တောင်ကုတ်တွင် နိုင်ငံရေးပိုစတာများ ကပ်နေ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူစည်ကားရာနေရာများတွင် ယနေ့ နံနက်ပိုင်းက နိုင်ငံရေးတောင်းဆိုချက်များ ပါဝင်သည့် ပိုစတာများကို လိုက်လံကပ်ထားကြောင်း မျက်မြင်သက်သေများက ပြောသည်။

နံနက် ၇း၃ဝ နာရီခန့်က တောင်ကုတ်မြို့ လူစည်ကားရာများဖြစ်သည့် ဆေးရုံကွက်သစ်ဈေး၊ ချောင်းကောက် မော်တော် ဆိပ်၊ ဆေးရုံအနီး နေရာများတွင် ယင်းပိုစတာများ ကပ်ထားသည်ကို ဖတ်ရှုခဲ့ရသည်ဟု တောင်ကုတ် ဒေသခံတဦးက ပြောသည်။

“ကျနော်မြင်တဲ့ ဆိုင်းဘုတ်မှာ တွေ့ရတာကတော့ အဖမ်းဆီးခံရဟန်းသံဃာများနှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးဆိုပြီး ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

နံနက် ၈ နာရီခန့်တွင် ရဲဟု ယူဆရသူတဦးက အဆိုပါ ပိုစတာကို ရဲစခန်းသို့ ဖြုတ်ယူသွားကြောင်း၊ မည်သူမည်ဝါ ကပ်သွား သည်ကို မသိလိုက်ကြောင်းနှင့် ကပ်သွားသူကို ယခုအချိန်အထိ သက်ဆိုင်ရာက ဖမ်းမမိသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကပ်ထားသည့် ပိုစတာများတွင်ပါရှိသော နိုင်ငံရေးတောင်းဆိုချက်များမှာ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အအရေး ကြေညာစာတမ်းကို လေးစားလိုက်နာရန်၊ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဖမ်းဆီးခံထားရသော ရဟန်းသံဃာများနှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးမှုများအား အမြန်ဆုံးရပ်တံ့ရန်၊ အမြန်ဆုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် စသည်တို့ဖြစ်ကြောင်း တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့မှ ကိုမိုးနိုင်စိုးက ပြောပြသည်။

တောင်ကုတ်မြို့တွင် အာဏာပိုင်များက လုံခြုံရေး ဆက်လက်ချထားပြီး အန်အယ်လ်ဒီ အဖွဲ့ဝင်လူငယ်များကို မျက်ခြည် မပြတ် စောင့်ကြည့်နေသည်ဟုလည်း သိရသည်။

“အန်အယ်လ်ဒီ အဖွဲ့ဝင်လူငယ်တွေကို အမြဲတမ်းစောင့်ကြည့်နေတယ်၊ ဒီနေ့အထိတော့ ထပ်ပြီး အဖမ်းဆီး မရှိသေးဘူး၊ ဟိုတနေ့က ဆန္ဒပြတဲ့ လူငယ် ၂ ယောက်ကိုတော့ ဖမ်းထားတယ်၊ လုံခြုံရေးတွေက ဖောင်တော်ဦး ဘုရားကြီးအနားမှာ အမြဲတမ်းရှိနေတယ်၊ လူပေါင်း ၃၀ ကျော်လောက်ဟာ တုတ်ဒိုင်း လက်နက်တွေနဲ့ ပြည်သူတွေ အလန့်တကြားဖြစ်အောင် လုပ်နေကြတယ်”ဟု အထက်ပါ တောင်ကုတ်ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က တောင်ကုတ်မြို့ ဈေးလမ်းမကြီးပေါ်တွင် စက်ဘီးများစီး၍ ကြွေးကြော်သံများ ကြွေးကြော် ဆန္ဒပြခဲ့ကြသည့် အသက် ၃၀ ခန့်ရှိ ကုလားရွှေခေါ် ကိုသန်းဌေးနှင့် ကိုဇော်နိုင်ဆိုသူတို့အား ဆန္ဒပြနေစဉ်ပင် ရဲများက ရိုက်နှက်ဖမ်းဆီးပြီး တောင်ကုတ်ရဲစခန်းတွင် ထိန်းသိမ်းထားရာ ၎င်းတို့ ၂ ဦးကို လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရုံးတင်တရားစွဲမည်ဖြစ်ကြောင်း ကိုမိုးနိုင်စိုးက ပြောဆိုသည်။
ဇန်နဝါရီ ၁၇ ရက်ကလည်း တောင်ကုတ်မြို့တွင် သံဃာတော် ၁၀ ပါးခန့် အပါအဝင် လူအင်အား ၂၀၀ ခန့် ဆန္ဒပြရန် စုရုံးစဉ် မယက၊ လုံထိန်းများ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များ စသည့် အာဏာပိုင်များက ဖြိုခွဲခဲ့သောကြောင့် ဆန္ဒပြပွဲ အထမမြောက် ဖြစ်ခဲ့ရသည်။

ဆုံဆည်းရာ မှ ကူးယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form