ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

၁၉၈၉ ခုနှစ် ဧပြီလ မဟာသင်္ကြန်တောင် ဘယ်လိုပြီးသွားလဲမသိ၊ ကျနော့် အိမ်မှာတော့ လူပေါင်းများစွာ ဝင်လိုက်ထွက်လိုက်နှင့်။ အများစုကတော့ အထက်တန်းကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ၊ အသက်အ ရွယ်များက ၁၅နှစ် မှသည် အကြီးဆုံး ၂၂ နှစ်၊ အသက်ကြီး ပါတယ်ဆိုတဲ့ ကျနော်တောင် ၃၀ မပြည့်သေးပါ။ မေးလိုက်ကြတဲ့ မေးခွန်းများ ကလည်း များမှများ။

“လူ့ဘောင်သစ် ဘာလုပ်နေလဲ”

“မိုးသီးဇွန် ဘယ်ရောက်နေလဲ၊ တောခိုမယ်ကြားတယ်၊ အဲဒါဟုတ်လား”

“လူ့ဘောင်သစ်က လက်နက်ကိုင်ဖို့ လူစုနေတဲ့ ပါတီလား”

“ကျနော်တို့ကို ခိုင်းပါ၊ တိုင်းပြည်အတွက် ဘာပဲလုပ်ရလုပ်ရ၊ အဆင်သင့်ပဲ”

“ဘယ်သူပဲခေါင်းဆောင်လုပ်လုပ်၊ အဲဒါကအရေးမကြီးဘူး၊ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ပဲ လိုတယ်”

ကျနော့်မှာလည်း ကျောင်းသားအရွယ်လေးများ၏ ဆုံးဖြတ်ချက်များဟာ မှားယွင်းသွား မှာကိုစိုးရိမ်ပါတယ်။ ပါတီစွဲ၊ ဝါဒ စွဲ၊ လူပုဂ္ဂိုလ်စွဲများဖြင့် တဖက်စွန်းရောက်သွားမှာကိုလဲ ပူပန်နေမိပါ တယ်။

အဲ့ဒီအချိန်က ကျနော်ဟာ ရန်ကင်းမြို့နယ် လူ့ဘောင်သစ်မှာ ဥက္ကဋ္ဌ ဆိုပါတော့၊ အလုပ်က ကျူရှင်ဆရာ၊ ကိုယ်ကိုတိုင် တော့ ရှင်းရှင်းလင်းလင်းမရှိသေး၊ ဆိုလိုတာက ဘယ်လမ်းစဉ် ဘယ်မူဝါဒ ဆိုပြီးပြတ်သားမှု မရှိသေးတာကို ပြောတာပါ။ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ တပါတီအာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာပြီး စစ်တပ်က အာဏာသိမ်းတာကို လုံးဝ လက်မခံနှိုင်သူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး လုပ်စားမည့်လူတွေရဲ့လက်အောက်မှာ အသုံးချခံ၊ အခိုင်းခံအဖြစ် ကျောင်း သား လူငယ်လေးတွေရဲ့ဘဝ နစ်မွန်းသွားမှာကို လုံးဝ မလိုလားပါဘူး၊ ဒါကြောင့် ကျောင်းသားပါတီဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ကျနော်ရဲ့ ရွေးချယ်မှု ပါပဲ။

သင်္ကြန်အပြီးမှာ နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ပါတီညီလာခံလုပ်မယ်တဲ့၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ၊ တနိုင်ငံလုံးက ကျောင်းသားခေါင်းဆောင်တွေ တွေ့ကြမယ်ဆိုတော့ ဝမ်းသာလိုက်တာ၊ ပါတီတခုရဲ့အသက်ဟာ ညီလာခံပဲ၊ ပါတီဖွဲ့စည်း ပြီး ၆ လသက်တမ်းနှင့် ညီလာခံခေါ်ရဲတဲ့ ဌာနချုပ် ခေါင်းဆောင်တွေကို လေးစားမိတယ်။ဌာနချုပ်ခေါင်းဆောင်တွေဆိုလို့ ဒိခေတ်လူငယ်တွေရဲ့မျက်လုံးထဲမှာ အဖိုးကြီးပုံ တွေ မြင်နေအုန်းမယ်။ ဥက္ကဋ္ဌလုပ်တဲ့ မိုးသီးဇွန်က (၂၇)နှစ်၊ ဒုဥက္ကဋ္ဌ သက်ထွန်းက (၂၇) နှစ်၊ န အ ဖ ခေတ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့အရုပ်ကလေးဖြစ်သွားရှာတဲ့ မိုးဟိန်းက (၂၄) နှစ်၊ ရဲနိုင် အောင် (ကိုဝ) (၂၄)နှစ် (ကိုဝ–မှားနေလျှင်ပြင်ကွာ )၊ အခု နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကျော်မင်းယု(ဂျင်မီ) ဆို (၂၂) နှစ် လောက်ရှိတယ်၊ စီမံ/စည်းကမ်းတာဝန်ယူတဲ့ ယဉ်ထွေးက (၂၃) နှစ်၊ ဘဏ္ဍာရေးမှူးလုပ်တဲ့ တင်ထွန်းလှိုင် (န အဖ ရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ဦးနှောက်ကို ထိခိုက်သွားရသူ) ဆို ပီဘိ ကလေးလေး မျက်နှာနှင့် (၂၁) နှစ်ပဲ ရှိသေး တယ်။ ဇေယျ (ခေါ်) ကုလားမကြီး (အခုသူလဲ နှစ်ရှည်ထောင်ဒဏ်ခံနေရတယ်) ကလည်း (၂၅)နှစ် လောက်ပဲ ရှိသေး တယ်။

ဒီလိုပဲ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မဥမ္မာ (ဗဟန်း)၊ ဝင်းမောင်(လှိုင်)၊ အောင်မြတ်စိုး (တာမွေ)၊ ဖော်မျိုးနိုင် (ပန်းဘဲ တန်း)၊ သက်အောင် (အင်းစိန်)၊ ကျော်သန်း(ကွမ်းခြံကုန်း)၊ စတဲ့မြို့နယ်တာဝန်ခံ တွေအားလုံးဟာလည်း အသက် (၂၀) ဝန်းကျင်တွေ၊ ဆိုလိုတာက အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (N L D) ပြီးတဲ့နောက် ဒုတိယအင်အား အကြီး ဆုံးဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာ ဆိုတာကို ဒီခေတ်လူငယ်တွေ သိ စေချင်တာပါ။

ဧပြီလ (၂၂) ရက်မှာမနက်အစောကြီး ကတည်းက ညီလာခံလုပ်မယ့် ဗဟန်းမြို့နယ်က ရန်ကုန်တိုင်းရုံး (ကျနော်တို့ အ ခေါ် ဝါးရုံပင်စခန်း) ကို ထွက်လာခဲ့တယ်။ ရောက်တော့ မျက်နှာစိမ်း လူငယ်တွေ အများကြီးတွေ့တယ်။ ဒါပေမယ့် ကြောင်တောင်တောင် ဖြစ်မနေကြပါဘူး။ တယောက်နဲ့ တယောက် ပြုံးပြပြီး အပြန်အလှန်မိတ်ဆက်ကြတယ်။ ၈ နာရီ ထိုးတော့ ခန်းမလို ဆောက်ထားတဲ့ တဲကြီးထဲဝင်ပြီး တတိယမြောက် အတန်းမှာ ထိုင်လိုက်တယ်။ ဒါနဲ့ အခမ်းအနားစ ရော ဆိုပါတော့ ၊ နယ်က မြို့နယ်ကိုယ်စားလှယ်တွေ တယောက်စီ မိတ်ဆက်ကြတယ်။ ရင်ထဲမှာစွဲနေတဲ့ စကားလေး တွေထဲမှာတော့ အရင်ဆုံးသတိရတာ မျိုးမောင်မောင် ပြောတဲ့စကား၊ လူပုံစံက တုတ်တုတ်ခိုင်ခိုင်၊ ကွမ်းကြိုက်လွန်းတဲ့ မုံရွာသားပီပီ ပါးစပ်တခုလုံး ကွမ်းသွေးတွေရဲလို့၊ သူက “ကျနော် မိုးသီးဇွန် လဲ မသိဘူး၊ မင်းကိုနိုင်လဲ မသိဘူး၊ ကျနော် သိတာ ကျောင်းသားလူငယ်တွေပဲ၊ ကျနော်တို့ နိုင်ငံရဲ့ အနာဂါတ်အတွက် ကျောင်းသားလူငယ်တွေ ခေတ်အဆက်ဆက် က တိုက်ပွဲဝင်ခဲ့တယ်၊ အခုလဲ တိုက်မှာပဲ၊ ကျနော့်မှာ ဘယ်သူခေါင်းဆောင်တယ်ဆိုတာ အဓိကမဟုတ်ဘူး ဘယ်သူပဲ လုပ်လုပ် မြန်မာပြည်သူတွေ ကောင်းစားမယ်ဆိုရင် ကြိုက်တဲ့တာဝန်ပေး၊ ကျေပြွန်အောင်လုပ်မှာပဲ” တဲ့။

နောက်တယောက်က ရွှေဘိုသား (နာမည်ရင်းမမှတ်မိတော့တာ ခွင့်လွှတ်ပါ)၊ သူကလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် နှင့် ထလာတယ်။ အညာသားပီပီ ခပ်ညိုညို အသားအရေနှင့် ကိုယ်လုံးကိုယ်ထည်ကတော့ ခပ်သေးသေး၊ သူက “မိုးသီး ဇွန် ဘယ်မှာလဲ။ မိုးသီးဇွန် ကိုတွေ့ချင်လို့၊ သူနဲ့သူ့အဖွဲ့ ဘာဆက်လုပ်မလဲ သိချင်လို့ ရန်ကုန်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆင်း လာခဲ့ရတာ၊ အခုသူမရှိတော့ဘူးဆို၊ သူမရှိလဲ ဆက်လုပ်ကြပါ၊ ကျနော့်အနေနဲ့ ဒီညီလာခံက ပေးတဲ့တာဝန်ကိုယူပြီး ဆက်လုပ်မှာပဲ၊ ရဲဘော်တို့ ရှေ့ဆက်ပြီး ညှိနှိုင်းပါ၊ ဆွေးနွေးပါ၊ လုပ်ငန်းစဉ်ချပါ၊ ကျနော် အဆင်သင့်ရှိပါတယ်” တဲ့။

အဲဒီအချိန်မှာ ကျနော့နောက်က ထိုင်နေတဲ့ မဥမ္မာက လှမ်းပြောတယ် “အကိုရေ ၊ အညာသားကြီးလဲ ပြတ်တယ်နော်”။ ဒါနဲ့ ကျနော်က “သူ့ကို ရွှေဘိုသားဆိုတော့ အောင်ဇေယျလို့ နာမည်ပေးရအောင်၊ ဥက္ကဋ္ဌတင်လိုက်ရင် မကောင်းဘူးလား ဟေ့၊ ရန်ကုန်က ဥက္ကဋ္ဌမလုပ်ဘဲ နယ်ကို ဦးစားပေးလိုက်ရင် ညီညွတ်မှုလဲ အားကောင်းသွားမယ်”၊ အဲဒီကနေ့ ‘အောင် ဇေယျ ဟေ့’၊ ‘အောင်ဇေယျ တဲ့နော်’ ဆိုတဲ့စကားတွေ တဆင့်ပြီးတဆင့် ပျံ့သွားတယ်။ တကယ်လည်း မဲပေးပြီးရွေးလိုက် တော့ သူပဲ လူဘောင်သစ်ရဲ့ ဒုတိယမြောက် ဥက္ကဋ္ဌဖြစ်သွားတယ်။ ၁၉၈၉ ဇွန်လနောက်ဆုံးပတ် လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ ဌာနချုပ် (အနော်ရထာလမ်း) မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အာဏာဖီဆန်ရေး တရားပွဲလုပ်တော့ သူ့ရဲ့ “မောင်းပြန်ကို ဒေါင်းအလံနှင့် တိုက်မယ်” ဆိုတဲ့ စကားတခွန်း “တွင်”ကျန်ခဲ့တယ်။

နောက်တယောက်ကတော့ ဗမာတွေအထဲမှာ ရှည်တယ်ဆိုလောက်တဲ့ အရပ်နဲ့ ခပ်ပိန်ပိန်၊ တည်တည်ငြိမ်ငြိမ် မျက်နှာ ပေါက်ရှိတဲ့ ခရမ်းမြို့နယ်သား ကိုမြင့်ဇော် (၁၉၉၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကွယ်လွန်) ပြောတယ်၊ သူက “ရန်ကုန်က ဗကသ ကျောင်းသား ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ကြိုက်လို့၊ ပါတီရဲ့မူကို ကြိုက်လို့၊ ဝင်လုပ်နေတာပါ၊ မိုးသီးဇွန် ရှိတာ မရှိတာ အဓိက မကျပါဘူး၊ အဓိကကျတာက ကျနော်တို့ အလုပ်ဆက်လုပ်ကြဖို့ပဲ၊ ကျောင်းသားလူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို ပြဖို့ပဲ၊ ဒါကြောင့် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အားသွန်ခွန်စိုက် လုပ် ကြပါ၊ လုပ်မယ်လို့လည်း ယုံကြည်ပါတယ်” ဆိုပြီး ပြန်ထိုင်သွားတယ်။ နောက်တော့ သူလည်း ၁၉၉၀ ပြည့်နှစ် ဂျူလိုင်လ ၁၇ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ တာဝန်ကိုယူပြီး ကွယ်လွန်ချိန်အထိ မဆုတ်မနစ် လုပ် သွားခဲ့ပါတယ်။

သူပြီး နောက်တယောက် ထလာပြန်ပါတယ်။ မကွေးက ကိုသက်ဇော်။ သူက ပိုပြီးပြတ်တယ် “ကျောင်းသားခေါင်းဆောင် တွေ ဘာလို့ပါတီထောင်တာလဲ သိသိချင်း မကျေနပ်ဘူး၊ ဒါပေမယ့် ပါတီဟာ အာဏာယူဖို့ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဝင်ဖို့မဟုတ်ဘူး တကယ်လုပ်မယ့်လူတွေ အဖွဲ့အစည်းတွေကို ဝန်းရံပေးဖို့ ကူညီဖို့ဆိုလို့ သိပ်ကြိုက်သွားတယ်၊ ကျေနပ် တယ်၊ ဒါကြောင့် ကျနော် လာခဲ့တာပဲ၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်အတွက် တကယ်လုပ်မလား၊ ကျနော်ထမ်းတင်မယ်”

ကိုတင်ဦး (သင်္ကန်းကျွန်း) က ကျနော့ကို လှမ်းပြောတယ်၊ “အစ်ကိုရေ မြေလတ်သား အာဇာနည် တယောက်တော့ ပေါ် လာပြန်ပြီ” အဲဒီအချိန်မှာ ဘယ်သူလဲတော့ သေသေချာချာ မသိတော့ဘူး။ သူက အသံကျယ်ကျယ်နဲ့ “မကွေးမှာ ဗကသ ခေါင်းဆောင် ကိုဗဟိန်းက မြင်းခွာသံ တချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်သွားမယ်ဆိုတဲ့ သမိုင်းဝင်စကား ပြောသွား တယ်၊ ဒါကြောင့် သူ့ကို ဗဟိန်းအောင်လို့ နာမည်ပြောင်းရင် ကောင်းမယ်” ဆိုလိုက်တော့ ဗဟိန်းအောင်ရယ်လို့ အမည် တွင်သွားပြီး ညီလာခံမှာ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရပါတယ်။ အခုတော့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရ ဆဲပါ။

ဒါတွေ ရေးပြနေတာ နောက်ကြောင်းပြန်သွားနေတာ မဟုတ်ပါဘူး။ ဒီကနေ့ ပြည်တွင်းမှာ နိုင်ငံရေး မိုးလေဝသ အခြေ အနေ ကောင်းစပြုနေတာ မြင်ရတဲ့အတွက် လူငယ်နိုင်ငံရေးသမားတွေ အများကြီး ပေါ်ထွက်စေချင်လို့ပါ။ ကျနော်တို့ ခေတ်တုန်းက “နိုင်ငံရေး နာဂစ်မုန်တိုင်း” ကြောင့် အလဲလဲအကွဲကွဲနှင့် စုတ်ပြတ်သတ်အောင် ဖိနှိပ်ခံနေရတာတောင် လူငယ်တွေရဲ့ အားမာန်နဲ့ နိုင်ငံ့သမိုင်းကြောင်း တနေရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် “ကိုဇေယျာသော်” အကျဉ်း သား ဘဝက ပြန်လွတ်လာပြီးတာနဲ့ နိုင်ငံရေးလုပ်မယ်၊ “ကိုရသ” ကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုလို့ ဒီစာကို ရေးဖြစ်တာပါ။

“လေးစားပါတယ် ကိုဇေယျာသော် ” ၊ “ ကြိုဆိုပါတယ် ကိုရသ ”၊ သူတို့လိုပဲ အသစ်အသစ်သော လူငယ် နိုင်ငံရေးသမား များကို လှိုက်လှဲစွာ ကြိုဆိုလျှက်..။

သန့်စင်အောင် (ရန်ကင်း)

၎-၁၂-၂၀၁၁

ပန်းချီ .. စစ်ငြိမ်းအေး

source by :နေ့သစ်

0 comments: