ရွှေဝါရောင် သံဃာ အရှင် ဂမ္ဘီရကို အာဏာပိုင်များ ပြန်လည် ထိန်းသိမ်း

မိုးမခ အထောက်တော် ၀၀၃ | ယမန် နေ့ခင်းက ရန်ကုန်၊ သုမင်္ဂလာ ရာမ လယ်တီ ကျောင်းတိုက်မှာ ခေတ္တ သီတင်းသုံး နေထိုင်နေတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ တပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂန္ဘီရကို အစိုးရအာဏာပိုင်များက လာရောက် ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

အရှင်ဂန္ဘီရ ဟာ စစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချခြင်း ခံရစဉ် ထောင်တွင်းမှာ အာဏာပိုင် များရဲ့ ပြင်းထန်တဲ့ နှိပ်စက် ညှင်းပန်းမှုများကို ခံစား ခဲ့ရကြောင်း၊ စစ်အစိုးရက အမည် မသိရတဲ့ ဆေးများ အတင်းအကြပ် တိုက်ကျွေးခဲ့ကြောင်း၊ ယခု ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ထောင်က လွတ်မြောက်လာခဲ့ပြီး ကောင်းမွန် လုံလောက်တဲ့ ဆေးဝါးကုသမှု စစ်ဆေးမှုများ မဆောင်ရွက်နိုင်သေးခင်မှာပဲ အာဏာပိုင် များရဲ့ ထိန်းသိမ်း ခေါ်ဆောင်မှုကို ထပ်မံ ခံလိုက်ရတဲ့ အတွက် စိုးရိမ်မိကြောင်း အနီးကပ် သီတင်းသုံးသူ သံဃာတော် တပါးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဇန်န၀ါရီ ၁၃ နောက်ပိုင်းမှာ အရှင်ဂန္ဘီရနဲ့ အတူ အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ မဂ္ဂင်ကျောင်း ဆရာတော် ဦးအိန္ဒက အပါအ၀င် ရွှေဝါရောင် သံဃာတော်တို့ဟာ အစိုးရ ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းမှာ ပြန်လည် ၀င်ရောက် သီတင်းသုံး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်မှာ အဆိုပါ သံဃာတော်များကို သာသနာရေးဝန်ထမ်းများက ကျောင်းမှာ ဖယ်ရှားခဲ့ကြပါတယ်။ မဂ္ဂင်ကျောင်းမှ ပြန်လည်ဖယ်ရှားခြင်း ခံရတဲ့နောက်ပိုင်းမှာ အရှင်ဂန္ဘီရကို အာဏာပိုင်များက ယခုကဲ့သို့ လာရောက် ခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။ သတင်း ဌာနများက ဆရာတော်ကို ဖမ်းဆီးသွားပြီလို့ ထုတ်ဖော် ရေးသားကြပြီး ယခုအထိ အဆက်အသွယ် မရသေးလို့ ပြောကြပါတယ်။

၂၀၁၂ နှစ်ဆန်းအတွင်း မြန်မာပြည် နိုင်ငံရေး တခေတ်ဆန်းပြီလို့ ပြည်တွင်း ပြည်ပက ပြောဆို လှုပ်ရှားနေကြချိန်မှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ နိုင်ငံသား တဦးချင်းစီ အတွက် လွတ်လပ်ခွင့် အာမခံချက်တွေ မရသေးတာကို ပြသနေတယ်လို့ ရွှေဝါရောင် သံဃာတော် တပါးက ပြောလိုက်ပါတယ်။

source by : မိုးမခ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form