မီးအန္တရာယ် ကာကွယ်ရေး ပညာပေး

မီးအကြောင်း သိကောင်းစရာ နှင့် မီးသတ်ဘူး အသုံးပြုနည်း

နိဒါန်း

ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင် မီးသည် မရှိမဖြစ် လိုအပ်၏။ ကျွန်ုပ်တို့သည် မီးမရှိဘဲ အသက်ရှင် နေထိုင်ဘို့ မလွယ်။ သို့သော် ထိုမီးအကြောင်းမသိလျှင်၊ ထိုမီးကို သေသေချာချာ ကိုင်တွယ်သုံးစွဲခြင်း မပြုလျှင် ၎င်းသည် ကျွန်ုပ်တို့အား များစွာဒုက္ခပေး၏။

ထို့ကြောင့် ထိုမီးအကြောင်း ဂဃနဏသိရန်၊ ထိုမီးကို သေသေချာချာ ထိန်းသိမ်းနိုင်ရန် ဤဆောင်းပါးကို ရေးပါသည်။

ဤဆောင်းပါးကိုဖတ်ပြီးသည်နှင့် သင်သည် -

ü မီးဘာ့ကြောင့်လောင်ရသည် ဆိုသည်ကို သိလာမည်။

ü လောင်တတ်သော မီးအမျိုးအစားများကို ခွဲခြားသိလာနိုင်မည်။

ü မီးသတ်ဘူး အမျိုးအစားများကို ခွဲခြားသိလာနိုင်မည်။

ü မည်သည့်မီးအတွက် မည်သည့် မီးသတ်ဘူးကို သုံးရမည်ဖြစ်ကြောင်း သိလာမည်။

ü မီးသတ်ဘူးများကို ကောင်းမွန်စွာအလုပ်လုပ် မလုပ်၊ စစ်ဆေးနိုင်မည်။

ü အကယ်၍ မီးသတ်ဘူးချို့ယွင်းနေလျှင် မည်သို့လုပ်ရမည်ကို သိလာမည်။

၁။ မီးတြိဂံ (Fire Triangle)

မီးလောင်ရန် အရာဝတ္တု သုံးမျိုးလိုသည်။ ၎င်းတို့မှာ -

၁။ အပူ (Heat)
၂။ အောက်ဆီဂျင် (Oxygen)
၃။ လောင်စာ (Fuel) - တို့ဖြစ်၏။

ဤသုံးမျိုး ပြည့်စုံမှ မီးလောင်နိုင်သည်။ ဤသုံးမျိုး အနက် တစ်ခုခု မရှိပါက မီးမလောင်နိုင်။ သို့အတွက် မီးမလောင်နိုင်ရန်၊ တစ်နည်းအားဖြင့် မီးသတ်ရန် ဤသုံးမျိုးထဲမှ တစ်ခုခုကို ထုတ်ပစ်ရမည်။ အပူ၊ အောက်ဆီဂျင်၊ လောင်စာ မည်သည်ကို နုတ်ပယ် မည်နည်း။ လောင်နေသော မီးကို လောင်စာနှုတ်ယူဘို့ ဆိုတာ မလွယ်။ ထိုအခါ ထိုမီးအား အောက်ဆီဂျင် ဆက်လက် မရနိုင်စေရန် ကြိုးပမ်း ရပေမည်။ သို့မဟုတ် ရေများပက်ခြင်းဖြင့် အပူကိုငြိမ်းစေရသည်။ ၎င်းကို မီးသတ်သည်ဟု ခေါ်၏။

ရေပက်ပြီး အပူကို အေးစေခြင်းဖြင့် မီးငြိမ်းစေခြင်းသည် ကာဘွန်လောင်စာများ (ဥပမာ - သစ်သား၊ စက္ကူ၊ အမှိုက်သရိုက်၊ အ၀တ်အထည် စသည်) အား ငြိမ်းသတ်ရန် အကောင်းဆုံးဖြစ်သည်။

မီးပြန့်နှံ့နှုန်းနှေးခြင်း၊ မြန်ခြင်း၊ မီးအနည်း၊ အများ ဆိုသည်တို့မှာ အချက်အလက်များစွာပေါ် မူတည်နေပါသည်။ ထိုအထဲတွင် အရေးကြီးဆုံးမှာ မီးလောင်နေသည့်နေရာ၌ လောင်စာမည်မျှ ရှိနေသနည်း၊ (အောက်ဆီဂျင်ပိုရအောင်) လေတိုက်နေသလား။ပေါက်ကွဲ စေတတ်သော ပစ္စည်းများရှိသလား စသည်တို့သည် အဓိက အချက်များဖြစ်ပေသည်။ အောက်ဆီဂျင် နည်းလျှင် မီးလောင်တာ နှေးသည်။ အောက်ဆီဂျင် များများရလေ မီးလောင်တာပိုမြန်လေ။ လေတိုက်လျှင် မီးကူးနှုံးမြန်တာ ဤသဘော တရားဖြစ်၏။ မီးလောင်စေတတ်သော ပစ္စည်းများ၊ ဥပမာ - စက္ကူ၊ သစ်သား၊ အ၀တ်အထည် စသည်တို့ များများရှိလျှင် မီးလောင်တာများမည်။

သို့ဖြစ်၍ မီးသတ်ခြင်း ဆိုသည်မှာ ဖြစ်နိုင်သည့်နည်းအားလုံးသုံးကာ အောက်ဆီဂျင်ကို အဆက်ဖြတ်ခြင်း၊ အပူကို လျှော့ချ ခြင်း၊ လောင်စာများကို သယ်ထုတ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ မီးသတ်ရေးအတွက် ထိုနည်းများကို လေ့လာရန်လိုသည်။
၂။ မီးပိရမစ် (Fire Tetrahedron)
မီးလောင်ရန် အောက်ဆီဂျင်၊ လောင်စာ၊ အပူတို့အပြင် ၎င်းတို့ကို ဆက်စပ်ပေး မည့် တစ်ခုလည်းရှိသေး၏။ ၎င်းကို Chain Reaction ဟု ခေါ်သည်။ ဆိုလိုသည်မှာ ဓါတ်ဆီလည်းရှိသည်။ လေလည်းရှိသည်။ အပူလည်းရှိသည်။ သို့သော် ၎င်းတို့ကို မီးရှို့ပေးမည့် မီးပွားမရှိလျှင် မီးမလောင်နိုင်။ ဤအချက်သည် မီးကာကွယ်ရေးတွင် အလွန်အရေးကြီးသည်။ ဥပမာ - ဓါတ်ဆီဆိုင်များ၌ ဆေးလိပ်သောက်ခြင်းသည် အောက်ဆီဂျင်၊ အပူ နှင့် လောင်စာတို့ကို ပေါင်းကူးပေးခြင်းဖြစ်သည်။ ထို့အတွက်မီးလောင်သည်။ သည်ကမ္ဘာပေါ်တွင် လေရှိနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အောက်ဆီဂျင် ရှိနေမည်။ ဓါတ်ဆီဆိုင်ဖြစ်သည့်အတွက် လောင်စာ သေချာပေါက်ရှိနေသည်။ နေပူနေတော့ အပူဆိုတာလည်း ရှောင်လွှဲလို့မရ။ ရှိနေမည်။ ထိုအခါ မီးမလောင်ရန်တားဘို့ ထိုအရာများကို ပေါင်းစည်း မပေးမိရန် တစ်ချက်သာရှိတော့၏။ ဤအရာကား ထိုပတ်ဝန်းကျင်တွင် မည်သည့်နည်းနှင့်မျှ မီးပွားမဖြစ်ပေါ်စေခြင်း ဖြစ်သည်။

၃။ အပူစီးခြင်း (Convection)

မီးလောင်ခြင်းမှ အလွန်ပူသော ဓါတ်ငွေ့၊ လေပူများထွက်လာသည်။ ထိုအပူငွေ့များမှာ သာမန်လေထက် ပိုပေါ့သဖြင့် အပေါ် တက်သွားသည်။ ၎င်းတို့ထွက်သွားသည့်အတွက် အနီးပတ်ဝန်းကျင်မှ လေများ ထိုနေရာကို အစားထိုးရန် ၀င်လာသည်။
ထိုအခါ မီးလောင်လျှင် လေတိုက်သည်ဆိုတာ ဖြစ်လာသည်။ အခန်းတွင်း၌မီးလောင်သည် ဆိုပါက အထက်သို့တက်သွား သော လေပူများသည် မျက်နှာကျက်နှင့် တိုးမိသည်။ ထိုအခါ ၎င်းတို့ထွက်ပေါက်ရှာသည့်အနေနှင့် မျက်နှာကျက်တစ်လျှောက် ပျံ့နှံ့သွားသည်။ အချိန်မီထွက်ပေါက်မရလျှင် မျက်နှာကျက် သို့မဟုတ် ထိုအနားတ၀ိုက် ပစ္စည်းများမှာ အလွန်ပူကျက်လာကာ (autoignition) အလိုအလျောက် မီးလောင်နိုင်သည်။ ထိုအခါ လေထွက်ပေါက်မရှိသော အလုံပိတ်အခန်းအတွင်း မီးလောင် ပါက မီးကူးအလွန်မြန်ခြင်း ဖြစ်သည်။ သို့အတွက် အဆောက်အအုံများ စတင်ဆောက်စဉ်ကတည်းက ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ လေပူထွက်ပေါက် (Mechanical Ventilation ducts) များ ထားပေးရန်လိုသည်။

(ဓါတ်လှေခါးရှိသည့် အဆောက်အဦများတွင် မီးလောင်သည့်အခါ ဓါတ်လှေခါးကို လုံးဝမသုံးရ။ အကြောင်းမှာ ၂ ချက်ရှိသည်။ တစ်ချက်မှာ မီးလောင်သဖြင့် လျှပ်စစ်ပြတ်သွားပါက ဓါတ်လှေခါးအတွင်း ပိတ်မိနေမည်။ နောက်တစ်ချက်မှာ ဓါတ်လှေခါး လိုဏ်ပေါက်အတွင်းမှ မီးခိုးများ၊ လေပူများ အပြင်သို့ ထွက်သွားနိုင်သည်။)

၎။ အပူလျှောက်ခြင်း (Conduction)

သံချောင်းတစ်ချောင်းကို တစ်ဖက်စွန်းမှ အပူပေးလိုက်ပါက အခြားတစ်ဖက်စွန်းပါ ပူလာသည်။ ဤသည်မှာ အပူသည် အရာတ္တု အထူးသဖြင့် သတ္တုများအတွင်း လျှောက်ကူးသွားခြင်းကြောင့် ဖြစ်သည်။ သံထည်များနှင့်ဆောက်လုပ်ထားသော အဆောက်အဦများတွင် မီးလောင်ပါက မီးအပူသည် သံထုပ်ယောက် ဒိုင်းမြားသို့ ကူးသွားသည်။ ထိုမှတဆင့် ၎င်းတို့နှင့် ထိစပ်နေသော ပစ္စည်းများသို့ ကူးသွားသည်။ ထိုပစ္စည်းများ အပူလွန်ကဲလာပါက အလိုအလျောက် မီးလောင်နိုင်သည်။

မီးသတ်ရာတွင် ဤသို့သောနည်းဖြင့် အပူများစီးမသွားစေရန် သံဘောင်များကို ဖြိုဖျက်ချရသည်။ သံထည်ပစ္စည်းများနှင့် ထိနေသောပစ္စည်းများကို အဝေးသို့ ရွှေ့ထုတ်ရသည်။

၅။ အပူဟပ်ခြင်း (Radiation)

မီးဆိုတာ လောင်သည့်နေရာမှာတင် ပူတာမဟုတ်။ ၎င်းပတ်ဝန်းကျင်သို့လည်း အပူများဖြန့်ထုတ်သည်။ ဤသည်ကို radiation ဟု ခေါ်၏။ ထို့အတွက် မီးလောင်လျှင် ထိုပတ်ဝန်းကျင်ရှိ အရာများပါ ပူလာသည်။ ကြာလာလျှင် အလွန်ပူလာကာ အလို အလျောက်မီးလောင်နိုင်လာသည်။ သို့အတွက် မီးလောင်လျှင် မီးလောင်သည့်နေရာတစ်ခုတည်းသာ မဟုတ်ဘဲ အနီးပတ်ဝန်း ကျင်ကိုပါ ဂရုစိုက်ရန်လိုသည်။
မီးလောင်နေသည့် ပတ်ဝန်းကျင်တွင် သစ်သားအိမ်များရှိပါက ထိုသစ်သား အိမ်များ ကိုပါ ရေဖြန်း ပေးရန်လိုသည်။ အထူးသဖြင့် သက်ငယ် မိုးထားသော အိမ်များမှာ အလွန် အန္တရာယ် များသည်။ ထိုခေါင်မိုးများပေါ်သို့ ရေကြိုဖြန်းထားရန် လိုသည်။ အနီးပတ်ဝန်းကျင်၌ ဆီတိုင်ကီများရှိပါကလည်း ထိုဆီတိုင်ကီများကို ရေဖြန်းရန်လိုသည်။ ထို့အတူပင် ဈေးများ၌ စာအုပ်ပုံများ၊ အ၀တ်ပုံများ စသည်တို့ကို မီးမလောင်မီ ရေကြိုဖြန်းထားရန် လိုသည်။

၆။ မီးအမျိုးအစား (Class of Fire)

မီးအမျိုးအစားခွဲရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူပါ။ ISO (International Organization for Standardization) ကတစ်မျိုး၊ NFPA (National Fire Protection Agency) က တစ်မျိုး၊ Europe Standard ကတစ်မျိုး ဖြစ်သည်။

European Standard "Classification of fires" (EN 2:1992, incorporatiing amendment A1:2004) အရ မီးအမျိုး အစား Class A, Class B, Class C, Class D, Class F ဟု ၅ မျိုး ခွဲခြားနိုင်သည်။ သို့သော် အမေရိကန်စံနှုံးအရမူ Class A, Class B, Class C, Class D, Class K ဟု ဖြစ်၏။

ဥရောပစံနှုံး

Class A - သာမန်မီးလောင်နိုင်သော ပစ္စည်းများ၊ ဥပမာ - သစ်သား၊ စက္ကူ၊ အ၀တ်အထည်၊ ပီဗီစီ၊ စက္ကူပုံး စသည်။

Class B - မီးလောင်နိုင်သော အရည်၊ အခဲများ၊ ဥပမာ - ဓါတ်ဆီ၊ ဆီ၊ ဗင်ဇင်း စသည်။

Class C - မီးလောင်နိုင်သော ဓါတ်ငွေ့များ၊ ဥပမာ - သဘာဝဓါတ်ငွေ့၊ ဗျူတိန်း၊ ပရိုပိန်း စသည်။

Class D - မီးလောင်နိုင်သော သတ္တုများ၊ ဥပမာ - သံ၊ ဒန်၊ ကြေး၊ မက်ဂနီဆီယမ် စသည်။

Class F - ချက်ပြုတ်ရာတွင်သုံးသော ပစ္စည်းများ၊ ဥပမာ - ဆီ၊ အဆီ စသည်။

မှတ်ချက်မီးဝင်နေသော လျှပ်စစ်ပစ္စည်းများကို ဤမီးအမျိုးအစားတွင် ထည့်သွင်းမထားပါ။



အမေရိကန်စံနှုံး

Class A - သာမန်မီးလောင်နိုင်သော ပစ္စည်းများ၊ ဥပမာ - သစ်သား၊ စက္ကူ၊ အ၀တ်အထည်၊ ကောက်ရိုး၊ စက္ကူပုံး စသည်။

Class B - မီးလောင်နိုင်သော အရည်နှင့် ဓါတ်ငွေ့များ၊ ဥပမာ - ဓါတ်ဆီ၊ ဆီ၊ သဘာဝဓါတ်ငွေ့၊ ဗျူတိန်း၊ ပရိုပိန်း စသည်။

Class C - မီးဝင်နေသော လျှပ်စစ်ပစ္စည်းများ၊ တစ်ခါတစ်ရံ ရှော့ဖြစ်တတ်သည်။ ၀ါယာများ အပူလွန်ကဲတတ်သည်။

Class D - မီးလောင်နိုင်သော သတ္တုများ၊ ဥပမာ - သံ၊ ဒန်၊ ကြေး၊ မက်ဂနီဆီယမ် စသည်။

Class F - ချက်ပြုတ်ရာတွင်သုံးသော ပစ္စည်းများ၊ ဥပမာ - ဆီ၊ အဆီ စသည်။

၇။ အဓိပ္ပါယ်သတ်မှတ်ချက်များ (Definitions)

ဤနေရာတွင် ကျွန်တော်က combustible ကို မီးလောင်နိုင်သော၊ flammable ကို မီးလောင် လွယ်သောဟု ဘာသာပြန်ပါမည်။

မီးလောင်ရန်လိုသော အပူချိန်
(flah point)
အရာဝတ္ထုတစ်ခုသည် ဤအပူချိန်မရောက်မချင်း မီးမလောင်နိုင်။ ဤအပူချိန်ရောက်လျှင် မီးထလောင်မည်။
မီးလောင်နိုင်သော အရည်
(combustible liquid)
flash point (မီးစွဲနိုင်သောအပူချိန်) ၆၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိသော အရည်များ။
မီးလောင်နိုင်သော ပစ္စည်း
(Combustible material)
မီးလောင်နိုင်သော်လည်း အလွယ်တကူ မီးမစွဲနိုင်သော အစိုင်အခဲ၊ အရည်၊ အငွေ့။
မီးလောင်လွယ်သော အရည်
(flammable liquid)
flash point (မီးစွဲနိုင်သောအပူချိန်) ၆၀ ဒီဂရီ စင်တီဂရိတ်အောက် ရှိသော၊ အပူချိန် ၃၇.၇ ဒီဂရီ စင်တီဂရိတ်တွင် ငွေ့ရည်ဖိအား ၂.၇၅ ဘားထက် မကျော်သောအရည်များ။ မီးစွဲရန် အလွန်လွယ်ကူသော အရည်များကိုခေါ်သည်။ ဤအထဲတွင် ဆေးသုတ်ရာတွင် သုံးသည့် သင်နာ (thinner)၊ ဓါတ်ဆီ၊ ချွတ်ဆေး စသည်တို့ပါသည်။
မီးလောင်လွယ်သော ပစ္စည်း
(flammable material)
အလွယ်တကူ မီးလောင်နိုင်သော၊ မီးအားပြင်းသော၊ မီးကူးလွယ်သော အရည်၊ အငွေ့၊ အစိုင် အခဲ စသည်။ ဥပမာ - ဓါတ်ဆီ၊


အောက်တွင် မီးလောင်လွယ်သော အရည်များကို ဖော်ပြထားပါသည်။ Autoignition Temperature ဆိုသည်မှာ ထို အပူချိန် သို့ရောက်လျှင် အလိုအလျောက် မီးထလောင်သည်ကို ဆိုလိုသည်။

နာမည်Flash pointAutoignition Temperature
Acetone (အက်ဆီတုန်း)−17 °C (1 °F)465 °C (869 °F)
Biodiesel>130 °C (266 °F)-
Dimethyl ether−41 °C (−42 °F)235 °C (455 °F)
Diesel (ဒီဇယ်)>62 °C (144 °F)210 °C (410 °F)
Ethanol (အက်သနော)12.8 °C (55.0 °F)365 °C (689 °F)
Diethyl ether−45 °C (−49 °F) 170 °C (338 °F)
Gasoline (ဓါတ်ဆီ)<−40 °C (−40 °F)246 °C (475 °F)
Jet fuel (လေယာဉ်ဆီ)>38 °C (100 °F)210 °C (410 °F)
Kerosene (paraffin oil) (ရေနံဆီ)>38–72 °C (100–162 °F)220 °C (428 °F)
Methanol (မက်သနော)11 °C (52 °F)464 °C (867 °F)
Nitromethane35 °C (95 °F)-
Vegetable oil (canola) စားဆီ-327 °C (621 °F)[1]

မှတ်ချက်မီးလောင် လွယ်သော အရည်များသည် အငွေ့ပျံလွယ်သည် ဆိုသည်ကိုလည်း မမေ့သင့်။ ထိုအငွေ့များသည်လည်း မီးလောင်လွယ်သည်။ ဥပမာ - ဓါတ်ဆီပုံးကို ဖွင့်ထားပါက ဆီပုံးအပေါက်ဝမှ ဓါတ်ဆီငွေ့များ တောက်လျှောက် ထွက်နေမည်။ ဤအငွေ့များအနီး မီးပွားကျပါက မီးလောင်နိုင်သည်။


၈။ မီးသတ်ဘူးအမျိုးအစား (Type of Fire Extinguishers)

သိပ်မကြီးသော မီးလောင်ခြင်းများအတွက်သာ မီးသတ်ဘူးကို သုံးနိုင်သည်။ သို့သော် မီးသတ်ဘူးဖြင့် မီးကိုငြိမ်းလိုက်နိုင်ခြင်း အားဖြင့် မီးသေးကလေးမှ မီးကြီးဖြစ်လာမည့် အန္တရာယ်ကို ကာကွယ်နိုင်သဖြင့် အလွန်အရေးကြီးသည်။ မီးတောက် သေးသေး ကလေးကို အချိန်မီ ငြိမ်းသတ်နိုင်ပါမှ တစ်ရပ်ကွက်လုံး၊ တစ်ဈေးလုံး၊ တစ်မြို့လုံး ပြာကျမည့် အန္တရာယ်ကို ကာကွယ်နိုင်မည်။

မီးအမျိုးအစားကို လိုက်၍သတ်ရန် အောက်ပါ အတိုင်း မီးသတ်ဘူးအမျိုးအစားများ သတ်မှတ်ထား၏။


မီးသတ်ဘူးအမျိုးအစားကို အရောင်ဖြင့်ခွဲထားသည်။ အထက်ပါဇယားကိုကြည့်ခြင်းဖြင့် မီးသတ်ဘူးအမျိုးအစား ၅ မျိုး ရှိကြောင်း သိနိုင်သည်။

က) မီးသတ်သည့် ပစ္စည်း - ရေ (Water) (အနီရောင်)

ရေဖြင့်မီးသတ်နိုင်သည်မှာ Class A မီးအမျိုးအစားသာဖြစ်၏။ အခြားမီးများကို ရေဖြင့်ငြိမ်းသတ်လို့မရ။ Class A မီးတွင် သစ်သား၊ စက္ကူ၊ အ၀တ် တို့ပါကြောင်း ပြောခဲ့ပြီ။ ဆီ၊ ဓါတ်ဆီ၊ လျှပ်စစ်မီးတို့ကို ရေဖြင့်မသတ်ရ။ မီးငြိမ်းသတ်သောအခါ မီးတောက်ပေါ်တည့်တည့် ထိုးရမည်။ အောက်မှစငြိမ်းသတ်ရမည်။ ပြီးမှ အထက်ပိုင်းသို့ ရွှေ့သွားရမည်။

ခ) မီးသတ်သည့် ပစ္စည်း - ရေမြှုပ် (Foam Spray) (အ၀ါရောင်)

ထိုမီးသတ်ဘူး အတွင်း၌ ရေ ၉၃ ရာခိုင်နှုံး၊ ဓါတုပစ္စည်း ၇ ရာခိုင်နှုံးပါသည်။ ၎င်းတို့ပေါင်းစပ်ရာမှ အမြှုပ်များဖြစ်လာသည်။ ဤမီးသတ်ဘူးကို Class A, Class B မီးအမျိုးအစားနှစ်မျိုးတွင် သုံးနိုင်သည်။ အခြားမီးများအတွက် သုံးလို့မရ။ မီးလောင် နေသော နေရာနှင့် အနီးတ၀ိုက်ကို အမြှုပ်များဖြင့် ဖုံးသွားသည်ထိ ဖြန်းပေးပါ။ ထိုအခါ မီးသည် ပြင်ပလေနှင့် အဆက်ပြတ် သွားသဖြင့် အောက်ဆီဂျင်မရသောကြောင့် ဆက်လက်မလောင်နိုင်တော့ပေ။

ဂ) မီးသတ်သည့် ပစ္စည်း - ပေါင်ဒါမှုံ့ (Dry Chemical Powder) (အပြာရောင်)

ချက်ပြုတ်သည့်ပစ္စည်းများအား လောင်သောမီး Class F မှလွဲ၍ ကျန်မီးအားလုံးကို သတ်နိုင်သည်။ မီးလောင်သော နေရာနှင့် အနီးတ၀ိုက်ကို အမှုံ့များဖြင့် ဖုံးသွားသည်ထိ ဖြန်းပေးပါ။ ထိုအခါ မီးသည် ပြင်ပလေနှင့် အဆက်ပြတ်သွားသဖြင့် အောက်ဆီဂျင်မရသောကြောင့် ဆက်မလောင်နိုင်တော့ပေ။

မီးသတ်သောအခါ ဧရိယာတစ်ခုလုံး ခြုံပြီး မဖြန်းပါနှင့်။ မိမိနှင့်အနီးဆုံးနေရာမှ စ၍ ဖြည်းဖြည်းချင်း မီးအားလုံးငြိမ်းသွားသည် ထိ ရှေ့တိုးပြီး ဖြန်းသွားပါ။ သတိပြုရန်မှာ ဤနည်းသည် အောက်ဆီဂျင်ကို အဆက်ဖြတ်ကာ မီးသတ်သောနည်း ဖြစ်သဖြင့် အမှုန်များပြယ်သွားပြီး အောက်ဆီဂျင်ပြန်ရသည်နှင့် အလွန်ပူနေသော မျက်နှာပြင်သည် Autoignition ဖြစ်ကာ မီးပြန်လောင် နိုင်သေးသည် ဆိုသည့်အချက်ဖြစ်၏။

လျှပ်စစ်ကြောင့် လောင်သောမီးဖြစ်ပါက လောင်နေသောမီးအပေါ်သို့ တည့်တည့် တိုက်ရိုက်ဖြန်းပါ။

ဃ) မီးသတ်သည့်ပစ္စည်း - ကာဘွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) (အနက်ရောင်)

Class B, Class D မီးများကို ငြိမ်းသတ်ရန် သုံးနိုင်သည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်သည် လေထက်လေး၏။ ထိုအခါ သူရောက်သွားသောနေရာမှ အောက်ဆီဂျင်အားလုံးကို မောင်းထုတ်လိုက်ခြင်းဖြင့် မီးကိုငြိမ်းနိုင်သည်။ အထူးအားဖြင့် လျှပ်စစ် ကြောင့် လောင်သောမီးများအား ငြိမ်းသတ်ရန် အထူးသင့်တော်သည်။ အဘယ်ကြောင့်ဆိုသော ၎င်းဓါတ်ငွေ့သည် လျှပ်စစ် မစီးနိုင်၊ ပစ္စည်းများကို မစားနိုင်သောကြောင့်ဖြစ်၏။

သို့သော် ထမင်းဟင်းချက်သည့်နေရာတွင်လောင်လျှင် မသုံးသင့်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ငွေ့လွှတ်ရန် မှုတ်ထုတ်လိုက် သော ဖိအားသည် ဆီများကိုလွင့်စင်စေကာ မီးကိုအလျှင်အမြန် ပြန့်စေသောကြောင့် ဖြစ်၏။ ထိုမီးသတ်ဘူးကို သုံးရာ၌လည်း ပေါင်ဒါမှုံ့ဘူးကဲ့သို့ပင် မိမိအနီးမှစကာ မီးသတ်ပြီး ဖြည်းဖြည်းချင်း ရှေ့တိုးသွားရပါမည်။

အထူးသတိပြုရန်

ကာဗွန်ဒိုင် အောက်ဆိုဒ်သည် လေထက်လေးကြောင်း ပြောခဲ့ပြီ။ သည့်အတွက် သူရှိနေသည့် နေရာမှ လေ အားလုံးကို ထုတ်ပစ် ဘို့ကြိုးစားမည်။ ထို့ကြောင့် မြေအောက်ခန်း၊ အလုံပိတ် အခန်းများတွင် ကာဗွန်ဒိုင် အောက်ဆိုဒ်ဘူးနှင့် မီးသတ် တော့မည် ဆိုပါ က အောက်ဆီဂျင်ပြတ်မည့် အရေးကိုပါ ထည့် စဉ်းစားရမည်။ လေမှုတ်သွင်း မထားသော အခန်း ဖြစ်ပါက အောက်ဆီဂျင် ၀တ်စုံ ၀တ်ပြီးမှသာ ၀င်ဖြန်းသင့်သည်။ မဟုတ်လျှင် ကိုယ့်ကိုယ့်ကိုယ် သတ်သကဲ့သို့ ရှိချေမည်။ ထိုမျှသာမက အခန်းတွင်းရှိသမျှလူ အားလုံးကိုလည်း အပြင်ထွက်ခိုင်းရမည်။

နောက်တစ်ချက်မှာ ဆိုင်ယာနိုက် သိုလှောင်ထားသောအခန်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ် မီးသတ်ဘူးကို သုံးရန် မည်သည့် အခါမျှ မကြိုးစားပါလေနှင့်။ ကာဘွန်ဒိုင် အောက်ဆိုဒ်သည် ဆိုင်ယာနိုက်နှင့်ပေါင်းကာ ဟိုက်ဒြိုဂျင် ဆိုင်ယာနိုက်ကို ထုတ်ပေး မည်။ ထိုဓါတ်ငွေ့အနည်းငယ်မျှ ရှုမိရုံဖြင့်၊ တစ်ရှိုက်နှစ်ရှိုက်အတွင်း သေနိုင်သည်။ အထူးသတိထားပါလေ။

င) မီးသတ်သည့်ပစ္စည်း - ဓါတုဆေးရည် (အ၀ါရောင်)

Class A, Class F မီးများကို ငြိမ်းသတ်ရန် သုံးနိုင်သည်။ ထိုမီးသတ်ဘူးတွင် ရေ ၉၀ ရာခိုင်နှုံးနှင့် ဓါတုဆေးရည် ၁၀ ရာခိုင်နှုံး ပါသည်။ ထိုဆေးရည်များမှာ ဟင်းချက်ဆီနှင့်ထိလိုက်လျှင် ဆပ်ပြာအဖြစ်ပြောင်းသွားသည်။ ထိုအခါ ဆက်လက်မီးမလောင် နိုင်တော့။ မီးသတ်ဆေးရည်အတွင်း ပါလာသည့်ရေက အပူချိန်ကို လျော့ကျစေသည်။ ထိုအခါ မီးငြိမ်းသွားသည်။

၎င်းကို Class B, Class C, Class D မီးအတွက်မသုံးသင့်။ ဓါတုဗေဒဓါတ်ပြုကာ အခြေအနေကို ပိုဆိုးသွားစေနိုင်သည်။ လျှပ်စစ် ပစ္စည်းမီးများတွင်လည်း ဓါတ်လိုက်တတ်သဖြင့် မသုံးသင့်ပါ။

မီးသတ်သောအခါ ဆီပေါ်သို့ တိုက်ရိုက်ထိုးမချပါနှင့်။ ဆီများစဉ်ကုန်ပြီး မီးပြန့်သွားနိုင်ပါသည်။ မီးတောက်ကို ဦးစွာငြိမ်းပါ။

ထိုဆေးရည်သည် အယ်လ်ကာလီခပ်ပြင်းပြင်းပါ၏။ ထို့ကြောင့် သတိထား၍ ကိုင်တွယ်ပါ။ အရေပြား၊ မျက်လုံးများနှင့် ထိခဲ့ သော် ရေများများဖြင့် ဆေးပါ။ ပါးစပ်အတွင်းဝင်ခဲ့သော် ရေများများဖြင့်ဆေး၊ ပလုတ်ကျင်း၊ ရေများများသောက်၊ ထို့နောက် ဆရာဝန်နှင့်ပြပါ။

၉။ မီးသတ်ဘူးအား စစ်ဆေးခြင်း

မီးသတ်ဘူး လက်ထဲရှိနေပြီဖြစ်သော်လည်း သည်အတိုင်း ပစ်ထားလို့မရ။ မီးသတ်ဘူးသည် ကောင်းသောအနေအထား၊ မီးသတ်နိုင်သည့် အနေအထားတွင် အမြဲရှိနေရန် ပုံမှန်စစ်ဆေးနေဘို့လိုသည်။

မီးသတ်ဘူးတစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများကို အောက်တွင် ဖော်ပြထားပါသည်။



ဤနေရာတွင် မီးသတ်ဘူးတစ်လုံးအား ကောင်းမွန်သောအခြေအနေ၌ ရှိနေမနေ စစ်ဆေးနည်းကို ဖော်ပြလိုက်ပါ၏။

Ø ဖိအားပြမီတာသည် အစိမ်းရောင်ဧရိယာအတွင်း ရှိနေမနေ။

Ø မီးသတ် ခလုတ်သည် ကောင်းကောင်းအလုပ်လုပ်၊ မလုပ်။ ကွေးညွတ်နေ၊ မနေ။

Ø ပင်သည် နေရာတကျရှိနေမနေ၊ အပြင်ထွက်နေမနေ။

Ø မီးသတ်ပိုက်ခေါင်းသည် အမှုန်အမှိုက်များနှင့် ပိတ်ဆို့နေမနေ။

Ø မီးသတ်ပိုက်သည် ကွဲနေ၊ ကျိုးနေမနေ။

Ø ဆလင်ဒါအိုးသည် သံချေးတွေတက်နေသလား။ ပိန်ချိုင့်နေသလား။

အကယ်၍ အထက်ပါအခြေအနေတစ်ခုခုကို တွေ့ပြီဆိုပါက မီးသတ်ဘူးကို ဆိုင်ပြန်ပို့ပါ။ သို့မဟုတ် ၀ယ်လာသော ဆိုင်သို့ ဖုံးဆက်ပြီး သူတို့ကို (service) ပြန်ပြင်ခိုင်းပါ။ သို့မဟုတ် အသစ်နှင့်လဲခိုင်းပါ။

မီးသတ်ဘူး စစ်ဆေးခြင်းကို လစဉ်လုပ်ပါ။ လုပ်တိုင်းလည်း အောက်ဖော်ပြပါ စစ်ဆေးခြင်းမှတ်တမ်းကို ဖြည့်ပါ။
မီးသတ်ဘူး ပြုပြင်ထိန်းသိမ်းခြင်းကို နှစ်စဉ်လုပ်ရပါမည်။ လုပ်ပြီးတိုင်းလည်း မှတ်တမ်းတင်ထားရပါမည်။


၁၀။ မီးသတ်ဘူးကို ဘယ်လိုသုံးမလဲ

ဈေးများ၊ ဆိုင်များ၊ ရုံးများ၊ ဟိုတယ်များ၊ ကျောင်းများ၊ ဓမ္မာရုံများ၊ ရုပ်ရှင်ရုံများ၊ ကျေးရွာ၊ ရပ်ကွက်ရှိ အိမ်များတွင် မီးသတ်ဘူး ဆောင်ထားသင့်ပါသည်။ မီးသတ်ဘူးတစ်လုံးသည် မည်မျှမပေးရ။ သို့သော် သည်မီးသတ်ဘူးတစ်လုံးဖြင့် သိန်းပေါင်းများစွာ တန်သော ပစ္စည်းဥစ္စာ၊ အသက်သွေးချွေးတို့ကို အကာအကွယ်ပေးနိုင်သည်။

မီးသတ်ဆိုသူများလည်း မီးသတ်ဘူးအသုံးပြုနည်း သင်တန်းများကို ရပ်ကွက်၊ ကျေးရွာ၊ ဈေး၊ ကျောင်းများ၌ ပေးသင့်ပါသည်။ လက်ကမ်းစာစောင်များ ထုတ်ဝေကာ ဝေငှသင့်ပါသည်။ မီးသတ်ဘူးဆောင်ထားရန်လည်း တိုက်တွန်းသင့်ပါသည်။

နည်းသိလျှင် ဘာမှ မခဲယဉ်းပါ။ သို့သော် ဘာလုပ်လုပ်စနစ်တကျရှိလျှင် ထိရောက်၊ အကျိုးရှိမည်။ စနစ်တကျ လုပ်တတ်သည့် အလေ့အကျင့်များ မွေးမြူကြပါ။

မီးဟေ့ဆိုသည်နှင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း လုပ်သွားပါ။

* လောင်သောမီးနှင့် ကိုက်ညီမည့် မီးသတ်ဘူးကို ဦးစွာရွေးပါ။ (ရန်ကုန်မှာတော့ လွယ်မည်မထင်။)

* မိမိသုံးမည့် မီးသတ်ဘူးသည် ကောင်းကောင်းအလုပ်လုပ်မည့် မီးသတ်ဘူးလား အမြန်စစ်ဆေးပါ။

* (အရေးကြီးဆုံးမှာ မီတာခွက်နှင့် လက်ကိုင်ခလုတ်ဖြစ်၏။)

* မီးလောင်နေရာသို့ မဆင်မခြင် အတင်းတိုးဝင်မသွားပါနှင့်။ မိမိပြန်ထွက်လို့ရမည့်နေရာကို ဦးစွာရှာထားပါ။

* မည်သည့် အရပ်မှ လေတိုက်နေသနည်း ဟု ကြည့်ပြီး လေညာမှနေပါ။ လေအောက်မှနေလျှင် မိမိထံမီးခိုးများ ဓါတ်ငွေ့များ ရောက်လာမည်။

* ဖြစ်နိုင်လျှင် အပေါ်စီးမှ သတ်ပါ။ မီးအောက်ဖက်မှ မနေပါနှင့်။ မီးလောင်ပြီး ပြုတ်ကျလာသော ပစ္စည်းများမှာ မိမိအတွက် အန္တရာယ်ရှိသည်။

* ထို့နောက်မှ အောက်တွင် ဖော်ပြထားသည့် အတိုင်း မီးသတ်ဘူးနှင့် မီးငြိမ်းသတ်ပါ။

မီးသတ်ဘူး သုံးရန် ဆောင်ပုဒ်မှာ PASS ဖြစ်၏။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form