ဖားကန့် ကျောက်စိမ်းဒေသကို ထူးကုမ္ပဏီသိမ်းပိုက်

ဖားကန့်နယ်အတွင်းရှိ ကျောက်စိမ်းထွက်ရှိသည်ဟူသော နေရာဒေသမှကျေးရွာများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်မှု ရှိသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သိမ်းယူ၍ ရွာသားများကိုဖယ်ရှားခိုင်းကြောင်း ဒေသခံတဦးက ပြောပြသည်။

၂၀၀၇ နိုဝင်ဘာလအတွင်းက ဦးတေဇ၏ ခိုင်းစေမှုကြောင့် တာရာကုန်းရွာမှ ရွာသား ၃၀၀ ကျော်ခန့် အိုးအိမ်များကိုဖယ်ရှား ပေးခဲ့ရကြောင်း ကချင်လူမျိုးတဦးဖြစ်သူ မာဂရန်းက ဧရာဝတီသို့ ပြောပြသည်။

ဦးတေဇက ရွာသားများကိုဖိအားပေး ဖယ်ရှားခိုင်းရာ၌ ၎င်းဒေသတွင် ကျောက်စိမ်းကျော တွေ့ရှိသောကြောင့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ရန်ဟု အကြောင်းပြခဲ့ကြောင်း ပြောပြသည်။

“ဒီရွာနေရာမှာ ကျောက်စိမ်းကျောကျန်သေးတယ်ဆိုတာ သိသွားတာနဲ့ ဦးတေဇက ဖယ်ခိုင်းတယ်ဆိုပြီး ရွာသားတွေကို စဖယ်ခိုင်းတော့တာပဲ။ ခုတော့ ရွာသားတွေအားလုံး ထွက်ပြေးကုန်ကြပြီ။ ဒါပေမဲ့ ဘုရားကျောင်းတော့ ကျန်သေးတယ်” ဟု မာဂရန်းကပြောသည်။

ဘုရားကျောင်း နေရာဖယ်ရှားရန် ကျန်ရှိနေသေးသောကြောင့် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းမစတင်နိုင်ဘဲဖြစ်နေရာ ဦးတေဇက ဖေဖော်ဝါရီလကုန်နောက်ဆုံးထား၍ ဘုရားကျောင်းကို ဖယ်ရှားပေးရန် ဖိအားပေးပြောဆိုထားသည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးများထဲတွင် တဦးအပါအဝင်ဖြစ်သူ ဦးတေဇသည် ကျွန်းသစ်များကို ပြည်ပသို့တင်ပို့သည့် ထူးထရေးဒင်း ကုမ္ပဏီလိမိတက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည့်ပြင် မြန်မာ့ တခုတည်းသော တဦးတည်းပိုင်လေကြောင်း ကုမ္ပဏီ အဲပုဂံကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ထူးထရေးဒင်းကုမ္ပဏီ လိမိတက်သည် ယခုအခါ ခရီးသွားလာရေးလုပ်ငန်းများ၊ သစ်ထုတ် လုပ်ရေးလုပ်ငန်းများနှင့် အခြားသော ပြည်တွင်းစက်မှုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦး၏ အဆိုအရ ယခုလက်ရှိတွင် ဦးတေဇသည် တောင်ကိုရီးယားနိုင်ငံ ပူဆန်ဆိပ်ကမ်း သို့ ကုန်တင်သင်္ဘောတစင်း ဝယ်ယူရန် သွားရောက်လျှက်ရှိသည်ဟု သိရသည်။

ဦးတေဇအနေနှင့် စစ်အစိုးရထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းရရှိထားဟန်ရှိကြောင်းနှင့် ၎င်းငွေဖြင့် ကုန်တင် သင်္ဘောဝယ်ယူမည့် အနေအထားရှိသည်ဟု ဆိုသည်။

“ကြည့်ရတာတော့ ဦးတေဇက မြန်မာနိုင်ငံရဲ့ ပထမဆုံး အပြည်ပြည်ဆိုင်ရာ သင်္ဘောကုမ္ပဏီကြီး စထောင်ဖို့ ကြံစည်ပုံ ရတယ်” ဟု၎င်းကဆက်ပြောသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုတွင် ဦးတေဇက ထင်ရှားသော ပစ်မှတ်တခုဖြစ်နေပြီး ၂၀၀၇ အောက်တိုဘာက ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်းကို နာမည်ပျက်စာရင်း သွင်းခဲ့သည်။

ဦးတေဇသည် မြန်မာပြည်၏ အမြတ်အစွန်းကြီးမားသော စီးပွားရေးလုပ်ငန်းမှန်သမျှကို တဦးတည်း လက်ဝါးကြီးအုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း ရန်ကုန်မြို့ရှိစီးပွားရေး အသိုင်းအဝန်းမှ ပြောကြားသည်။

အေးချမ်းမြေ့ ဧရာဝတီ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form