ချင်းမိုင်။ ။ “သံဃာသတ်တဲ့ စစ်အစိုးရ၊ စီးပွားရေးသပိတ် ဝိုင်းမှောက်ကြ” အမည်ဖြင့် နှိုးဆော်ချက်တရပ် ထုတ်ပြန်ကာ လူထုလှုပ်ရှားမှု ကော်မတီက စစ်အစိုးရပိုင် စီးပွားရေး လုပ်ငန်းများအား မြန်မာပြည်သူများမှ သပိတ်မှောက်ရန် ယနေ့ တိုက်တွန်းလိုက်သည်။
အောင်ဘာလေထီ၊ ထူးထရေဒင်း ကုမ္ပဏီ လုပ်ငန်းအားလုံး ၊ လန်ဒန်စီးကရက်၊ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ ကိုရီးယား ဒေဝူးကုမ္ပဏီ ထုတ်ကုန်များ သပိတ်မှောက်ရမည့် စာရင်းတွင် ပါဝင်သည်။
“ဒီမိုကရေစီ အင်အားစုတွေနဲ့ နိုင်ငံတကာ အင်အားစုတွေရဲ့ တောင်းဆိုနေတဲ့ ဆန္ဒတွေကို လျစ်လျူရှုပြီးတော့ တဖက်သတ် သူတို့ရဲ့ Constitution ကို အတင်းအကျပ် ရေးဆွဲပြဋ္ဌာန်းပြီးတော့ လူထုဆန္ဒခံယူပွဲ လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒီလို ကြိုးစားနေတဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှု ပစ်ပယ်တဲ့ အစိုးရကို ပြည်သူတွေကနေ စစ်အစိုးရ၊ သူတို့ရဲ့ အပေါင်းအပါတွေနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို မပတ်သက်၊ အားမပေးဘဲ ရှောင်ကြဉ်ပြီးတော့ စီးပွားရေး သပိတ်မှောက်ကြဖို့ တိုက်တွန်း နှိုးဆော်ရခြင်း ဖြစ်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုစိုးထွန်းက ပြောသည်။
ရန်ကုန် လူထုလုပ်ရှားမှု အဖွဲ့မှ ကိုတေဇကလည်း “အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို သပိတ်မှောက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက စစ်လက်နက်ဝယ်ဖို့ ပြည်သူ၊ သံဃာနှိပ်ကွပ်ဖို့ စီးပွားရေးတွေ လုပ်နေတာလေ။ အဲဒီ စီးပွားရေးကို ရပ်ဆိုင်းဖို့အတွက် ဗိုလ်ချုပ်တွေရဲ့ ဆိုင်တွေမှာ ဝင်မစားဖို့၊ အဲဒီက လုပ်ထားတဲ့ ပစ္စည်းတွေ မသုံးဖို့ပေါ့နော်” ဟု ပြောသည်။
တိုင်းပြည်၏ အချက်အခြာကျသည့် စီးပွားရေး လုပ်ငန်းကြီးများ၊ အကွက်အကွင်းကောင်းသည့် ကန်ထရိုက်များ၊ ပါမစ်များ၊ လိုင်စင်များ စသည့် လုပ်ပိုင်ခွင့်များ အားလုံးကို စစ်ဗိုလ်ချုပ်ကြီးများက စကားလေးတခွန်း၊ လက်မှတ်ကလေးတချက် ထိုးရုံဖြင့် အငမ်းမရ ဝါးမျိုနိုင်ပြီး စားပိုးနင့်နေချိန် ပြည်သူလူထုသည် မနက်စာနှင့် ညစာ အနိုင်နိုင် စားရရေး နဖူးကချွေး ခြေမ ကျသည်အထိ မိုးလင်းမိုးချုပ် ကျွဲနွားလို လုပ်ကိုင် နေကြရသည်ဟုလည်း ရေးထားသည်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်က “ကျနော်တို့ တိုင်းပြည်မှာ အထွေထွေ ကျပ်တည်းမှုတွေ ရှိနေတယ်။ နေရေး၊ ထိုင်ရေး၊ စားဝတ်နေရေး၊ လူမှုအကျပ်အတည်း ဖြေရှင်းပေးဖို့အတွက် အကြိမ်ကြိမ် နအဖ အစိုးရကို တောင်းဆိုခဲ့ပေမယ့် လုပ်မပေးခဲ့သေးဘူး။ နိုင်ငံတကာကလည်း တိုက်တွန်းပေမယ့် ဒီနေ့အထိ အကောင်အထည် မဖော်သေးဘူးဗျာ။ တဖက်မှာ လူထုက ရုန်းကန် လှုပ်ရှားနေပေမယ့် တဖက်မှာကျတော့ အာဏာပိုင်တွေရဲ့ မိသားစုတွေကျတော့ ဖွံ့ဖြိုးနေတယ်၊ ချမ်းသာနေတယ်ဗျာ။ လူမှုရေးအပိုင်းမှာ ပြည်သူတွေဟာ မတရား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ခံနေရတယ်ဗျာ” ဟု ပြောသည်။
တိုက်တွန်းနှိုးဆော်ချက်တွင် “ငါတို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး ပညာရေး အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းပြည်အတွက် တိုးတက် ပြောင်းလဲစေမယ့် စစ်မှန်တဲ့ တွေ့ဆုံ နွေးဆွေးပွဲကို မစမချင်း ငါတို့ရဲ့ စီးပွားရေးသပိတ်ကို ဆက်လက် ကိုင်စွဲထားမယ်” ဟု ဖော်ပြဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်း ဦးပညာဝံသ “တိုင်းသူပြည်သားတွေကို ဒီ လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီဝင်တွေရဲ့ ဦးဆောင်မှု နောက်ကနေ အားပေးကူညီကြပါလို့ ပြောချင်တယ်။ စစ်အာဏာရှင်တွေရဲ့ စီးပွားရေး အောင်မြင်လာရင် သူတို့ရဲ့ အောင်မြင်မှုဟာ ကိုယ့်ကိုပြန်ပြီး ဖိနှိပ်မှု ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် စစ်အစိုးရရဲ့ စီးပွားရေးကို လူထုလုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီတွေရဲ့ နောက်ကနေ လိုက်ကြပြီးတော့ သပိတ်မှောက်ကြပါ၊ တညီတညွတ်ထဲ သပိတ်မှောက်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု မိန့်ကြားသည်။
လူထု လှုပ်ရှားမှုကြီးကြပ်ရေး ကော်မတီသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် လှုပ်ရှားမှုအပြီးတွင် လူမှုလူတန်းစားအဖွဲ့ပေါင်း ၁၂ ဖွဲ့နှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဖနိဒါ မဇ္ဈိမ သတင်းဋ္ဌာန မှ

Tags
သတင်း