ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks


အခုတလော မြန်မာပြည်ထဲက လယ်သမားတွေဆီက လယ်မြေတွေ သိမ်းလိုက်တဲ့ အကြောင်း မကြာမကြာ ကြားနေရပါ တယ်။ ကျမတို့ ငယ်ငယ်က ပထ၀ီမှာ သင်ရတာက” မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး အဓိကနိုင်ငံ ဖြစ်ပါသည်” လို့ပါ။ အခုတော့ လယ်ယာစိုက်ပျိုးရေးနိုင်ငံလို့ ဆိုခဲ့တဲ့ ကျမတို့နိုင်ငံက လယ်သမားတွေ လယ်စိုက်ခွင့် မရကြဘူးလို့ ကြားသိနေရတာပါ။ လယ်ပဲစိုက်တတ်တဲ့ လယ်သမားတွေခင်မျာ လယ်စိုက်ခွင့်မရဘူးဆိုတော့ သူတို့ ဘာတွေလုပ်ကြရ မလဲလို့ ကျမ သိချင်လာပါတယ်။ ဒါကြောင့်လဲ လယ်သမားတွေအကြောင်း မေးမြန်းရင်းနဲ့ ကျမ သိလာတာက မြန်မာ ပြည်ရဲ့ ကျေးရွာတွေမှာ အလုပ် လုပ်ကိုင်နိုင်တဲ့ အရွယ်ကောင်း လူငယ်လူရွယ်တွေဟာ တဘက်နိုင်ငံတွေဆီကို အလုပ် လုပ်ဖို့ ရောက်နေကြပါတယ်။ သူငယ်ချင်းတယောက်(သူက ကျမတို့ထက် အသက်ငယ်ပါတယ်) ပြောပြတာက သူတို့ ရွာတွေဆီကို ရောက်တော့ လူပျို သဘာဝ မိန်းမပိုးပန်းမလို့ ရွာထဲဝင်သွားတော့ အသက်အငယ်ဆုံးက မွေးကင်းစကနေ ၁၀ နှစ်လောက်အထိပဲရှိပြီး နောက်ထပ်ကျန်နေတာက သက်ကြီးရွယ်အိုတွေပဲတဲ့။ သူဆိုချင်တာက အလုပ်လုပ်ကိုင်နိုင် တဲ့ လူမှန်သမျှ တဘက်နိုင်ငံမှာ အလုပ်လုပ်နေကြသတဲ့။ ဒါတောင် မြန်မာပြည်အတွင်းပိုင်းလို့ပြောလို့ရတဲ့ ပဲခူးဘက်က ရွာတွေမှာပါ။

ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ စက်မှုထုတ်ကုန် ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ကွန် ပြူတာ အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ စက်ရုံတွေ ရှိသလို မော်တော်ကားတွေ ထုတ်လုပ်တဲ့ စက်ရုံတွေလည်း ရှိပါတယ်။ အကြီးစား စက်မှုလုပ်ငန်းတွေ ရှိသလို၊ အသေးစား စက်မှုလုပ်ငန်းတွေလည်း ရှိပါတယ်။ ဒါ့အပြင် လယ်ယာထုတ်ကုန် လုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ ထိုင်း ဆန်ဟာ နာမည်ကြီးပါတယ်။ ထိုင်းမှာ ဆန်ကို အကြီးအ ကျယ် ထုတ်လုပ်သလို၊ ပြောင်း ကြံနဲ့ သစ်သီးတွေလည်း အကြီးအကျယ်ထုတ်လုပ်ပါတယ်။

မေလတုန်းက ကျမရဲ့ မိတ်ဆွေလင်မယားက ကျမ ဘန်ကောက် ရောက်တုန်းရောက်ခိုက် ဘန်ကောက်မြို့ ပတ်ဝန်းကျင် က အယုဒ္ဓယမြို့နဲ့ သူ့မိန်းမရဲ့ မွေးရပ်မြေဖြစ်တဲ့ စူဖန်ဘူရီလို့ခေါ်တဲ့ လယ်သမားမြို့လေးကို လိုက်ပို့ပေးပါတယ်။ ဒီမှာ စကားမစပ်ပြောရမှာက သူ့ မိန်းမက ထိုင်းအမျိုးသမီးတဦးပါ။ သူ့မိန်းမရဲ့မိဘတွေက ထိုင်းလယ်သမားတွေပါ။ မောင်နှမ ၃ ယောက်ရှိပြီး အားလုံး ဘွဲ့တွေရပညာတွေတတ်လာတော့ မိသားစုအားလုံး ဘန်ကောက်မြို့မှာ အခြေချပါတယ်။ သူ တို့ပိုင်တဲ့ လယ်မြေတွေဟာ အခုအချိန်အထိ ရှိနေပြီးတော့ သူတို့ မိသားစုက လယ်မလုပ်တော့ဘဲ သူများကို အငှားချ ထားပါတယ်။

စူဖန်ဘူရီမြို့လေးဟာ တော်တော်လှပါတယ်။ ကတ္တရာ လမ်းမကြီးဟာ ဖြောင့်ဖြူးနေပြီးတော့ လမ်းမရဲ့ တဘက်တချက် စီမှာ ရဲရဲတောက်နေတဲ့ စိန်ပန်းတွေနဲ့ ပိတောက်ပင်တွေရှိပါတယ်။ ကျမသွားတဲ့ အချိန်က မေလဆန်းဆိုတော့ စိန်ပန်း တွေလည်း ရဲရဲနီနေဆဲ၊ ပန်းပိတောက်တို့လည်း ကြို့တို့ ကျဲတဲ ရှိနေဆဲပါ။ ကျမက အရမ်းလှတာပဲနော်လို့ ခဏခဏ ပြောနေမိတော့ မိတ်ဆွေရဲ့ မိန်းမက “စူဖန်ဘူရီရဲ့ မြို့တော်ဝန်က ဒီမြို့ကို စင်ကာပူလိုဖြစ်အောင် လုပ်မှာ” လို့ ပြောပြ ပါတယ်။ ကျမက ဘာဖြစ်လို့လဲဟင်လို့ ထပ် စပ်စုမိတော့ “ဒီမြို့က လယ်သမားတွေချည်းပဲနေတဲ့ မြို့ဆိုတော့ နိုင်ငံခြား သားတွေ စိတ်ဝင်စားတယ်၊ ဒါကြောင့်လာရောက်လည်ပတ်ရင် မြို့တော်က ၀င်ငွေရမှာ၊ မြို့တော်က သန့်ရှင်းသပ်ရပ်နေ ရင်၊ ဧည့်သည် ပိုလာမယ်” တဲ့။ ကျမ ဘုရားတမိပါတယ်။

သူပြောလိုက်တော့မှ ကျမလည်း ပတ်ဝန်းကျင်ကို ပိုလေ့လာမိပါတယ်။ လမ်းဘေးဝဲယာ တဘက်တချက်စီမှာ လယ်ကွင်း တွေ စိုက်ခင်းတွေ ရှိပါတယ်။ လယ်ကွင်းတွေထဲမှာ စိုက်ပျိုးထားတဲ့ စပါးပင်တွေဟာ စီစီညီညီ ရှိပါတယ်။ အဲဒီလိုပဲ ဇီးသီး ပင်တွေစိုက်တာလည်း စီစီညီညီနဲ့ အတန်းလိုက်စိုက်ထားတာပါ။ ဘယ်လိုပဲ ကြည့်ကြည့် လှလှပပ ရှိနေတာ သေချာပါ တယ်။
ဒီလိုနဲ့ မိတ်ဆွေရဲ့ မိန်းမ မိသားစုလိုက် အရင်နေခဲ့တဲ့ အိမ်လေးကိုရောက်လာပါတယ်။ တိုက်အိမ်လေးပါပဲ။

တအိမ်လုံး ကြွေပြားတွေခင်းထားပါတယ်။ လယ်သမားတွေရဲ့ နေအိမ်ဆိုပေမဲ့ ရေပန်းရှိတယ်။ ဘိုထိုင် အိမ်သာရှိတယ်။ အိပ်ခန်း ၄ ခန်းပါတယ်။ နောက်ဖေးချောင်၊ ထမင်းစားခန်းနဲ့ သေသေသပ်သပ်လေးပါပဲ။ ဒါပေမဲ့ ဒီအနေအထားကို ကျမ မအံသြမိပါ ဘူး။ ဘာလို့လဲဆိုတော့ သူတို့က မြေပိုင်ရှင်တွေလေ။ လယ်ယာမြေ ဧက တော်တော်များများပိုင်တာကိုး။ ဒီလောက် တော့ ရှိမှာပေါ့လို့ ကျမ တွေးထင်နေမိတာပါ။

ခဏနေတော့ ကျမရဲ့ မိတ်ဆွေက ကျမကိုပြောပါတယ်။ သူတို့အိမ်ကို နင်ဘယ်လိုမြင်သလဲတဲ့။ ကျမက “အော်… မြေပိုင် ရှင်တွေပဲဟာ၊ ဒီလောက်တော့ ရှိရမှာပေါ့” လို့ပြောတော့ ကျမ မိတ်ဆွေက ဟက်ဟက်ပက်ပက်ရီပါတယ်။ ကျမတို့နဲ့ အတူတူပါလာတဲ့ သူ့မိန်းမနဲ့ သူ့ယောက်ခမကြီးကို ထိုင်းလို လှည့်ပြောပါတယ်။ သူ့မိန်းမက ရီမောပြီး ကျမကို အင်္ဂလိပ် လို “It is normal condition for farmers in Thailand” လို့ ပြောပါတယ်။ သူ့ယောက်ခမကြီးကတော့ ထိုင်းလိုတွေအ များကြီး ပြောနေပေမဲ့ ကျမ နားမှမလည်တာကိုး။
ခဏလောက်ကြာတော့ ကျမရဲ့ မိတ်ဆွေက သူ့မိန်းမ ငွေသွားသိမ်းမယ်တဲ့ နင်ပါလိုက်ခဲ့ဆိုလို့ ကျမတို့ ၃ ယောက် ကန် သင်းရိုးတလျောက် လမ်းလျောက်သွားပါတယ်။ ကန်သင်းရိုးဆိုလို့ ကျမတို့ မြန်မာပြည်ထဲကလို လယ်ကွက် တကွက်နဲ့ တကွက်ကြား ခြားထားတဲ့ ရွံ့ဘောင်လေးတွေမဟုတ်ပါ။ လူတယောက် လမ်းကောင်းကောင်းလျောက်လို့ရတဲ့ မြေညီ လမ်းလေးတွေပါ။

ကျမက မိတ်ဆွေနဲ့ စကားပြောရင်း တချို့နေရာတွေမှာ လယ်မစိုက်ဘဲ အခြားအပင်တွေစိုက်ထားလို့ စိတ်ဝင်စားပြီး မေးကြည့်မိပါတယ်။ ကျမ မိတ်ဆွေက “ထိုင်းမှာက စပါး တနှစ်ကို ၃ သီးစိုက်တယ်။ အဲဒီလို ၄ နှစ်ဆက် တိုက်စိုက်ပြီးရင် လယ်ကွင်းကို အနားပေးလိုက်တာပေါ့ဟာ။ အခုဇီးပင်လိုဟာတွေစိုက်တယ်။ အခုလိုမျိုးအချိန်ဆိုရင် အဲဒီ့လယ်သမားကို အစိုးရက အကူအညီပေးတယ်။ နောက်ပြီး လယ်လုပ်တဲ့လူတွေကို အစိုးရက လိုအပ်တဲ့ အကူအညီ တွေအားလုံးပေးထားတယ်။” လို့ပြောပြပါတယ်။ နောက်ပြီး လယ်ကွက်တွေကို ရေသွယ်တဲ့ မြောင်းတွေထဲမှာ ဇကာ ကွက်လေးတွေ ၆ပေ ပတ်လည်လောက် ကာထားတာတွေကိုတွေ့တော့ ကျမလည်း ထပ်စပ်စုမိပါတယ်။ ဘာလုပ်ထား တာလဲပေါ့။ ကျမ စိတ်ထင် စိုက်ပျိုးရေး နည်းသစ်အတွက်လားပေါ့လေ။ကျမ မိတ်ဆွေက ရီမောရင်း အဲဒါ ပုဇွန်မွေးထား တာတဲ့။

ဒီလိုနဲ့ လမ်းလျောက်ရင်းက မိတ်ဆွေရဲ့ မိသားစုဆီက လယ်မြေကို ငှားစိုက်တဲ့ လယ်ငှားရဲ့ အိမ်ကိုရောက်လာပါတယ်။ ဒီတကြိမ် ဘုရားကို အကြီးအကျယ် တမိပါတယ်။ လယ်ငှားတဲ့ မိသားစုက လူလတ်ပိုင်း မိသားစုပါ။ သူတို့ရဲ့ တိုက်အိမ် လေးကို ဆေးရောင် လှလှလေးသုတ်ထားပါတယ်။ မိသားစုဝင် ၄ ယောက်ပဲရှိလို့ထင်ပါတယ်၊ သူတို့အိမ်လေးမှာ အခန်း ၂ ခန်းပဲပါပါတယ်။ နောက်ဖေးချောင်၊ အိမ်သာ ကိုတော့ ကြွေပြားတွေခင်းထားပြီး၊အိမ်ရှေ့ကိုတော့ ပါကေးပြားလေးတွေ ခင်းထားပါတယ်။ သူတို့ခြံထဲမှာ မွန်အမျိုးသားလေး ၂ ယောက် အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ နောက်ထပ်ထူး ခြားတာက အဲဒီ့အိမ်ထဲမှာ ပန်ကာ၊ ရေခဲသေတ္တာ၊ လျပ်စစ်ရေနွေးဓါတ်ဘူး၊ ကော်ဖီဖျော်စက်၊ပါမုန့်မီးကင်စက် အပါအ၀င် လျပ်စစ်ပစ္စည်း အားလုံးရှိပါတယ်။ ခြံထဲမှာလည်း လယ်ထွန်စက် တစီးနဲ့ ပစ်ကပ်ကားတစီးလည်း ရှိပါတယ်။

ကျမက ကျမရဲ့ မိတ်ဆွေကို သေချာမေးကြည့်မိပါတယ်။ သူက လယ်ပိုင်ရှင်လား။ လယ်ငှားလားဆိုတာကိုလေ။ ကျမ မိတ်ဆွေပြောပြတာက “ထိုင်းမှာက လယ်ပိုင်ရှင်က လယ်မလုပ်ဘူးဆိုရင် မြေငှားခပဲရတယ်။ ကျန်တာဘာမှ မရဘူး။ မြေငှားခကလည်း ပေါက်ဈေးအတိုင်းပေါ့ဟာ၊ လယ်သမားကတော့ အစိုးရဆီကအထောက်အပံတွေရတယ်။ ဒီနှစ် စပါး ဈေးကျလို့ လယ်သမားတွေအရှုံးပေါ်ရင် အစိုးရက စိုက်ပြီး ပုံမှန်ဈးနဲ့ ၀ယ်ပေးတယ်။ ရာသီဥတုကြောင့် စပါးတွေပျက်ရင် ၇၀ %အထိဆုံးရှုံးသွားတဲ့ ငွေကို စိုက်ပေးတယ်။ လယ်သမားတွေကို လယ်ထွန်စက်၊ ကား၊ လျှပ်စစ်ပစ္စည်းကို အကြွေးနဲ့ ရောင်းပေးတယ်။ တစ်ချို့ ကုပ္မဏီတွေဆိုရင် တော်ရုံလျှပ်စစ်ပစ္စည်းကို အလကားပေးတာရှိတယ်။ ဒါကြောင့် ငါ့ မိန်းမက နင့်ကိုပြောတာပေါ့ အခုအခြေအနေက ထိုင်းက လယ်သမားတွေရဲ့ ပုံမှန်အခြေအနေဆိုတာလေ။”

ကျမကထပ်ပြီး အထွန့်တက်မိပါသေးတယ်။ “ဒီမှာလေ စီမံကိန်းတွေအတွက် လယ်မြေသိမ်းတာတို့ ဘာတို့ရော မရှိဘူး လား” လို့လေ။ ကျမ မိတ်ဆွေက “ထိုင်းမှာက စီမံကိန်းအတွက် လယ်မြေကို လွယ်လွယ်နဲ့ မသိမ်းဘူး။ တကယ်လို့ သိမ်း မှရမယ်ဆိုရင် လယ်သမားတွေနဲ့ ဆွေးနွေးတယ်။ စီမံကိန်းက တိုင်းပြည် တိုးတက်ဖို့ ဆိုရင်တော့ လယ်သမားတွေက ဖယ် ပေးလေ့ရှိပါတယ်။ အဲဒီလို ဖယ်ပေး လိုက်ရင် လျော်ကြေးက ထိုက်ထိုက် တန်တန် ပြန်ရတယ်။ နောက်ပြီး အသက်မွေး ၀မ်း ကြောင်းဖို့ အတွက် အစီအစဉ်တွေ လုပ်ပေးတာမျိုးတွေ ရှိတယ်။ တကယ်လို့ လယ်သမားတွေက သူတို့ လယ်မြေတွေကို မဖယ်ပေးဘူးလို့ ဆုံးဖြတ်လိုက်ရင် အဲဒီ့စီမံကိန်းကို ပယ်ဖျက်ပစ်ရတယ်” တဲ့။

ကျမ မိတ်ဆွေဆီကနေ သိခဲ့ရတာတွေကိုတောင်မှ ကျမ မကျေနပ်သေးပါ။ ကျမရဲ့ နောက်ထပ် မိတ်ဆွေ သတင်း ထောက်တဦးကို ထပ်မံ စပ်စုမိ ပါတယ်။ ကျမမိတ်ဆွေ သတင်းထောက်က မဲဆောက်မှ နေတာ နှစ်ပေါင်း ၂၀ ကျော်ဆို တော့ သူတို့လည်း ထိုင်းနိုင်ငံ အကြောင်း တစေ့တစောင်း မက သိနေကြသူတွေပါ။ သူက သူတို့ မိသားစုလေး ငှားနေတဲ့ အိမ်ပိုင်ရှင် သူဌေး အကြောင်း ပြောပြပါတယ်။ သူတို့ သူဌေး စိုက်တဲ့ လယ်က ထွက်တဲ့ စပါးတွေကို ဓါတ်ခွဲခန်းက စစ်ဆေး ပါတယ်။ အဲဒီလို စစ်ဆေးလိုက်တဲ့ အချိန်မှာ သူ့လယ်ထွက် စပါးမှာ ဓါတ်တိုးပစ္စည်း တမျိုးကိုတွေ့နေတာကြောင့် သူ့လယ် မြေက မြေကြီးကို စစ်ဆေး ပါတယ်တဲ့။

လယ်မြေကို စစ်တော့ မြေသြဇာ သုံးတဲ့ နှစ်တွေများလို့ ဖြစ်တာကို သိရတဲ့အခါ အဲဒီ့လယ်မြေမှာ ဘာမှမစိုက်ဖို့ အသိပေးပြီး လျော်ကြေးအဖြစ် ၄ သိန်းတန်ကား ၂ စီးနဲ့ ထိုင်း ဘတ် ၁၀ သိန်း ပေးပါ တယ်။ အဲဒီ့လယ်မြေကို ဖုန်းဆိုးမြေ အဖြစ် ထားလိုက် ပါတယ်။ နှစ်တိုင်းနှစ်တိုင်း အဲဒီ့မြေကို လာရောက် စစ်ဆေးပါတယ်။ သူတို့ ဆီက ပြန်စိုက်လို့ ရပြီလို့ အကြောင်း မကြားမခြင်း မစိုက်ဖို့လည်း အသိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ အစိုးရက လယ်သမားတွေ အတွက် သေသေ ချာချာ စီမံ ဆောင်ရွက် ပေးသလို၊ ထိုင်းဘုရင် မင်းမြတ် ကလည်း လယ်သမားတွေ အတွက် ကူညီဆောင်ရွက်ပေးနေတာကို ကျမတို့ မြင်တွေ့ နေရပါတယ်။ ဒါကြောင့်လည်း ထိုင်း လယ်သမား တွေရဲ့ သားသမီး တွေဟာ ပညာ သင်ယူ နိုင်ကြ ပါတယ်။ အဆင့် အမြင့်ဆုံး ဖြစ်တဲ့ တက္ကသိုလ် ပညာကို သင်ယူ နိုင်ကြတာကြောင့် လယ်သမား သားသမီး တွေဟာ ခေတ်ပညာ တတ်တွေ ဖြစ်လာကြပါတယ်။

ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ့ သမိုင်း ဖတ်စာထဲမှာ မြန်မာ တွေဟာ လယ်ပိုင်ရှင် ဘ၀ ကနေ ချစ်တီး ကုလားများ လက်ထဲမှာ လယ်ကူလီ ဖြစ်သွားကြတယ်လို့ ပါခဲ့ပါတယ်။ အဲဒီ့ အချိန်တုန်းက ကျမတို့မှာ ရှိနေတဲ့ မျိုးချစ်စိတ်ကလေး တထွာလောက်နဲ့ ကိုယ်မမြင်ဘူးတဲ့ ချစ်တီးကုလားတွေကို မုန်းမိပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၀ နှစ်တာကာ လမှာ မြန်မာ လယ်သမားတွေ ရွှေခေတ် ရောက်ခဲ့ဘူး ပါတယ်။ အဲဒီ့ နောက်ပိုင်း မှာတော့ မှားယွင်းတဲ့ စီမံခန့် ခွဲမှုတွေ အောက်မှာ လယ်သမားတွေရဲ့ ဆင်းရဲတွင်းဟာ လက်တနှိုက် မက နက်ခဲ့ကြတာ ၁၀ စုနှစ်ပေါင်း များနေပါပြီ။ ကျမ သိခဲ့ တာက ထိုင်းနိုင်ငံမှာ လယ်စိုက်လို့ မရတဲ့ မြေတွေ ရှိနေပေမဲ့၊ မြန်မာ့မြေဆီ မြေနှစ် ကတော့ ဘယ်နေရာ မဆို လယ်စိုက်ရင် လည်း ဖြစ်ထွန်းတာပါပဲ။

ကျမတို့တွေရဲ့ တိုင်းပြည်မှာ လယ်သမားတွေ လယ်စိုက်ခွင့် ရအောင်၊ လယ်စိုက် သူတွေကို တိုင်းပြည်ရဲ့ အကျိုးဆောင် သူတွေဆိုတဲ့ အမြင်မျိုးနဲ့ အစိုးရက စောင့်ရှောက် လာအောင် တောင်းဆို ပေးကြရမှာ နိုင်ငံသား တွေရဲ့ တာဝန် ဖြစ်လာနေ ပါပြီ။

ခင်ငြိမ်းသစ်

source by : နေ့သစ်

0 comments: