ဘေလာ့ဂ္ဂါမ်ား ထွက်ပြေးတိမ်းရှောင်နေကြရ

နယူးဒေလီ။ ။ မြန်မာ ဘလော့ဂ်ဂါတဦး ဖြစ်သူ ကိုနေဘုန်းလတ်အား ရဲများက ယနေ့နံနက်တွင် ဖမ်းဆီးသွားသဖြင့် ကျန်ရှိသည့် မြန်မာ ဘလော့ဂ်ဂါများလည်း ထွက်ပြေး တိမ်းရှောင်နေကြသည်။

စာရေးဆရာ တဦးလည်းဖြစ်သူ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အတွင်းရှိ သူပိုင်ဆိုင်သည့် အင်တာနက် ကဖီးဆိုင်တခုမှ ရဲများက လာရောက် ဖမ်းဆီးသွားပြီးနောက် ကျန်ရှိသည့် မြန်မာ ဘလော့ဂ်ဂါ အုပ်စုများ အနေဖြင့်လည်း ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။

“အခု လောလောဆယ် ကိုနေဘုန်းလတ် ကိစ္စကြောင့် ကျနော်တို့ အားလုံး အပြင်ရောက်နေကြတယ်” ဟု အမည်မဖော်လိုသူ ဘလော့ဂ်ဂါတဦးက မဇ္ဈိမကို ပြောသည်။

www.nayphonelatt.blogspot.com ပိုင်ရှင် ကိုနေဘုန်းလတ် သတင်းကို http://www.mizzimaburmese.com/content/view/517/1/ တွင် ဖတ်ရှုနိုင်ပါသည်။

ဘလော့ဂ်ဂါများကို ဖြိုခွင်းပြီဟု ယူဆ၍ ထွက်ပြေးရခြင်း ဖြစ်ကြောင်းနှင့် သူ၏ သူငယ်ချင်းများလည်း တိမ်းရှောင်နေပြီ ဖြစ်သည်ဟု အခြား ဘလော့ဂ်ဂါ တဦးကလည်း ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်မှ စတင်ကာ အင်တာနက် အသုံးပြုသူများအား စစ်အာဏာပိုင်များက အနီးကပ် စောင့်ကြည့်မှု ပိုမို တိုးမြှင့် လုပ်ဆောင်လာခဲ့သည်ဟု ပြည်တွင်း အင်တာနက် သုံးစွဲသူများက ပြောသည်။

မြန်မာလူငယ်များအကြား ရေပန်းစားလှသည့် ဘလော့ဂ်ရေးခြင်းမှာ ဖမ်းဆီးခံရမည့် အန္တရာယ်နှင့် နီးလှသည်။ ရွှေဝါရောင် တော်လှန်ရေးအတွင်း ရဟန်းရှင်လူ ဆန္ဒပြ ဓာတ်ပုံများကို လွှတ်တင်သဖြင့် မိုးကုတ် မီဒီယာ www.mogokmedia.blogspot.com ဘလော့ဂ်ပိုင်ရှင် ကိုသားဖြူမှာ ခေတ္တ ထိန်းသိမ်းခံလိုက်ရသေးသည်။

ထိုသို့ ဘလော့ဂ်ဂါများ အကြပ်အတည်း တွေ့နေချိန်တွင် စစ်အအစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အာဏာရူးကြီး ဟု ရေးသားဖော်ပြခဲ့၍ အဖမ်းခံနေရသော ကဗျာဆရာ ကိုစောဝေ အား ပြီးခဲ့သည့် စနေနေ့တွင် အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သည့်သူများက ပြောသည်။


မဇ္ဈိမသတင်းဌာန မှ ကူးယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form