု ၈၈ မျိုးဆက်ကျောင်းသားများဆို

စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေလုပ်မယ်၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတာတွေက မြန်မာပြည်သူကို စော်ကားတာ ဖြစ်နေတယ်လို့ ၈၈မျိုးဆက် ကျောင်းသားတွေက မြင်ပါတယ်၊ ဒါ့အပြင် လက်နက်အားကိုးနဲ့ တဘက်သတ် အတည်
ပြုမယ်ဆိုရင် နိုင်ငံတော်မှာ မတည်ငြိမ်မှုတွေ ဆက်ပြီးဖြစ်လာမယ့်အပြင် လူထုအုံကြွမှု
တွေနဲ့သာ နိဂုံးချုပ်ရမယ်လို့ပြောပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဒေါ်အေးအေးမာက မေးမြန်း တင်ပြထားပါတယ်၊

မြန်မာစစ်အစိုးရက ၂၀၀၈ ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ်၊ ၂၀၁၀ ခုနှစ်မှာ ရွှေးကောက်ပွဲအသစ်လုပ်မယ်ဆိုတာဟာ တရားမျှတမှု မရှိဘူးဆိုပြီး ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောဆိုလိုက်တာပါ။ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်
အောင်က -

“အခု မေလမှာကျင်းပမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာဟာ ဘယ်လိုမှကို တရား
မျှတမှုရှိမယ်လို့ ကျနော်တို့မယုံကြည်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲစဉ်
ကတည်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တွေလည်းမပါဘူးဗျာ၊ ပြည်သူပြည်သားတွေအနေနဲ့ ဒီ နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးမှာ မိမိရဲ့ထင်မြင်ချက်၊ မိမိရဲ့အကြံဉာဏ်တွေကို
လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသား ပြောဆိုခွင့်လည်း မရှိဘူးဗျာ၊ ဖွဲ့စည်းပုံအခြေခံ
ဥပဒေနဲ့ပတ်သက်လို့၊ အမျိုးသားညီလာခံနဲ့ပတ်သတ်လို့ ၅ / ၉၆ အမိန့်အာဏာနဲ့ဗျာ
ပြည်သူလူထုက အမျိုးသားညီလာခံကို မဝေဖန်ရဲအောင်၊ အမျိုးသားညီလာခံနဲ့
ပတ်သက်လို့ မပြောဆိုရဲအောင်ထိန်းချုပ်ထားတယ်ဗျာ၊ အဲဒီတော့ လူထုကလည်း
လွတ်လွတ်လပ်လပ် ပါဝင်ရေးဆွဲခွင့်မရှိဘူး၊ လူထုကရွေးချယ်ချယ်ထားတဲ့ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါဝင်ခွင့်မရှိဘူး၊ ပြီးတော့ တိုင်းရင်းသား
ခေါင်းဆောင်တွေကိုလည်း တကယ် စစ်စစ်မှန်မှန်ပါဝင်ခွင့်မပေးဘူးဗျာ၊ အဲဒီတော့ ဒီမိုကရေစီနည်းလမ်းတကျ ရေးဆွဲထားခြင်းမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်
ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်မယ်လို့ ပြောခြင်းဟာလည်း ဘယ်လို
မှ ဒီမိုကရေစီမကျတဲ့အပြင် တရားနည်းလမ်းတကျလည်း ဖြစ်မှာမဟုတ်ဘူး၊”

မြန်မာစစ်အစိုးရရဲ့ အတွင်းရေးမှူး(၁)၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးရဲ့လက်မှတ်နဲ့ ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ တခုကတော့ (၂၀၁၀) ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီ ရွှေးကောက်ပွဲ ကျင်းပမယ်လို့ ပါရှိခဲ့ပါတယ်၊ စစ်အစိုးရဟာ(၁၉၉၀)ပြည့်မေလတုံးကလည်း မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ပြီး အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေထံကို အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပါဘူး၊ ဒီနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၉၉၃)ခုနှစ်ကနေ (၂၀၀၇)ခုနှစ်အထိ နှစ်ကြာရှည်စွာရေးဆွဲနေတဲ့ ကိစ္စမှာလည်း ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင်တွေပါနိုင်ဖို့အတွက် ကြိုးစား လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး၊ (၁၉၉၀)ပြည့်နှစ်ရွှေးကောက်ပွဲရလဒ်ကို အကောင်ထည်ဖေါ်ခြင်းမရှိဘဲ နောက်ထပ်ရွှေးကောက်ပွဲလုပ်မယ်ဆိုတာဟာ မဖြစ်သင့်ပါဘူးလို့ ကျောင်းသားတွေက ဆက်ပြောသွားပါတယ်၊

“ (၁၉၉၀)ပြည့် ရွှေးကောက်ပွဲရလဒ်ဆိုတာဟာ တကယ်တော့ လူသုံးကုန်ပစ္စည်းလို expire ဖြစ်သွားတယ်ဆိုတာမရှိပါဘူး၊ ပြည်သူလူထုက တရားဝင်ရွှေးကောက်တင်မြှောက်ထားတာပါ၊ ဒီ(၉၀)ရွှေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးတာကလည်း ဒီနေ့ နအဖတဖြစ်လဲ န၀တအစိုးရသာလျှင်ဖြစ်တယ်၊ အတိအလင်း ကမ္ဘာသိကြေငြာပြီး ကျင်းပခဲ့တဲ့ ရွှေးကောက်ပွဲလည်း ဖြစ်ပါတယ်၊ (၉၀)ရွှေးကောက်ပွဲရလဒ်ကို တစုံတရာ အသိအမှတ်ပြု အကောင်ထည် ဖေါ်ပေးခြင်း မရှိပဲနဲ့ နောက်ရွှေးကောက်ပွဲအသစ်တခုကိုလုပ်မယ်ဆိုတာဟာ ဒါဟာ ယုတ္တိလည်းမတန်သလို သဘာဝလည်းမကျပါဘူး၊ ဒါကြောင့် (၉၀)ခုရွှေးကောက်ပွဲရလဒ်ဟာ ပြည်သူလုထုကရွှေးချယ်ထားတဲ့ ပြည်သူ့ဆန္ဒဟာ ကနေ့ထက်ထိအခိုင်အမာရှိနေတုံးပါ၊ ဒီလူထုဆန္ဒကို ရွေးကောက် တင်မြှောက် လိုက်တဲ့ ရွှေးကောက်ပွဲရလဒ်ကို ကျော်လွန်ပြီးတော့ နောက်ရွေးကောက်ပွဲတခုကို သွားဖို့ဆိုတာဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ၊ ”

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ လက်နက်အားကိုးပြီး တဖွဲ့တသင်းက ရေးဆွဲလို့ မရတဲ့အရာ မဟုတ်ကြောင်းနဲ့ တဘက်သတ်သာရေးဆွဲမယ်ဆိုရင် နိုင်ငံတော်မှာ မတည်ငြိမ်မှုတွေဖြစ်လာနိုင်ပြီး လူထုအုံကြွမှုတွေနဲ့သာ နိဂုံးချုပ်ရမယ်လို့ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်၊

VOA သတင်းဋ္ဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form