နအဖ မလိုလားသည့် ပိုစတာများ တောင်ကုတ်တွင် လိုက်ကပ်ထား

‘ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရေးနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာပါ’ ဟု ရေးသား တောင်းဆိုထားသည့် ပိုစတာများကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့ထဲတွင် အမည်မသိ လူအချို့က လိုက်လံ ကပ်ထားကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ ပြည်သူ့ဆေးရုံ၊ ဈေး၊ လှေဆိပ် အစရှိသည့် လူစည်ကားရာ နေရာများတွင် အဆိုပါ ပိုစတာများ လိုက်လံကပ်ထားသဖြင့် ဒေသခံ ရဲဝန်ထမ်းများက လိုက်လံ ခွါယူနေကြောင်း ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

“တောင်ကုတ်မြို့ရဲ့ ပြည်သူ့ဆေးရုံနားမှာရယ်၊ နောက်တခုက ဆေးရုံကွက်သစ် ဈေးနားမှာရယ်၊ နောက် မော်တော်ဆိပ်မှာရယ် ဖြစ်တယ်ခင်ဗျာ။ မနက် ၈ နာရီမှာ လုံခြုံရေးတွေက ခွါယူသွားတယ်။ အဓိကကတော့ နောက်ဆုံးမှာပါတဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာပါ ဆိုတာကို ပြည်သူတွေက လိုလားတယ်လို့ ကျနော်တို့က မြင်တယ်ခင်ဗျာ” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

အခြားဒေသခံတဦးကလည်း “ဒေသခံ ပြည်သူတွေကတော့ အကုန်လုံး တွေ့ကြတယ်ခင်ဗျာ။ ဟို ၈ နာရီကျော်လောက်မှာ ခွါသွားတယ်ဗျာ။ လူတွေ အကုန်လုံး နီးပါးလောက်ကို တွေ့ခဲ့ကြတယ် ခင်ဗျ” ဟု ပြောဆိုသည်။

ပိုစတာထဲတွင် ‘ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေစားလိုက်နာပါ’၊ ‘ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး’၊ ‘ဖမ်းဆီးခံထားရသည့် ရဟန်းသံဃာများနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လွတ်ပေးရေး’၊ ‘ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးမှုများအား အမြန်ဆုံး ရပ်တန့်ပေးရေး’နှင့် ‘အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာပါ’ ဟု တောင်းဆိုချက်များ ရေးသားပါရှိသည်။

ယခုလ ၁၉ ရက်နေ့ကလည်း တောင်ကုတ်မြို့နှင့် တမိုင်ခန့်အကွာတွင် တည်ရှိသော ကျောက်ဖြူကားလမ်းပေါ်မှ တဆင့် မြို့ထဲအထိ ‘အမိ မြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ် စောင့်ရှောက်ကြ’ ဟူသည့် ရေးသားချက်များ ပါဝင်သည့် နအဖ ဆန့်ကျင်ရေး စာရွက်များ ပျံ့နှံ့ခဲ့သေးသည်။

အာဏာပိုင်များက ယခုအခါ မြို့ထဲတွင် လုံခြုံရေးများ တင်းကျပ်ထားလိုက်သည်။



မဇ္ဈိမသတင်းဌာန-သန်းထိုက်ဦး/ ၂၈ ဇန်န၀ါရီ ၂၀၀၈

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form