ဒေါက်တာစိုင်းမောက်ခမ်း နယ်တွင် NLD ၉၀ အနိုင်ရ အမတ် အရွေးခံမည်

ချင်းမိုင် (မဇ္ဈိမ)မျိုးသန့်| က်ရှိအစိုးရ၏ အမြင့်ဆုံးရာထူးတခုကို ရယူထားသည့် ဒုသမ္မတ တဦးဖြစ်သူ ဒေါက်တာ စိုင်းမောင်ခမ်း ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မဲဆန္ဒနယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစိုင်းမြင့်မောင် က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးကို ပထမ အသုတ်အဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်သည့် အသက် ၆၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးစိုင်းမြင့်မောင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင်း လားရှိုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည်။

"ရှမ်းတိုင်းရင်းသား ဒေသခံလည်း ဖြစ်ပါတယ်။ ရှမ်းပြည် NLD စတည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့သူပါ။ နှစ် ၂ဝ ကျော်လုံးလုံး လုပ်ခဲ့တယ်။ ပါတီကိစ္စတွေမှာ အများကြီး လုပ်ပေးနိုင်ခဲ့တဲ့ လူတွေရှင့်။ ရှမ်းပြည်နယ် တခုလုံးရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။" ဟု NLD ပါတီ တည်ထောင်သူများတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက မဇ္ဈိမကိုပြောသည်။

ဦးစိုင်းမြင့်မောင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၃ ဖြစ်ပြီး၊ လားရှိုး၊ တန်ယန်း၊ မိုင်းရယ်၊ သိန္နိ၊ ကွမ်လုံ မြို့နယ်တို့ အကျုံးဝင်သည်။

ရှမ်းပြည်နယ်၏ အခြား လစ်လပ်နယ်မြေတခုဖြစ်သည့် ကလော မဲဆန္ဒနယ်တွင် အသက် ၆၄ နှစ်ရှိ ဒေါက်တာဒေါ်သန်းငွေ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း သိရသည်။

ဒေါက်တာ ဒေါ်သန်းငွေသည် တောင်ကြီးမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်သည် လက်ရှိအစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တာဝန်ယူထားသည့် ဦးတင်နိုင်သိန်း အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အပါအဝင်၊ ဒုသမ္မတ တဦးဖြစ်သူ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် လက်ရှိ အစိုးရ၏ ဝန်ကြီး အများစု အနိုင်ရခဲ့သော မန္တလေးတိုင်းအတွင်း လစ်လပ် မဲဆန္ဒနယ်များတွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် သူနှစ်ဦးသာ ထွက်ပေါ်နေသေးသည်ကိုလည်း ကြာသပတေးနေ့ စာရင်းအရသိရသည်။ မန္တလေးတိုင်းအတွင်း လစ်လပ် နယ်မြေ ၁ဝ ခုရှိနေရာ NLD မှ ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ၈ နေရာ ကျန်နေသေးသည်။

NLD ၏ ပြန်ကြားရေး တာဝန်ခံလည်းဖြစ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ဦးအုန်းကြိုင် ဝင်ရောက် ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်သည် လက်ရှိအစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီး တာဝန်ယူထားသည့် ဒေါက်တာမြအေး၏ မဲဆန္ဒနယ် ဖြစ်သည်။

လက်ရှိ အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည် အနိုင်ရ ခဲ့သော ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်တွင် NLD ၏ ဗဟိုလူမှု အထောက်အကူပြု အဖွဲ့မှ ဒေါ်ဖြူဖြူသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

NLD တည်ထောင်သူတဦးဖြစ်သူ ဒေါက်တာ ဒေါ်မေဝင်းမြင့်မှာ ရန်ကုန်တိုင်း မရမ်းကုန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာပွင့်ဆန်း အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တဦး ဖြစ်ပြီး NLD ၏ ပါတီလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးနေသည့် ဦးဖြိုးမင်းသိန်းမှာ လှည်းကူးမြို့နယ်မှ ဝင်ရောက်အရွေးခံမည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်သည် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။

သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အနိုင်ရခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ်တွင် NLD ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင် အနိုင်ရခဲ့သည့် သုံးခွ မဲဆန္ဒနယ်တွင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ် သုံးခွမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ကွယ်လွန်သူ ဦးလွင်၏ သမီး ဒေါ်စုစုလွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကော့မှူးမြို့နယ်မှ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်သည် ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေတဦးဖြစ်သည့် ဒေါ်ခင်ဋ္ဌေးကြွယ်မှာ မော်လမြိုင် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ အဆိုပါ နေရာသည် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့် အနိုင်ရခဲ့သည့် နေရာဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နယ်မြေ ၄၈ နေရာရှိရာ NLD ၏ ကိုယ်စားလှယ်လောင်း ၂၂ ဦးရွေးချယ်မှု တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းအတွင်းရှိ လစ်လပ်နယ်မြေ ၂၂ နေရာ အတွက် အပြီးသတ် ရွေးချယ်ပြီး ဖြစ်သည်။

NLD သည် တနင်္သာရီတိုင်း အတွင်းရှိ လစ်လပ် မဲဆန္ဒနယ် နှစ်ခု၊ မကွေးတိုင်းအတွင်းရှိ လစ်လပ်မဲဆန္ဒနယ်ခြောက်ခု၊ စစ်ကိုင်းတိုင်း အတွင်းရှိ လစ်လပ်နယ်မြေ ငါးခု၊ ကချင်ပြည်နယ် အတွင်းရှိ လစ်လပ်နယ်မြေ သုံးခု စုစုပေါင်း လစ်လပ်နယ်မြေ ၁၆ ခုအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ကျန်ရှိနေသေးသည်။

ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပ မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားသည်။

source by : http://www.mizzimaburmese.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form