လက်ရှိတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် မကျေနပ်

လတ်တလောပြုလုပ်နေသည့် နအဖ ဆက်ဆံရေးကိုယ်စားလှယ်နှင့် တွေ့ဆုံမှုများတွင် အချိန်သတ်မှတ်ချက် မရှိသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

ယနေ့နေ့လယ်ပိုင်းက အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့အပြီး အန်အယ်လ်ဒီ ဌာနချုပ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက သတင်းထောက်များအား ပြောဆိုခြင်း ဖြစ်သည်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက ယနေ့တွေ့ဆုံခွင့် ပြုခဲ့သော် လည်း ၎င်းတွေ့ဆုံပွဲတွင် ဒုဥက္ကဌ ဦးတင်ဦး တက်ရောက်ခွင့် မရခဲ့ပေ။

ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးအခြေအနေတရပ်ကို မျှော်လင့်ထားရန်နှင့် အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထားရန် မှာကြားသည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက ထည့်သွင်းပြောဆိုသည်။

လတ်တလောတွေ့ဆုံမှုများတွင် တိုင်းရင်းသားအင်အားစုများလည်းပါဝင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သည်ဟုလည်း ဦးဉာဏ်ဝင်းက သတင်းစာဆရာများအား ပြောသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း အန်အယ်လ်ဒီ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ခဲ့ကြပြီး ယခုလ ၁၁ ရက်နေ့က စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ခြင်းဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှစ၍ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၄ နှစ် ပြည့်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။

ဧရာဝတီသတင်း ဋ္ဌာန မှ ကူးယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form