ပွင့်လင်းရာသီအတွင်း ကချင် ပြည်နယ်ရှိမြန်မာသစ်များ ကို တရုတ်ပုဂ္ဂလိက သစ်လုပ်ငန်းများ မှ တရုတ် ပြည်ဘက်သို့ တင်ပို့လျှက်ရှိရာ ၎င်းလုပ်ငန်းများကို နေပြည်တော် တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး (ကက စစ်)မှ ဖမ်းဆီးနေ ကြောင်း ဒေသခံ သစ်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
“နေပြည်တော်က စိုးမိုးနိုင်ဆိုတာရောက်နေတယ်၊ သူကအတောင်းကြမ်းလွန်းလို့ ဒီနှစ်မှာ တရုတ်တွေ တောင်ငိုနေရပြီ၊ သူကတော့ ဒီဘက်မှာ လူကြမ်းမင်းသားဘဲ ” ဟု သစ်လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ တဦးကပြောသည်။
ယခုကဲ့သို့ နေပြည်တော်မှ လွှတ်ထားသည့် အထူးဖမ်းဆီးရေးများမှာ ယခင်ကရှိခဲ့ဖူးသော်လည်း ယခုနှစ်သည် ယမန်နှစ် ကနှင့် မတူဘဲ ပိုမိုဖမ်းဆီးလာကြောင်း သစ်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပြသည်။
“ဒီနှစ်က မနှစ်နဲ့ မတူဘူး နှစ်တိုင်းလိုလို ဖမ်းပေမယ့် တနှစ်တခြား ဖမ်းတာ ပိုပို ကြပ်လာတယ် တရုတ် သစ်လုပ်ငန်း လုပ်တဲ့ လောပန်းကိုယ်စားလှယ် တွေကကျပ်သိန်း လေး၊ ငါးထောင်နဲ့ ချီပေးထားတာရှိတယ်၊ ဂိတ်ကြေးဆိုရင်လည်း ကျပ်သိန်း ၅၀၊ တရာ ပေးရတယ်” ဟု၎င်းကဆိုသည်။
“မဖမ်းမနေရဆိုပြီး နေပြည်တော်က အမိန့်ပေးထားပေမယ့် အောက်ခြေမှာ ညှိနှိုင်းကြတယ်။ ကြိုက်တဲ့ ဈေးရရင် အဖမ်း အဆီး ပြရုံပဲပြရတယ်”ဟု သစ်လုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ တဦးကပြောသည်။
အမှန်တကယ်ဖမ်းပြီဆိုလျင် ကားရောသစ်ပါဖမ်းဆီးပြီး ဖမ်းဆီးထားသည့် ကားနှင့်သစ်များကို အစိုးရအကျိုးတူ ကုမ္ပဏီများ ဖြစ်ကြသည့် ထူး၊ ပစိဖိတ် အစရှိသည့် ကုမ္ပဏီများကပြန်လည်၍ လေလံတင် ရောင်းချကာ အကျိုးအမြတ်ကို အစိုးရနှင့် အကျိုးတူ ကုမ္ပဏီတို့ ထက်ဝက်စီ ရယူသည်ဟုသိရသည်။
ယခုလက်ရှိတွင် အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်းရေးယူထားသည့် KIA နှင့် မြန်မာ အစိုးရအကြား ဆက်ဆံရေး တင်းမာနေ သည်ဟုလည်း သိရသည်။
“ပြည်တွင်းကတော့ စစ်ပြန်ဖြစ်မလိုတောင် ကြားနေတယ်။ ဒီလောက်ညှိနှိုင်းနေတာတောင်၊ နအဖဘက်က လက်မခံဘူး ဖြစ်နေတယ်၊ ဒါကြောင့် ကေအိုင်အေ လူကြီးတွေလည်း စိတ်ညစ်နေရတယ်” ဟု ကေအိုင်အေ နှင့် နီးးစပ်သူ တဦးထံမှ သိရသည်။
လွန်ခဲ့သည့် ရက်ပိုင်းက ဗိုလ်ချူပ်ကြီးသိန်းစိန်သည် ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ဆီသို့လာရောက်ကာ လက်နက်ချရန် ဖိအားပေးခဲ့သော်လည်း KIA က လက်မခံခဲ့သဖြင့် ၀င်ငွေများကို ထိန်းချူပ်သည့်အနေနှင့် သစ်လုပ်ငန်းများကို ဖမ်းဆီးခြင်း ဖြစ်နိုင်သည် ဟု ၎င်းဒေသခံက သူ၏အမြင်ကို ပြောပြသည်။
တရုတ်နယ်စပ်တလျှောက်ကို KIA က ထိန်းချူပ်ထားလျှက်ရှိရာ ၎င်းKIA တပ်များနေရာကို စစ်အစိုးရက ပြန်လည်ထိန်းချူပ် ချင်သည့် အနေအထားရှိသည်ဟု ဒေသခံများကဆိုသည်။
ယခုလက်ရှိတွင် လုံခြုံရေးအတွက်ဟုဆိုကာ ၀တ်စုံအပြည့်နှင့် ဒိုင်းများကိုင်၍ မြစ်ကြီးနား အေးချမ်းသာယာရေး ဘောလုံး ကွင်း၌ စစ်သားအယောက် ၄၀၀ခန့် နံနက်တိုင်းလေးကျင့်နေကြကြောင်း သိရသည်။ မြစ်ကြီးနားအခြေစိုက် အစိုးရရုံး ၀န်ထမ်းများကိုလည်း စစ်အစိုးရကို ဆန့်ကျင်မှုများမလုပ်ရန် လက်မှတ် ထိုးခိုင်သည်ဟုဒေသခံများက ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချူပ်မောင်မောင်ဆွေ လက်ထက်၂၀၀၄ခုကလည်း အလားတူ ဖမ်းဆီးခြင်းမျိုး ပြုလုပ်ခဲ့ဖူးကြောင်းသိရသည်။
ယခုအခါ ကချင်ပြည်နယ်အတွင်းရှိသစ်လုပ်ငန်းများကို လက်ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ ခွင့်ပြုချက်နှင့် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
အေးလဲ့ ဧရာဝတီ သတင်းဋ္ဌာန မှ

Tags
သတင်း