

ချင်းမိုင်။ ။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရသည့် ကိစ္စတွင် နအဖ လက်ချက်မကင်းဟု ကေအန်ယူ တာဝန်ရှိသူက ပြောသည်။
ယခုလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့် (ထိုင်းစံတော်ချိန်) တွင် အမည်မသိ သေနတ်သမား နှစ်ဦး၏ အနီးကပ် ပစ်ခတ်လုပ်ကြံမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့ နေအိမ်တွင် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ သေဆုံးခဲ့ရခြင်း၏ နောက်ကွယ်တွင် နအဖ စစ်အစိုးရ လက်ချက် မကင်းကြောင်း ကေအန်ယူ (ဗဟို) ပြောခွင့်ရ ဒေးဗစ်ထောက ပြောပြခြင်း ဖြစ်သည်။
ဒေးဗစ်ထောက “သတင်းအရ ပြောမယ်ဆိုတော့ နဝတ ဘက်က မကင်းဘူးလို့ ကျနော်တို့ သိရတယ်။ သူတို့ ငွေပေးခိုင်းတဲ့သဘော ရှိတယ်” ဟု ပြောသည်။
ဈာပန အခမ်းအနားကိုမူ ထိုင်းနယ်စပ် မြန်မာ တဖက်ကမ်းရှိ ကေအန်ယူ ထိန်းချုပ်ဒေသ တနေရာတွင် ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ တော်လှန်ရေး အင်အားစုများမှ ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၂ဝဝဝ ခန့် တက်ရောက်ခဲ့သည်။
မူလက ဈာပနပွဲအား မနက်ဖြန် ၁၉ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း သမီးများ အချိန်စောပြီး ရောက်လာခဲ့ပြီး လုံခြုံရေး အခြေအနေကြောင့်ဟု ဒေးဗစ်ထောက ပြောသည်။ နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်များက လက်နက်ကြီးများဖြင့် လှမ်းပစ်မည်ဟု ထောက်လှမ်းရေး သတင်းအရ သိရသည်ဟု သူက ဆက်ပြောသည်။
ကေအန်ယူ ဗဟိုတွင် အထွေထွေ အတွင်းရေးမှူး ဗဒိုမန်းရှာ၏ နေရာတွင် အတွင်းရေးမှူး (၁) ဖြစ်ခဲ့သူ ဗိုလ်မှူး တူးတူးလေးက ရရှိပြီး၊ အတွင်းရေးမှူး ၁ နေရာသို့ အတွင်းရေးမှူး ၂ ဖြစ်ခဲ့သူ ဒေးဗစ်ထောက တာဝန်ယူလိုက်ကြောင်း သိရသည်။
သန်းထိုက်ဦး မဇ္ဈိမ သတင်းဋ္ဌာန မှ
Tags
သတင်း