ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks


အောင်လင်းထွဋ် | ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး ဒေါက်တာ သန့်မြင့်ဦး ရေးသားခဲ့တဲ့ နအဖ အစိုးရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော် အကြောင်းကို VOA ရေဒီယို သတင်းဆောင်းပါး ကဏ္ဍတွေထဲမှာ ကြားလိုက်ရလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ ကျနော် တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်တခုကို သွားသတိရမိပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ လုပ်ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်ကတော့ “မင်းတို့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး စည်းရုံးပေါ့ကွာ၊ ဟိုအမျိုးသမီးနဲ့ Compare လုပ်ဖို့” ဆိုတာပါ။ ဟိုအမျိုးသမီးဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုတာပါ။

ဝါရှင်တန်မှာ အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က သူ့ရဲ့အစ်ကို ဦးကျော်မြိုင်နဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချတဲ့ မြန်မာအမျိုးသမီး ပါမောက္ခ တယောက်ရဲ့ ဆက်သွယ်ပေးမှုကြောင့် ဦးသန့် မိသားစုဝင်များ၊ ဖဆပလ ခေတ် ဝန်ကြီးဟောင်းတဦးရဲ့ သားများကို အဆက်အသွယ်ရခဲ့ပါတယ်။ အလားတူ ရန်ကုန်မှ ဆက်သွယ်ပေးမှုကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမှာနေတဲ့ ဦးအောင်ဆန်းဦးနှင့်ဇနီး တို့ကို နအဖ စစ်အစိုးရက အချိတ်အဆက်များ ရခဲ့ကြတယ်။ နအဖ၏ ပြည်တွင်းပြည်ပ သံတမန်ထိုးစစ် (နိုင်ငံတကာ ဆက်ဆံရေးကို ထိုးဖောက်ခြင်း) နဲ့ ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများအတွက် အဆိုပါ ပုဂ္ဂိုလ်များကို အသုံးချခဲ့ပါတယ်။

ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီး အကြံအစည်ကို သတိထားဖို့လိုပါမယ်။ လူဆိုတာက တချိန်တုံးက ရွှေထီးဆောင်းခဲ့ရတဲ့ အဖြစ်များကို မမေ့နိုင်ကြသလို နည်းနည်းလေး ပင့်မြှောက်ပေးလိုက်ရုံနဲ့ အထင်ရောက်တတ်ကြတာကိုး။ အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်လွှတ်ပြီး ပြုစုပေးလိုက်တဲ့အခါမှာတော့ ထင်ထားတာထက်တောင် စစ်အစိုးရကို ထောက်ခံပြနေတာ တွေ့ရပါတယ်။ ကျနော်တို့ကတော့ ကြည့်ပြီး ပြုံးမိတယ်။ သူတို့ကတော့ သိမ်းသွင်းခံလိုက်ရပြီဆိုတာ မရိပ်မိကြပါဘူး။ သူတို့သာ မြန်မာနိုင်ငံကို ကယ်တင်မယ့် တကယ့် လူစွမ်းကောင်းတွေလို့ အထင်ရောက်စေပါတယ်။

အခုဆောင်းပါးမှာ အဲဒီမိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ အသုံးချခဲ့ပုံကို အနည်းငယ် ဖော်ပြလိုပါတယ်။ နအဖ ခေါင်းဆောင်တွေဟာ ၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန်အထိ နိုင်ငံတကာ ဆက်ဆံရေးဆိုတာကို ကောင်းကောင်း နားမလည်ကြသေးတာအမှန်ပါ။ ကိုယ့်နိုင်ငံ ကိုယ်လုပ်ချင်တာလုပ်မယ်၊ ဘယ်သူ့ဂရုစိုက်ရမလဲဆိုတဲ့ လူမိုက်စိတ်ဓာတ်မျိုး ထားကြပြီး နိုင်ငံတကာမှာ သူတို့စစ်အစိုးရပုံရိပ် ဘယ်လိုဖြစ်နေသလဲ ဂရုမပြုကြတဲ့သူတွေပါ။

အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှာရှိနေတော့ အမိန့်နာခံကြရတဲ့ လက်အောက်ခံ ဗိုလ်ချုပ်များအတွက် ဆုတ်လည်းဆူး စားလည်းရှုး ဖြစ်ခဲ့ကြရတဲ့ ကိစ္စတွေ အများကြီးဖြစ်ခဲ့ကြတာပါ။ ဥပမာ ကလေးစစ်သား စုဆောင်းတာမျိုး၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာမျိုး၊ အတင်းအဓမ္မ ရွာတွေရွှေ့ခိုင်းတာမျိုးတွေကို နိုင်ငံတကာဥပဒေအရ မလုပ်ရဘူးဆိုတာကို သူနားမလည်ခဲ့ပါဘူး။ ကုလသမဂ္ဂမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ မြန်မာအစိုးရအဆက်ဆက် လိုက်နာပါမယ်လို့ ထိုးထားတဲ့စာချုပ်တွေက ဘာတွေလဲဆိုတာ သူမသိဘူး။ သိရှိနားလည်တဲ့ နိုင်ငံခြားရေးဝန်ကြီးက တင်ပြဖို့ ကြိုးစားတော့လည်း လက်မခံဘူး။

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ ပြဿနာဟာ ကုလသမဂ္ဂမှာ ပိုပြီး ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဲဒီအခါကျမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားမိလာတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ်က အချင်းချင်းပြောတာကို လက်ခံလေ့မရှိဘူး။ ကုလသမဂ္ဂက အမေရိကန်နိုင်ငံသား ထိပ်တန်းအရာရှိကြီးတဦးဖြစ်တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ကနေ ဒါတွေဒီလို လုပ်သင့်ပါတယ်လို့ပြောမှ သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) မဟာဗျူဟာ ချမှတ်ပြီး နိုင်ငံတကာအဖွဲ့စည်းတွေမှာ နအဖကို ထောက်ခံသူ များလာအောင်လုပ်ခဲ့ကြပါတယ်။

အဲဒီမှာ ပြည်ပရောက် ထင်ရှားပြီးအရေးပါတဲ့ မဟာမြန်မာကြီးတွေဟာ နအဖ ရဲ့ ပစ်မှတ်များ ဖြစ်လာခဲ့ကြပါတယ်။ ဒုတိယ ပစ်မှတ်ကတော့ ပညာတတ်အသိုင်းအဝန်းက မြန်မာလူငယ်များနဲ့ တတိယ ပစ်မှတ်ကတော့ မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသား ပညာရှင်များဖြစ်ကြပါတယ်။

ဦးသန့်ရဲ့ မိသားစုဝင်တွေကတော့ ပထမ ပစ်မှတ်တွေပါ။ ၁၉၈၈ အရေးခင်းပြီးတော့ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ ဒီမိုကရေစီ ဘက်တော်သားတွေဘက်က တော်တော်လေး တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတာတွေရယ်၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းမှာ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ထားတာတွေကြောင့် စစ်တပ်ရဲ့ စည်းရုံးမှုကို အလွယ်တကူမှ လက်ခံပါ့မလားဆိုပြီး အစ ပထမမှာ စိတ်ပူမိသေးတယ်။ ဒါပေမယ့် ထင်သလောက် အခက်အခဲ မရှိခဲ့ပါဘူး။

ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါပုံ၊ မြန်မာပြည်၏ ဒီမိုကရေစီ အရေးအတွက် အရေးပါပုံ အစရှိတဲ့ ချီးမွမ်းခန်းတွေကို ဖွင့်ပြီးတဲ့အခါမှာတော့ မိသားစုဝင်တွေ အသီးသီး အစိုးရဧည့်သည်တော်တွေအဖြစ်နဲ့ မြန်မာ့နိုင်ငံကို ချီတက်ကြတော့တာပါပဲ။ နအဖ က ကောင်းကောင်း သိမ်းသွင်းလိုက်ပုံရပါတယ်၊ ပြန်လာပြီးတဲ့ အခါမှာတော့ စစ်တပ်ကို မုန်းတဲ့စိတ် ပျောက်သွားပြီး မြန်မာ့နိုင်ငံကို ကယ်တင်မယ့် နအဖ ရဲ့ အကျိုးဆောင်တွေအဖြစ် နအဖ က နိုင်ငံတကာကို ပြောချင်တာတွေကို နအဖ ကိုယ်စားပြောပေးနေတာ အခုအထိတွေ့နေရဆဲပါပဲ။

ဒီလိုနဲ့ နအဖ ဟာ ၁၉၉၇ ခုနှစ်လောက်ကစပြီး ခုနပြောခဲ့တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ရဲ့ အကြံပေးချက်အရ နှစ်စဉ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလဖြစ်တဲ့ သြဂုတ်လကနေ နိုဝင်ဘာလ အတွင်းမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျနီဗာနဲ့ ပြင်သစ်က မြန်မာ သံအမတ်ကြီးများဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ လာရောက်စုစည်းရပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာကြတဲ့ သံတမန်များနဲ့ နယူးယောက်မှာ ရှိကြတဲ့ နိုင်ငံတကာ သံတမန်များကို စစ်အစိုးရအတွက် ထောက်ခံမှုရအောင် ရှေ့မျက်နှာ နောက်ထားကာ လနဲ့ချီ စည်းရုံးရေးဆင်း ဆွယ်တရားဟော (Lobby) လုပ်နေခဲ့ကြတာ ယနေ့အထိ တွေ့နေရဆဲပါ။

ဒါပေမယ့် နအဖ ကိုယ်တိုင်လုပ်တာထက် သာမန်အစိုးရနဲ့ မဆိုင်တဲ့သူများကလုပ်တာ ပိုပြီး ထိရောက်မှု ရှိနိုင်တယ်လို့ အကြံပြုချက်အရ နအဖရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပစ်မှတ်တွေကို စုစည်းပြီး တတိယအင်အားစုကို ၂၀၀၂ ခုနှစ်လောက်မှာ အကောင်ထည်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာကို စည်းရုံးတဲ့အခါမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရဲ့အမည်ဟာ စစ်အစိုးရအတွက် သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) လုပ်ငန်းကို အကျိုးရှိပါတယ်။ အလားတူ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာလည်း အသုံးအလွန်တည့်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖြုတ်ခံရပြီးတဲ့နောက် ခေတ္တရပ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဝါရှင်တန် သံအမတ်ကြီးဟောင်း ဝန်ကြီး ဦးသောင်းရဲ့ တင်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမား အစိုးရကို စည်ရုံးမှုတွေ ပြန်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုခဲ့တဲ့အတွက် ပြည်တွင်းပြည်ပ တတိယအင်အားစုတွေ ပြန်လည်လှုပ်ရှားခွင့်ရခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် ပြုတ်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်း အားယူပေါ်ထွက်လာတဲ့ တတိယ နိုင်ငံရေး အင်အားစုတွေထဲမှာ Myanmar Egress ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတုန်းက အနောက်နိုင်ငံက အမျိုးသမီး သံအမတ်တဦးကလည်း တတိယအင်အားစုတွေ ပေါ်ထွက်ရေးမှာ အဓိက အားပေးအားမြှောက် ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သိသိသာသာ ထောက်ခံခြင်းဖြင့် သူတို့ရပ်တည်မှုကို ပြည်တွင်းပြည်ပက မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အစောပိုင်းတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (ယခု ကြံ့ဖွံ့ပါတီ) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနဲ့ ဒေါက်တာ သန့်မြင့်ဦးကို ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးစေတာမျိုးတွေကို Myanmar Egress က ကြားဝင်ပြီး ညှိပေးတာမျိုးတွေ ရှိခဲ့တယ်။

ယမန်နှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ တတိယအင်အားစုတွေ တွေ့ဆုံပြီး သူတို့ အမြင်တွေကို တင်ပြတဲ့အထိလည်း ခြေလှမ်းကျယ်ခဲ့ပါတယ်။

မြန်မာ့အရေးကို ကြားဝင်စေ့စပ်ဖို့ ခန့်အပ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုက်ဂျီးရီးယားက မစ္စတာ ဂမ်ဘာရီကို မှတ်မိကြဦးမှာပါ။ သူ မြန်မာပြည်ကို ပထမဆုံးမသွားခင် ၂၀၀၆ မေလ မတိုင်ခင်လေးမှာ နယူးယောက်က ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျိတ်ဝိုင်းလေး ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ တက်ခဲ့သူတွေကတော့ မြန်မာ မဟုတ်တဲ့သူတွေ များပါတယ်။ ဒါပေမယ့် “မြန်မာ့အရေး ကျွမ်းကျင်သူ” တွေနဲ့ ကုလသမဂ္ဂ အရာရှိတွေပါ။ ဦးသန့်ရဲ့မြေးလည်း တက်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက မေ့ထားလိုက်ဖို့ဆိုတဲ့ အဆိုကို လူတချို့က တင်ကြတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ ဒါကို နောက်ဆုံးမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရည်ရွယ်ချက်က အရင်ထက်စာရင် နည်းနည်းပြောင်းလဲတာက ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ အစိုးရသစ်ကို နိုင်ငံတကာ ကအသိအမှတ်ပြုခံရဖို့နဲ့ မပြောင်းလဲခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်ဖို့ စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ဖို့ ဆိုတာတွေပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တီးကွက်အတိုင်း လိုက်ကနေကြရတာပါ။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ တတိယ အင်းအားစုတွေကို မေတ္တာရပ်ခံချင်တာက ပညာတတ်၊ ဂုဏ်သိက္ခာရှိသူတွေ အနေနဲ့ အာဏာရှင်ကြီးရဲ့ အသုံးချခံနေရမှုကို သတိကြီးကြီးထားပြီး ဆင်ခြင်သင့်ပါတယ်။ ရာထူးကြီးသူများ ချမ်းသာကြွယ်ဝသူများ ပြောစကားတွေထက် အခြေခံ စစ်ဖက် အရပ်ဖက် လူတန်းစားတွေရဲ့ စကားတွေကိုလည်း လေ့လာနားထောင်သင့်ပါတယ်။ တကယ် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် အစိုးရကိုရော ဒီမိုကရေစီအင်အားစုတွေကိုပါ ဝေဖန်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ အစိုးရဘက်ကချည်း လိုက်ပြောနေတယ်ဆိုရင်တော့ ပညာတတ် ဂုဏ်သိက္ခာရှိသူတွေလို့ ယူဆနေကြတဲ့ တတိယအင်အားစုတွေဟာ မြန်မာနိုင်ငံကို ဒုက္ခရောက်အောင် လုပ်နေကြတယ်လို့ ပြောရပါလိမ့်မယ်။ ။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

source by : http://www.irrawaddy.org