၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ပုံနှိပ်ဥပဒေဖြင့်တရားစွဲ

အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသည့် ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင်များကို နအဖ စစ်အစိုးရက တရားမ၀င်ပုံနှိပ်ဖြန့်ဝေမှုဖြင့် တရား
စွဲဆိုထားကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သည့် မိသားစုဝင်တဦးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချို ၏ဇနီး မ၀ါဝါ၀င်းက “သူတို့ကို တရားဆွဲတာက ပုဒ်မ ၁၇/၂၀ တဲ့။ ထောင်ထဲမှာပဲ ရမန်လာယူ
တယ်တဲ့။ တရားမ၀င်ပုံနှိပ်ထုတ်ဝေမှုလို့ပြော
တယ်။ တရားရုံးဘယ်နေ့ထုတ်မှာလဲတော့မပြော ဘူး။ အမှုအတွက် ရှေ့နေငှားဖို့တို့ဘာတို့ကို ကိုပြုံး ချိုက ဘာမှမပြောသေးတဲ့အတွက် ကျမတို့က ဘာမှ မလုပ်ရသေးဘူးပေါ့နော်။ အထဲရဲ့အနေ အထားက ခက်တယ်လေ။လုပ်ခွင့်ရရင်တော့ လုပ်ရမှာပေါ့။ ကိုပြုံးချိုအပေါ်မှာမူတည်ပြီး
အပြင်က ကျမကလုပ်ခွင့်ရှိရမှာ ပေါ့နော်။

အများနဲ့ လုပ်ထားတာဆိုတော့ အများ သဘောတူညီချက်နဲ့ ဆက်လုပ်ရမှာပေါ့” ဟု ပြောသည်။

ကိုပြုံးချိုအပါအ၀င် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ ကိုအံ့ဖွယ်ကျော် စသည့် ကျောင်းသားခေါင်းဆောင် (၁၆) ဦးတို့ကို ၁၇/၂၀ ပုဒ်မဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ကျောင်းသားခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွားမရှိကြောင်း မ၀ါဝါ၀င်း
က ပြောသည်။

ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၇/၂၀ သည် မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ် ဝေသူများကို ချမှတ်သည့်ပြစ်ဒဏ်ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် (၁) နှစ်မှ (၇) နှစ်ဖြစ်စေ၊ ငွေ
ဒဏ် ကျပ်(၃)ထောင်မှ (၃) သောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို တရားရုံးရှေ့နေ ဦးသိန်းညွန့်က ပြောသည်။

“သူ့ဥပဒေက ဥပဒေပေါ့ဗျာ။ ကျနော်တချက်ပြောချင်တာက လူ့အခွင့်အရေးကြေညာစာတမ်း
အပိုဒ် (၁၉) နဲ့ အခု ၈၈ ကျောင်းသားခေါင်းဆောင်တွေအပေါ်မှာ အရေးယူထားတဲ့အချက်က နှိုင်းယှဉ်ဖို့လိုအပ်တယ်။ သူတို့ရဲ့ဆောင်ရွက်ချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအပုဒ် (၁၉) ဘောင်အတွင်းမှာ ရောက်တယ်ဆိုရင် အခုလိုသူတို့ကို ပြည်တွင်းဥပဒေအရ၊ ပုံနှိပ်ဥပဒေအရအရေးယူတယ်ဆိုတာ ဥပဒေကြောင်းအရ သင့်မြတ်ခြင်းရှိမရှိ ဒါက မေးခွန်းထုတ် စရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) ၌ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လပ်
စွာဖွင့်ဟ ဖော်ပြနိုင်ခွင့် လူတိုင်း၌ရှိကြောင်း၊ ထိုအခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံနယ်နိမိတ်ကို ထောက်ထားစရာမလိုဘဲ လွတ်လပ်စွာဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်ရှိသည်
ဟု ကုလသမဂ္ဂကပြဋ္ဌာန်းထားပြီး မြန်မာနိုင်ငံ အပါအ၀င် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်
နာပါမည်ဟု လက်မှတ်ရေးထိုးထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လောင်စာဆီဈေးနှုန်းလျော့ချပေးရေး ဆန္ဒပြမှု နှင့်စပ်လျဉ်း၍ ယမန် နှစ် သြဂုတ်လကတည်းက တရားမစွဲဆိုဘဲ ဖမ်းဆီးထားခဲ့ပြီး ယခုအချိန်မှ ပုံနှိပ်ဥပဒေဖြင့် တရားစွဲခြင်းဖြစ်သည်။

၂၀၀၅ ခုက ခွန်ထွန်းဦးအပါအ၀င် ရှမ်းခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရာ တွင်လည်း ပုံနှိပ်ဥပဒေသည် တခုအပါအ၀င်ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် မရှေးမနှောင်းဖမ်းဆီးခံခဲ့ရသည့် ကုန်ဈေးနှုန်း ကျဆင်းရေးဆန္ဒပြသူ ကိုထင်ကျော်ကိုမူ စစ်အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ယခင် လက တရားစွဲဆိုခဲ့သည်။

ခေတ်ပြိုင် မှ ကူးယူတင်ပြပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form