ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks


ကျော်သူ

၁၉၅၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်ထဲ မိခင်၊ ဖခင်တို့၏ နွေးထွေးမှု ပဲ့ပင် သွန်သင်ဆုံးမမှု တို့နှင့် ကြီးပြင်းလာရသည့် ကျွန်တော် … ၊ မိခင်၊ ဖခင်တို့၏နွေးထွေးမှု ရင်ခွင်အရိပ် အာဝါသထဲ ကြီးပြင်းလာရတဲ့ ကျွန်တော် … ၊ (၃) နှစ်သားအရွယ် ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်းခံခဲ့ရသည်။

ထိုအချိန်အခါက မြန်မာပြည်တွင်ရှိ စက်မှု လက်မှုကုန်ပစ္စည်းများ (ပုပ္ပလိက စက်ရုံအလုပ်ရုံထုတ်ပစ္စည်းများ) မှာ ပြည်ပနိုင်ငံ များမှ အထူးနှစ်ခြိုက် အားပေးခြင်း ကို ခံခဲ့ရသည်။ သို့သော် စစ်အစိုးရ၏ ပုပ္ပလိက စက်ရုံအလုပ်ရုံများသည် အများပြည်သူ တို့နှင့်သာ သက်ဆိုင်သည် ဟူသော ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများ၊ ရုပ်ရှင်ရုံများ စသည်တို့ကို သိမ်းဆည်းခြင်း ခံခဲ့ရသည်သာမက စက်ရုံအလုပ်ရုံ ပိုင်ရှင်များ ကိုပါ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။

ထိုကဲ့သို့ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်ခဲ့ရာတွင် ကျွန်တော်၏အဖိုး ဦးချစ်မောင် (ခေတ်အကြိုက် နိုင်လွန်စက်) ကျွန်တော်၏ ဖခင်၊ ကျွန်တော်၏ ဦးလေးတို့ပါ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။

နုငယ်စဉ် ကာလဖြစ်သည်နှင့်အညီ ကျွန်တော်သည် ထိုအကြောင်းအရာများကို မသိရှိခဲ့ပါ။ ဖခင်၏ နွေးထွေးသော အရိပ် အာဝါသအောက်မှ လွတ်ကင်းခဲ့ရသည်မှာ (၁) နှစ်ခန့် ကြာမြင့်ခဲ့သည်။ မိခင်နှင့် အဒေါ်များ၊ ဦးလေးများ လက်ဝယ်ကြီးပြင်း လာခဲ့ကာ ပညာသင်ကြားခဲ့ရာ သက်တမ်းတစ်လျှောက် ဦးနေဝင်း လက်ထက်တွင် တရုတ်ဗမာအရေးခင်း၊ ဦးသန့်အရေးအခင်း စသည်တို့အား တွေ့ကြုံခံစားခဲ့ရသည်။

ယင်းကဲ့သို့ အရေးအခင်းများ၏ ဖြစ်ရပ်များကြောင့် မီးလောင်လွင်ပြင်များ၊ အော် ဟစ်ပြေးလွှားမှုများ၊ ပစ်ခတ် ဖမ်းဆီးမှုများ၊ ရိုက်နှက်ချုပ်နှောင်မှုများ သည် သိတတ်သည့်အရွယ်ကို ရောက်ပြီဖြစ်သော် ကျွန်တော့်၏ မျက် ဝန်းထဲ၊ နှလုံးသားထဲတွင် ဆိုးဝါးလှသည့် အနိဌာရုံမြင်ကွင်းများ ကိန်းဝပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။

ထိုမှ တက္ကသိုလ်သို့ရောက်ရှိ၍ ပျော်ရွှင်ဖွယ် ပညာသင်ကြားနေခိုက်တွင် ဘဝပေးကံတရားကြောင့်လား မသိ၊ ရေစက်ကြောင့် လားမသိ ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့် အိမ်ထောင်ကျကာ ဘွဲ့မရခင် နောက်ဆုံးနှစ်တွင် ရုပ်ရှင် သရုပ်ဆောင်အဖြစ် ရုပ်ရှင်လောက ထဲသို့ ရောက်ရှိခဲ့ကြသည်။

ပညာရေးလည်း ဆုံးခန်းတိုင် ဘွဲ့မရ၊ ရှုပ်ထွေးလှ သည့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာခဲ့ခြင်းအပေါ် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်နေသူ ဖခင်နှင့် မိခင်တို့မှ ကျွန်တော်၏ ဘဝလမ်းကြောင်း မယိမ်း မယိုင်ဖြစ်စေ ရန် အနုပညာလောကတွင်လည်း စည်းကမ်းရှိစွာဖြင့် ကိုယ်ချင်း စာစိတ်မွေးဖွားနိုင်ရန်အတွက် အနီးကပ်ကြီး ကြပ်ပေးခဲ့သည်။

ကျွန်တော်သည် အိမ်ထောင်သည်တစ်ဦး၊ ဖခင်တစ်ဦး ဖြစ်နေပြီဖြစ်ပါသော်လည်း မိခင်၊ ဖခင်တို့သည် ကျွန်တော့်အား ကလေးသဖွယ် မိဘတို့၏ မေတ္တာလွှမ်းခြုံမှုကို ပေးနေမြဲဖြစ်သည်။ အနုပညာလောကတွင် ကျွန်တော်ကြုံတွေ့ ခံစားခဲ့ ရသော ပြဿနာပေါင်းစုံတို့အား ဖခင်ဖြစ်သူ အား တိုင်ပင်ခြင်း၊ အကြံပြုစေခြင်း၊ ရင်ဆိုင်ဖြေရှင်းပေးစေခြင်း၊ ဆွေးနွေး ညှိနှိုင်းစေခြင်းတို့အား ကျွန်တော်သည် အသက် (၄ဝ) ကျော် ၂ဝဝ၇ ခုနှစ်အထိ ဖခင်ဖြစ်သူအား အကူအညီတောင်းလေ့ ရှိသည်။

ဖခင်ဖြစ်သူမှလည်း ကျွန်တော်ကြုံတွေ့နေရသော အခက်အခဲပြဿနာပေါင်းစုံတို့အား အသေးစိတ် ညှိနှိုင်းဖြေ ရှင်းမှုကို ကျွန်တော်၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ကာ အမှန်တရားဘက်မှ ရပ်တည်ဖြေရှင်းပေး ခဲ့သော ကျေးဇူးရှင် ဖခင်တစ်ဦး လည်းဖြစ်ခဲ့သည်။

ရုပ်ရှင်လောကတွင် ကျင်လည်နေစဉ်ကာလ ၁၉၈၈ ခုနှစ်၊ (ရှစ်လေးလုံး) အရေးအခင်း ဖြစ်ပေါ် လာစဉ် ကာလ၌လည်း အများပြည်သူဘက်မှရပ်တည်၍ ဆန္ဒတောင်းဆိုပွဲများ၊ ချီတက်ပွဲများ၊ ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားမှုပြုရန် ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့်လည်းကောင်း၊ ကျွန်တော်၏ အများပြည်သူ ပရိသတ် အပေါ် တိုင်းပြည်အပေါ်ကျေးဇူး ဆပ်လိုသော ဆန္ဒတို့ဖြင့် ချီတက်ဆန္ဒပြခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အ.ထ.က (၁)ဒဂုံ ကျောင်းတို့တွင် ဟောပြောပွဲစင်မြင့်ပေါ်သို့ တက်ရောက်ဟောပြောခြင်းတို့ကို (ရှစ်လေးလုံး) ကာလ၌ လုပ်ဆောင်ခဲ့သည်။

(ရှစ်လေးလုံး) အဆုံးသတ်လိုက်သော အချိန်ကာလတွင် စစ်ထောက်လှမ်းရေး၏ ခေါ်ယူ စစ်ဆေး မေးမြန်း ခြင်း ကို ကျွန်တော်ခံခဲ့ရသည်။ ထိုအချိန်ကာလ၌ ဖခင်ဖြစ်သူသည် ကျွန်တော့်အား ခေါ်ယူစစ်ဆေးသည့် မင်္ဂလာဒုံ ထောက်လှမ်းရေး (၆) ရှိရာနေရာသို့ ကျွန်တော်နှင့်အတူ ထပ်ကြပ်မကွာ သားဇောဖြင့်လိုက်ပါခဲ့သည်။

ထိုကဲ့သို့သော ဖခင်တစ်ဦး၏ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာတို့ဖြင့် နွေးထွေးသော အရိပ် အာဝါသ အောက်တွင် ကြီးပြင်းလာရသည့်ကျွန်တော်သည် သား - ပြည်သိမ်းကျော်နှင့် သမီး - မြင့်မိုရ်ဦးတို့ တက္ကသိုလ် တက်ရောက်သည့်အချိန်ထိ မိဘနှင့်ပတ်သက်လျှင် ကလေးငယ်တစ်ဦးသဖွယ် ဖခင်ဖြစ်သူအား ဆက်ဆံနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့ ကလေးငယ်သဖွယ် မိဘအုပ်ထိန်းသူတို့နှင့် တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ကြီးပြင်း လာသည့် ကျွန်တော်သည် ၂ဝဝ၁ ခုနှစ်၌ ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဘဘဦးသုခနှင့် ပူးပေါင်းကာ လူမှုရေး လုပ်ငန်းဖြစ်သော နာရေး ကူညီမှု အသင်း (ရန်ကုန်) အား မိခင်၊ ဖခင် ဆရာတော်ကြီးများ၏ ဆုံးမသြဝါဒများ၊ ဇနီးဖြစ်သူ၏ ကုသိုလ်ရေးလုပ်ကိုင်လိုသော စိတ်ဆန္ဒ ပါရမီဖြည့်မှုများ၊ အများပြည်သူတို့ ကို ကျေးဇူး ဆပ် လိုသော ကျွန်တော့်၏မေတ္တာတရားများကြောင့် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စရပ်များ အား စတင် လုပ်ကိုင်ခဲ့သည်။

ထိုမှတဆင့် နာရေးကိစ္စရပ်အပြင် ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးစသည့် လုပ်ငန်းများကို တိုးချဲ့လုပ် ကိုင် ပေးဆပ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဖခင်၏ ယုံကြည်စိတ်ချရသော သားကောင်း တစ်ဦးအဖြစ် ကျွန်တော် ဘာသာရေး၊ လူမှုရေးကိစ္စများကို ထဲထဲဝင်ဝင် လုပ်ကိုင်နိုင်ခဲ့သည်။

မိမိကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ အနှောင့်အယှက်များ၊ အတိုက်အခိုက်များကို ကြံ့ကြံ့ခံကာ ရင့်ကျက်
သော လူကြီးတစ်ယောက် အနေဖြင့် ဖခင်၏ လောင်းရိပ်အောက်မှထွက်၍ ရင်ဆိုင်နိုင်ခဲ့သည်။

ထိုသို့ ရင်ဆိုင်နိုင်ခြင်းမှာ မိခင်၊ ဖခင်တို့၏ ကျွန်တော့်အပေါ် ယုံကြည်မှု၊ မေတ္တာတရား၊ နားလည်မှုတို့အပြင် ကျွန်တော်၏ ကျင့်ကြံပေးဆပ်ခဲ့သောသီလ၊ သစ္စာတရားများ ကြောင့်ပင်ဖြစ်သည်။

ထိုမှ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး (သံဃာ့အရေးအခင်း) သံဃာတော်များ စီတန်း လှည့်လ ည် မေတ္တာပို့သမှုများ ပြုလုပ်သည့်အချိန်တွင် လူမှုရေး၊ ဘာသာရေးများကို လက်ခံ ကျင့်သုံး ဆောင် ရွက် နေသော လူမှုရေးသမားဖြစ်သည်နှင့်အညီ ကျွန်တော်သည် ရွှေတိဂုံစေတီတော် ရှေ့ဘက် ကြေးသွန်း ဘုရားကြီး အရှေ့၌ နေပူပူ၊ မိုးထဲလေထဲ ထီး၊ ဖိနပ်မပါ မေတ္တာပို့သနေသော သံဃာတော်များအား ဆွမ်း ဆက်ကပ်ခြင်း၊ ဇနီး ဖြစ်သူ ရွှေဇီးကွက်မှလည်း ရန်ကုန်မြို့ထဲ၌ သံဃာတော်များအား သောက်ရေ၊ လိမ်းဆေး၊ မျက်နှာသုတ်ပဝါများ ဆပ်ကပ်လှူဒါန်းခြင်းတို့ကို ဗုဒ္ဓဘာသာဝင်များပီပီ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်
ပြု၍ စာနာစိတ်ဖြင့် ဆပ်ကပ်လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာ သံဃာ့အရေးအခင်း ပြီးစီးအချိန်ကာလတွင် ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပုန်းရှောင်နေ
သောကြောင့် ကျွန်တော့်၏ ဖခင်ဖြစ်သူအား တစ်နေကုန် ခေါ်ယူစစ်ဆေးမေးမြန်း ခြင်းကို ခံခဲ့ရသည်။

ထိုအချိန်တွင် ကျွန်တော်တို့သည် ဖခင်ဖြစ်သူအား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းကို ကျွန်တော် တို့ ပုန်းရှောင်နေရာမှ သိရှိရကာ ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် သက်ဆိုင်ရာအစိုးရဌာနသို့ နေအိမ်တွင် မိမိတို့အား လာရောက်ခေါ်ယူ ဖမ်းဆီးနိုင်ကြောင်း အကြောင်းကြားလိုက်သည်။

ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပြည်ထဲရေးရုံးနှင့် အောင်သပြေစစ်ကြောရေးစခန်းများတွင် (၈) ရက်နီးပါး ခန့် ခေါ်ယူ စစ်ဆေးခြင်းကို ခံခဲ့ရတော့သည်။

ထိုအချိန်ကာလတွင် ကျွန်တော်တို့၏ နှစ်ဘက်မိဘဆွေမျိုးများ၏ စိုးရိမ်ပူပန်မှုများသည် အမြင့်မားဆုံး ဒီဂရီ တစ်ခု သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုမှတဆင့် သက်ဆိုင်ရာမှ ကျွန်တော်နှင့် ကျွန်တော့်ဇနီးအား အပြစ် မရှိ၍ နေအိမ် သို့ ပြန်လည်လွတ်မြောက်လာချိန်တွင် ကျွန်တော်သည် ရုပ်ရှင်အနုပညာလုပ်ငန်းအား လုပ်ခွင့် မရတော့ချေ။

ထို့ကြောင့် ကျွန်တော်သည် ၂ဝဝ၁ ခုနှစ်မှစ၍ အများပြည်သူတို့အတွက် ပေးဆပ်လုပ်ကိုင်ခဲ့သော လူမှုရေး လုပ်ငန်း တစ်ခုထဲကိုသာ ကုသိုလ်ယူဇောက်ချလုပ်ခဲ့တော့သည်။

ကျွန်တော်အား အနုပညာလုပ်ငန်းများ ပိတ်ဆို့လိုက်သော ပုဂ္ဂိုလ်ကြီးများအားလည်း ကျွန်တော် သာဓု ခေါ်ခဲ့ ပါသည်။ ထို့အပြင် အနုပညာ(ရုပ်ရှင်)လုပ်ငန်းအား လုပ်ခွင့် မရသည့်အပေါ် ကျေနပ်စိတ်ချနေမည့်သူကား ကျွန်တော်၏ ဖခင်၊ မိခင်နှင့် ဇနီးသည် တို့ပင် ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆို ကျွန်တော်သည် ရုပ်ရှင်အနုပညာနယ်ပယ်၌ ကျင်လည်စဉ်ကာလအတွင်း၌ ရှုပ်ထွေး လှသော အနုပညာ နယ်ပယ်တွင် ပြဿနာပေါင်းစုံ အနည်းနှင့်အများပြုလုပ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ထို့ကြောင့် မိမိပြုလုပ်ခဲ့သော ပြဿနာများအား ရင်ဆိုင်ဖြေရှင်းပေးရသော ဖခင်၊ မိခင်နှင့် ဇနီးသည်တို့အတွက် အထုပ်အပိုးကြီး တစ်ခု လျော့ပါး သွားခြင်းကြောင့် ပင် ဖြစ်ပေလိမ့်မည်။

ထိုမှ ၂ဝဝ၈ ခုနှစ်မှစ၍ လူမှုရေးအသင်းအဖွဲ့များ၏ ပြဿနာများအား နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဦးစီး ဦးဆောင် ဖြေရှင်း ခဲ့ကာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ နာရေးကူညီမှုအသင်းများ၊ လူမှုရေး အသင်း အဖွဲ့ များ၏ နာရေးကိစ္စတွင် အသုံးပြုသော နိဗ္ဗာန်ယာဉ်မော်တော်ကား၊ နိဗ္ဗာန်ထော်လာဂျီ၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်လှည်း ယှဉ်၊ စတီးဗန်း၊ အလူမီနီယမ်ခေါင်း၊ မီးသင်္ဂြိုလ်စက်၊ သုဿန်ဇရပ်များအား မိမိတို့နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီကာ အလုပ် အမှုဆောင် အစည်းအဝေး ပြုလုပ်၍ အများဆန္ဒအတိုင်း ပံ့ပိုးကူညီ လှူဒါန်းမှုများကို ကျွန်တော် သည် ခေါင်းဆောင် တစ်ဦးအဖြစ် လူကြီးပီသစွာ ဆုံးဖြတ် အကောင်အထည်ဖော်ပေးခဲ့သည်။

ထို့ပြင် အများပြည်သူတို့၏ ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ် ဆေးခန်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ်
ဆေးခန်း (ပြည်)၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၊ သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်) စသဖြင့် မြန်မာပြည် အရပ်ရပ်တွင် အများပြည်သူတို့အား (အခမဲ့) ကုသပေးခြင်း၊ ပညာရေးကဏ္ဍ အတွက် ကလေးသူငယ်များအား ပညာသင်ကြားပေးခြင်း၊ ယဉ်ကျေး လိမ္မာ သင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ 4 Skill English၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်း၊ LCCI သင်တန်း၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်နာ သင်တန်း၊ TOT မွမ်းမံသင်တန်း၊ ဂျာနယ်လစ်ဇင်သင်တန်းများ အစရှိသည့် အကျိုးပြု သင်တန်းများအား တတ်သိ ပညာရှင်များနှင့် ပူးပေါင်း၍ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ သူများအတွက် ဘာသာစုံသင်တန်း၊ ဘ/ကကျောင်းများရှိ ဆရာ/မများအတွက် လစာတိုးမြှင့်ပေးခြင်း၊ ဆေးတက္က သိုလ်တက်ရောက် သည့် ဆေးကျောင်းသား/သူ များအတွက် ဆရာဝန်ဖြစ်သည်အထိ သင်ကြားနိုင်ရန်အတွက် လစဉ် ဂုဏ်ပြုငွေများ လှူဒါန်းပေးခြင်းတို့ကို ပညာဒါနကုသိုလ်အဖြစ် ပြုလုပ်ပေးခဲ့သည်။

ထိုကဲ့သို့သော လူမှုရေးလုပ် ဆောင်မှုများ များပြားလာသည်နှင့်အညီ ကြုံတွေ့ရသော ပြဿနာမျိုးစုံတို့ အား လည်း ဖခင်ဖြစ်သူ၏ ကူညီပံ့ပိုး ဖြေရှင်းမှုများ မလိုအပ်တော့ဘဲ မိမိတို့၏ အလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်ပင် ညှိနှိုင်း ဖြေရှင်း၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဤသည်မှာ ကျွန်တော်တို့၏သီလ၊ ကျွန်တော်တို့၏ မှန်ကန်သောပေးဆပ်မှု၊ ကျွန်တော်တို့၏ ကုသိုလ်များကြောင့်ပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆို “ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာ မည်” မဟုတ်ပါလား။

သို့ရာတွင် ၂ဝဝ၈ ခုနှစ် အချိန်ကာလမှ ဖခင်၏ဦးဆောင်မှု၊ ဖခင်၏လမ်းညွှန်မှု၊ ဖခက်၏အကြံပေးမှု၊ မိဘ၏ တိုက်တွန်းမှု၊ မိဘ၏အရိပ်အာဝါသမှ ရုန်းထွက်ခဲ့ကာ ကိုယ့်သမိုင်း … ကိုယ်ရေးနေသော ကျွန်တော်သည် ယခု အချိန်တွင် ငယ်စဉ် ဘဝကတည်းမှ ၂ဝဝ၇ ခုနှစ် သက်တမ်းတစ်လျှောက် ဖခင်၏နွေးထွေးစွာ အကြံပေးမှု၊ လမ်းညွှန် ပေးမှုတစ်ခုကို လိုလားတောင်းတမှု တစ်ရပ်ဖြစ်ပေါ်ခဲ့ရပြန်သည်။ ထိုတောင်းတမှုသည် ငယ်စဉ် ကလေးဘဝကလို ဖခင်ဖြစ်သူအား အားကိုးတကြီးနှင့် တောင်းဆိုလိုက်ရခြင်းပင်ဖြစ်သည်။

ယင်း တောင်းဆိုရသည့် ပြဿနာရပ်ကား ကျွန်တော်တစ်ဦးတည်း ဖြေရှင်း၍လည်းမရ၊ ကျွန်တော့်၏ လူမှုရေး ရဲဘော်ရဲဘက် များကလည်း မစွမ်းဆောင်နိုင်၊ အများပြည်သူတို့မှလည်း မလုပ်ဆောင်နိုင်သော ဖြစ်ရပ် တစ်ခု ပင်ဖြစ်တော့သည်။

ထိုပြဿနာသည်ကား ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောစွန်းကျေးရွာ၊ ဘူးသခွတ်ကျေးရွာ၊ မကိုက်ပုံကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာတို့နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တို့ရှိ စားကျက်မြေ များ၊ အင်းများ၊ သုဿန်မြေနေရာများတို့အား စီးပွားရေးကုမ္ပဏီကြီးများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့် ပူးပေါင်း၍ သိမ်းယူခဲ့ခြင်း ပြဿနာ တစ်ရပ်ပင်ဖြစ်ပေသည်။

ကျွန်တော်သည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးသမားတစ်ဦးဖြစ်သည်နှင့်အညီ သင်္ချိုင်းမြေများ အသိမ်းခံရခြင်း၊ သင်္ချိုင်းမြေများ တူးဖော်ခံရ ခြင်းတို့ ကိစ္စရပ်များအား မလိုလားပါ။

ထိုကဲ့သို့ သင်္ချိုင်းမြေများ အသိမ်းခံရခြင်းကြောင့် နာရေး ကိစ္စဖြစ်ပေါ်လာပါက နီးစပ်ရာ နယ်နိမိတ်များအတွင် တိတ်တဆိတ် မြှပ်နှံ သင်္ဂြီုလ်ခြင်းများကို တွေ့ကြုံရတော့မည်ဖြစ်ကြောင်း မြင်ယောင် မိတော့သည်။

“သေသောသူသည် သုဿန်သို့သာ သက်သက်သာသာ သွားသင့်သည်” ဟူသော ခံယူချက်အတိုင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုး စွန့်လုပ်ပေးနေသော လူမှုရေးအသင်းအဖွဲ့များအနေဖြင့် မည်သို့မှ မတတ်နိုင်တော့ ချေ။

သေဆုံးကြသူများသည်လည်း နေ့စဉ်နှင့်အမျှ ဒုနဲ့ဒေး၊ ကူညီပေးဆပ်မည့်သူများကလည်း အသင့် အနေအထား၊ မြေမြှုပ် သင်္ဂြိုလ်ပေးရမည့်နေရာကား နတ္ထိဖြစ်နေသောကြောင့် နာရေးရှင်များ၊ လူမှုရေး နာရေးကူညီမှုအသင်းအဖွဲ့ များသည် မကြာမီကာလအတွင်း အလောင်းဖျောက်ဖျက်မှု၊ အလောင်းခိုးမြှုပ်မှု တည်းဟူသော ရာဇဝတ်မှုကြီးအား ကျူးလွန်ရန်အတွက် ဖိတ်ခေါ်နေသလို ဖြစ်နေတော့သည်။

ထို့ကြောင့် ဤကဲ့သို့ လက်ငင်းဖြစ်ပေါ်နေသော အဖြစ်ဆိုးကြီး (သို့) လူသားချင်းစာနာထောက်ထား စိတ် ကင်းမဲ့သော ဖြစ်ရပ်မျိုး ကို မည်သို့မည်ပုံ ဖြေရှင်းရမည်နည်းဟု တွေးမိကာ ငယ်စဉ်ဘဝကတည်းက ဖခင်မေတ္တာဖြင့် လမ်းညွှန်ပြသခဲ့သော ဖခင်ကြီး အား ငယ်စဉ်ဘဝ ကလေးငယ်တစ်ယောက်လို အားကိုးတကြီး “ပြောရဦးမယ် … အဘစိန်ရေ” ဟု မေးမြန်းအကူအညီတောင်း လိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

အကယ်၍များ ဖခင်ကြီးဖြစ်သူ အဘစိန်အနေဖြင့် မဖြေရှင်းနိုင်၊ အကြံမပြုနိုင်ပါက ကျွန်တော်တို့သည် စည်းကမ်းရှိစွာဖြင့် စနစ်တကျ ချီတက်ဆန္ဒပြ တောင်းဆိုပွဲတစ်ရပ်အား သက်ဆိုင်ရာ နိုင်ငံတော် အစိုးရဋ္ဌာန များ၏ ခွင့်ပြုချက်ဖြင့် တရား ဥပဒေဘောင်အတွင်မှ “သုဿန်မြေရရှိရေး . . . ဒို့အရေး” ဟူ၍ တောင်းဆိုခြင်းမှ အပ အခြား နည်းလမ်း မရှိနိုင်တော့ချေ။


စာကြွင်း - (ကျွန်တော်၏ ဖခင်ကြီးဖြစ်သူ ဦးစိန်တင်အား အဘစိန်ဟူ၍လည်း ခေါ်ကြပါကြောင်း…..)

0 comments: