ရွေးကောက်ပွဲ မဲဆွယ်မှု လွတ်လပ် မျှတမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

ရွေးကောက်ပွဲအကြို မဲဆွယ်မှုကာလအတွင်း လွတ်လပ်မျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲ အကြို ၂ ရက် အလိုမှာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲ အကြိုကာလမှာ ပုံမှန်မဟုတ် နည်းလမ်း မကျတာ တွေ့နေရတဲ့ အကြောင်းနဲ့ ပြီးခဲ့တဲ့ လ အနည်းငယ် က ဖြစ်ပျက်ခဲ့တာတွေ ကို ကြည့်ရင် ရွေးကောက်ပွဲ မဲဆွယ်မှုဟာ အစစ်အမှန် လွတ်လပ်မျှတမှု ရှိတယ်လို့ မှတ်ယူလို့ မရဘူး လို့ သတင်းထောက်တွေကို ပြောပါ တယ်။


ဒီလို မမှန်ကန်တဲ့ တရားနည်းလမ်း မကျတာတွေ ရှိနေပေမယ့် လည်း ရွေးကောက်ပွဲ အတွက် ရှေ့ဆက် လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


“တရားမ၀င်တာ၊ မတော်မတရား လုပ်ဆောင်တာတွေ ဖြစ်နေပေမယ့်လည်း အစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင် က သူတို့ တတ်စွမ်းသလောက် ပြတ်ပြတ်သားသား လုပ်ဆောင် မပေးတာကို ကျမ၀မ်းနည်းမိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။


ဒါ့ပြင် ‘ဒီမိုကရေစီ ကောင်းကောင်းမွန်မွန် အခြေတည်နေတဲ့ နိုင်ငံတွေမှာတောင် ရွေးကောက်ပွဲ ကျင်းပတယ် ဆိုရင် မမှန်ကန်တာတွေ အပြစ်အနာအဆာတွေ ရှိတတ်ပေမယ့်လည်း ဒီတိုင်းပြည်မှာ ဖြစ်နေတာက ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲတွေက လက်ခံနိုင်တာရဲ့ အပြင်ဘက်ကို တကယ့်ကိုဘောင်ကျော်နေပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။


ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် နေရာ (၄၅) နေရာအနက် ကိုယ်စားလှယ်လောင်း တဦးပယ်ဖျက်ခံထားရတဲ့အတွက် (၄၄) နေရာမှာ ယှဉ်ပြိုင်မှာပါ။


ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲကျင်းပမယ့် မြန်မာပြည်တ၀ှမ်းက ဒေသတွေကို ပြီးခဲ့တဲ့ ရက်ပိုင်း အထိ သွားရောက်ပြီး မဲဆွယ်မှုတွေ ပြုလုပ်ခဲ့တာပါ။


မဲဆွယ်မှုကာလတွေအတွင်း ပါတီခေါင်းဆောင်ရဲ့ ဟောပြောပွဲ နေရာအခက်အခဲတွေ ကြုံ့တွေ့ခဲ့ရတာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရမှုတွေခံရတာ၊ အောက်ခြေမှာလည်း ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ၊ ပါတီဝင်တချို့ ခြိမ်းခြောက်ခံရ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာတွေရှိခဲ့ပြီး ပါတီထောက်ခံသူတွေလည်း မဲစာရင်းထဲ မပါတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာပါ။


ဒေါ်အောင်ဆန်းစုကြည်ကတော့ မတရားမှုတွေကို ကော်မရှင်နဲ့ ပြည်သူလူထုကို အသိပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက် တဦးရဲ့ အမေးကို ဖြေကြားခဲ့ပါတယ်။


“ကျမတို့က တရားဥပဒေဘောင်ထဲကနေ လုပ်မှာပါ။ မသမာမှုတွေ၊ တရားမျှတမှု မရှိတာတွေ ရှိရင် ကျမတို့က ကော်မရှင်ကို တင်ပြပါမယ်။ အများသိအောင်လည်း မီဒီယာ ကနေတဆင့် တင်ပြပါမယ်။”


ရွေးကောက်ပွဲမှာ ထင်သလိုဖြစ်မလာဘဲ အရှုံးနဲ့ ရင်ဆိုင်ရပါက အရှုံးအတွက် ဘယ်လိုကြို တင်ပြင်ဆင်ထားပါသလဲ ဆိုတဲ့အမေးကိုလည်း “မျှော်လင့်သလောက် မအောင်မြင်ဘူးဆိုရင် နောက်တခါ ပိုပြီး ကြိုးစားရမှာပေါ့။ ဒါကို သင်ခန်းစာယူရမှာပေါ့။”လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။


သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းပြည်ပ သတင်းသမား ၃၀၀ ကျော် တက်ရောက်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကအစ ကချင်ပြဿနာ အဆုံး သတင်းထောက်တွေရဲ့ မေးခွန်းပေါင်း များစွာကို ဒေါ်အောင်ဆန်းစုကြည် က ကျယ်ကျယ်ပြန့်ပြန့် ဖြေကြား သွားခဲ့ပါတယ်။


source by : http://burmese.dvb.no

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form