တောင်သူလယ်သမား အရေးတော်ပုံ ပေါ်ပေါက်ရေး တောင်ကုတ်တွင် စာကပ်

နယူးဒေလီ။ ။ တောင်းဆိုချက်များကို နအဖ မှ မလိုက်လျောလျှင် လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပေါ်လာနိုင်သည် ဟူသည့် စာရွက်များ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ လမ်းဘေးများတွင် ယနေ့ ကပ်ထားသည်။

ဒေသအာဏာပိုင်များမှ တောင်သူလယ်သမားများ အပေါ် ဖိနှိပ်မှုများ ရပ်တန့်စေပြီး အဓိပ္ပာယ် ပြည့်ဝသည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို နအဖ အနေနှင့် အမြန်ဆုံး မလုပ်ဆောင်ပါက လာမည့် ပြည်ထောင်စုနေ့တွင် အရေးတော်ပုံကြီး ဖြစ်ပေါ်လာနိုင်ကြောင်း ရခိုင်ပြည် တောင်သူလယ်သမားများ အစည်းအရုံး၏ လက်မှတ်ဖြင့် ရေးသားထားသည့် တောင်းဆိုချက်များကို တောင်ကုတ်-ကျောက်ဖြူ ကားလမ်းတလျှောက် လမ်းဘေးသစ်ပင်များတွင် ကပ်ထားကြောင်း တောင်ကုတ်မြို့ခံများ အဆိုအရ သိရခြင်း ဖြစ်သည်။

ဒေသခံတဦးက “နေ့လည် တနာရီလောက်က တောင်ကုတ်-ကျောက်ဖြူ ကားလမ်းဘေး သစ်ပင်တွေမှာ စာကပ်ထားတာ တွေ့ခဲ့တယ်ဗျ။ စာထဲမှာကတော့ တောင်သူ လယ်သမားတွေရဲ့ တောင်းဆိုချက်တွေ ရေးထားတာ တွေ့ခဲ့တယ်”ဟု ပြောသည်။

စာထဲတွင် တနိုင်ငံလုံးရှိ တောင်သူလယ်သမားများအပေါ် ဒေသ အာဏာပိုင်များက ဖိနှိပ်နေသည့် စစ်တပ်အတွက် အတင်းအဓမ္မ စပါးဝယ်ယူခြင်းအား အမြန်ဆုံး ရပ်တန့်ပေးရန်နှင့် ဒေသ၏ ရာသီဥတု၊ ရေမြေ အနေအထားအရ စိုက်ပျိုးရန် မကိုက်ညီသော အသီးအနှံများကို အတင်းအဓမ္မ စိုက်ခိုင်းခြင်း မပြုရန် တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ရန်၊ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ စက်တင်ဘာ လှုပ်ရှားမှုအတွင်း ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းအပေါ် ပြည်သူများ ကျေနပ်သည်အထိ တောင်းပန်ရန်၊ စစ်မှန်သော တန်းတူညီမျှသော တရားဥပဒေ စိုးမိုးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝသော ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာရန်လည်း ရေးသားထားသည်။

အခြား ဒေသခံ တဦးကလည်း တောင်းဆိုချက်များအတိုင်း လာမည့် ပြည်ထောင်စုနေ့ ဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နောက်ဆုံးထား လိုက်လျောရန်နှင့် မလိုက်လျောလျှင် ဒုတိယအကြိမ် တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာလိမ့်မည်ဟု ရေးသားထားသည်ဟု ပြောသည်။

ယခုစာထဲတွင် ပါဝင်သည့် နိုင်ငံရေး တောင်းဆိုချက်များနှင့် တူညီသည့် အချက်များကို ပြည်ထောင်စုနေ့ မတိုင်မီ အမြန်ဆုံး ဖြည့်ဆည်းပေးရန်အတွက်လည်း ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ အပါအဝင် လူမှုလူတန်းစားအစုအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီကလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ကလည်း နအဖ ကို တောင်းဆိုခဲ့သေးသည်။

ထိန်လင်း မဇ္ဈိမ မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form