ကမ္ဘာကျော်သည့် ဟာသ


ဘီရုမာ | ကျောင်းခဏပိတ်၍ မြန်မာပြည် အလည်ပြန်လာစဉ်က ကမ္ဘာ့ဖလား ဘောလုံး ရှုံးထွက်ပွဲတွေ ကန်နေကြချိန် ဖြစ်ပါသည်။ မြန်မာတီဗီတွေကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမယ်ဟု ကြေညာထားသော်လည်း ကြည့်ရဖို့က မကျိန်းသေဘူးဟု ထင်သည်။ ဒီအချိန်လောက်ဆို တောင်အာဖရိကတွင် ဗူဗူဇီးလားသံတွေ ညံနေလောက်ပြီ။ မြန်မာပြည်မှာတော့ လျှပ်စစ်မီး မလာ၍ မီးစက်သံတွေက တထုံးထုံး ညံနေသည်။ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ကမ္ဘာ့ဖလားကို ကျနော်လည်း ကြည့်ချင်ပါသည်။

တချိန်က ကမ္ဘာ့မြေပုံပေါ် ရှိမရှိ ကျနော်သေချာ မသိခဲ့သော တောင်အာဖရိကလို နိုင်ငံမှာ ခမ်းခမ်းနားနား ကမ္ဘာ့ အဆင့်မှီ ဘောလုံးပွဲတော်ကြီး ကျင်းပနေပါသည်။ ဒီလိုအချိန်မျိုးမှာမှ ဟိုးတုန်းက အာဖရိက ကန္တာရနဲ့ တဖြည်းဖြည်း တူလာပြီဖြစ်သည့် မြန်မာနိုင်ငံကို ပြန်လာမိသဖြင့် နောင်တ ရချင်မိသည်။

ဂျပန်မှာတုန်းက အုပ်စုပွဲတွေကို သူငယ်ချင်းတွေနှင့် အတူ နေ့တိုင်း ပျော်ပျော်ပါးပါး ကြည့်ခဲ့ရသည်။ ပိုစိတ်ဝင်စားဖို့ ကောင်းသော ရှုံးထွက်ပွဲတွေ ရောက်ကာမှ ကျနော် မြန်မာပြည်ကို ပြန်လာမိခဲ့သည်။ အနီးအနားက မီးစက် မောင်းထားသည့် တိုက်ခန်းတွေကိုပဲ တံခါးခေါက်ပြီး ၀င်ကြည့်လိုက်ချင်သည်။ ဒါလည်း မဖြစ်နိုင်။ အကယ်၍ သူတို့က ဘောလုံးပွဲ ကြည့်နေတာ မဟုတ်ရင် ကျနော် အမျိုးသမီးရေးရာကို ရောက်သွားနိုင်သည်။

ထိုင်လိုက်၊ ထလိုက်၊ ပါးစပ်ကပွစိပွစိဆဲလိုက်နဲ့ မြန်မာပြည်ပြန်ရောက်သည့် တရက်၊ နှစ်ရက်မှာပဲ မြန်မာပြည်သား ဘ၀ကို ကောင်းကောင်း ပြန်ရခဲ့ပါသည်။ နောက်ဆုံး အကြံတခု ရမိသည်။ မြို့ထဲက မီးစက် မောင်းပြီး စလောင်းကနေ တိုက်ရိုက် ဖမ်းပြီးပြသည့် ဘီယာဆိုင်ကြီး တဆိုင်သို့ သွားပြီး သူများဘီယာဝိုင်းမှာ သွားကပ်ကြည့်ရန် ဖြစ်သည်။

ကြည့်ချင်စိတ်တွေ ပြင်းထန်လွန်းသဖြင့် ကြိုးစားလိုက်ရာ ဘပ်စ်ကားခ ၂၀၀ တည်းနှင့် အဆင်တော့ ပြေသွားပါသည်။ သူလိုကိုယ်လိုပဲ နောက်မှာ၊ အပေါက်ဝမှာ ယောင်ပေပေ မတ်တတ်ရပ်ပြီး ကြည့်နေသူတွေ အများကြီး ရှိနေသည်။ မတ်တတ်ပဲ အားပေးနေရင်း ရှေ့နားက ၀ိုင်းတ၀ိုင်းတွင် ခုံတခုံ လွတ်နေတာ သတိထားမိ၍ ခပ်တည်တည် သွားထိုင်လိုက်သည်။

ဖြစ်ချင်တော့ ကျနော် သွားကပ်ထိုင်သည့် ဝိုင်းက နဖူးပြောင်ပြောင်နှင့် ဟာသသရုပ်ဆောင်တဦး ဖြစ်နေသည်။ ကျနော်က အကိုကြီး ဒီဝိုင်းမှာ ကျနော်ကပ်ထိုင်မယ်နော် ဆိုတော့ သူက "ထိုင်၊ ထိုင် ကောင်လေး... ငါလည်း ကပ်ထိုင်နေတာ" ဟူ၏။

သူ့ဘေးကိုကြည့်လိုက်ရာ လူဝကြီးနှစ်ယောက်က ဘီယာကို ဘောလုံးပွဲဖြင့် မြည်းနေကြသည်။ ဘရာဇီးနှင့် ချီလီ ကန်သည့်ပွဲ။ ပတ်လည်ပွဲတုန်းကတော့ မြောက်ကိုးရီးယား နှင့် ကမ္ဘာ့အဆင့် (၁) ဘရာဇီးအသင်းပွဲ ကြည့်လိုက်ရသည်။ အကောင်းဆုံး အသင်းနှင့် ခပ်ညံ့ညံ့အသင်း ကန်သည် ဆိုသော်လည်း ဂိုးပေါက်အတွင်း ဘောလုံး ဝင်သွားရင် အနုမြူ ထပေါက်မယ်များ မှတ်သလားမသိ။ ဘရာဇီးက တော်တော်နှင့် ဂိုးမရနိုင် ဖြစ်နေ၍ မရိုးမရွ ဖြစ်ခဲ့ရသည်။ အဲဒီတုန်းက စိတ်ပျက်မိတာတော့ အမှန်။

ဘာပဲဖြစ်ဖြစ် ဘရာဇီးရဲ့ တည်ငြိမ်မှု၊ အချင်းချင်း တသားတည်း ဖြစ်မှု၊ ကစားပုံ ထူးခြားမှုတွေကြောင့် တခြား အသင်းတွေထက် ပိုကြိုက်သည်။ ဒီပွဲမှာလည်း ပထမမှာတော့ ဘရာဇီးက ပေကပ်ကပ် လုပ်နေပေမယ့် နောက်ပိုင်းမှာ အစွမ်းပြလာပါသည်။ ပထမပိုင်းအပြီးမှာ ဘရာဇီးက ချီလီကို ၂ ဂိုး သွင်းလိုက်နိုင်သည်။

ဒီလိုနှင့် ဘောလုံးပွဲ အားလပ်ချိန်ပေးသည့်အခါ ဘောလုံးပွဲ ကပ်ကြည့်နေသည့် ဟာသသရုပ်ဆောင်ကြီးက ကျနော့်ကို ကုတ်တဗူး ဝယ်တိုက်ပါသည်။ ဘောလုံး အကြောင်းတွေ ဆွေးနွေးကြရင်း သူနဲ့ကျနော် စကား လက်ဆုံ ကျနေခဲ့ကြသည်။

ဘောလုံးအကြောင်းထဲမှာ လျှပ်စစ်မီးတွေလည်း ပါသည်။ ရေအကြောင်းလည်း ပါသည်။ မြန်မာ ဘောလုံးကလပ်တွေလည်း ပါသည်။ မြန်မာအသင်းသည်လည်း တကယ် အစစ်အမှန် ကြိုးစားခွင့် ရှိလာလျှင် အာရှသာမက ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လှမ်းနိုင်လာမည် ဖြစ်ကြောင်း မြောက်ကိုးရီးယား အသင်းကို ဥပမာပေး၍ ပြောကြသည်။

မြန်မာက နိုင်ငံတကာပွဲတွေ သွားကန်ပြီ ဆိုလျှင် နိုင်ငံခြားမှာ ရှော့ပင်းထွက်လိုသူတွေက အရည်အချင်း မရှိ သော်လည်း သူ့ထက်ငါ အပြိုင် လိုက်ခွင့်ရဖို့ ကြိုးစားကြသည့် အကြောင်းတွေလည်း ပါသည်။ အဲဒီကနေ နိုင်ငံခြား အကြောင်းတွေ ရောက်သွားကြပြန်သည်။

ကျနော်က ဂျပန်မှာ ဘယ်နေရာမဆို ဘောလုံးပွဲ ကောင်းကောင်း ကြည့်လို့ ရနေတာကို မြန်မာပြည် ပြန်လာမိတဲ့ အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ် ဟု ပြောရာ “ကောင်လေး၊ ကမ္ဘာကျော်တဲ့ ဟာသ တပုဒ် ကြားဖူးလား” ဟု ပြန်ပြောသည်။ မဆီမဆိုင် ဖြတ်ပြောတယ်ဟု ထင်လိုက်မိသည်။

ပြောပြပါဦးဆိုတော့ သူက “ငါလည်း မကြာသေးခင်က ထိုင်းနိုင်ငံက ပြန်လာတာကွ။ ဒါပေမယ့် အပေါ်ကနေ တရားဝင် သွားတာတော့ မဟုတ်ဘူး” ဆိုပြီး သူ၏ ကမ္ဘာကျော်သည့်ဟာသ အကြောင်းကို အစချီပြီး ပြောပြပါတော့သည်။

“ငါလည်း ဒီနောက်ပိုင်းမှာ ခိုးကူးတွေက အရမ်း သောင်းကျမ်းနေလို့ ကားရိုက်တွေ ကျဲတာကြောင့် အလုပ် သိပ်မရှိဘူး။ ဒါနဲ့ သူများတွေလိုပဲ နိုင်ငံခြားမှာ အလုပ် သွားလုပ်ဖို့ စိတ်ကူးမိတယ်ကွ။ စရိတ်ကလည်း သိပ် မရှိတော့ ငါလည်း သူများတွေလိုပဲ လွယ်လွယ်ကူကူ အိမ်နီးချင်း ထိုင်းနိုင်ငံကို အောက်လမ်းကနေ ခိုးဝင်သွားတာပေါ့ကွာ။ ရောက်ပြီး မကြာပါဘူးကွာ၊ ကံဆိုးချင်တော့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေ ဖမ်းတဲ့ထဲ ငါပါသွားရောကွ” ဟု ဆိုသည်။

ထိုသို့ အဖမ်းခံခဲ့ရပြီးသည့်နောက် ကံကောင်း ထောက်မစွာဖြင့် ထိုင်းရဲတွေက သူ့ကို မည်သူမည်ဝါ ဖြစ်မှန်း သိနေကြကြောင်း၊ သူ့အား သာမန် ရွှေ့ပြောင်း အလုပ်သမား မဟုတ်ဘဲ မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသား ဖြစ်နေသဖြင့် မည်သို့ မည်ပုံ အရေးယူ ဆောင်ရွက်ရမည်ကို မဆုံးဖြတ်နိုင်ကြဘဲ ဖြစ်နေ၍ နောက်ဆုံး ထိုင်းဘုရင် မင်းမြတ်ထံသို့ ပို့ဆောင်လိုက်ကြကြောင်း ပြောပြပါသည်။

“ထိုင်းဘုရင်ကြီးဆီ ရောက်သည့် အခါ ထိုင်းဘုရင်ကြီးက ငါ့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်နေတာ ဟုတ်သလား လို့ မေးတယ်။ ငါလည်း ဟုတ်ပါတယ် လို့ မှန်မှန်ကန်ကန်ပဲ ဖြေရတာပေါ့။ ပြီးတော့ မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသား ဟုတ်သလား လို့ ထပ်မေးတယ်ကွ။ ငါလည်း ဟုတ်ပါတယ် လို့ ဖြေတယ်။ အဲဒီမှာသူက ဒါဆို မင်းကို အခွင့်အရေး တခုပေးမယ် လို့ ပြောတယ်။ ငါလည်း တော်တော် အားတက်သွားတာပေါ့ကွာ” ဟု သူက ဆိုသည်။

“ဘုရင်ကြီးက ဘာပြောသလဲ ဆိုတော့ ကျုပ်ကို ရယ်အောင် ဟာသ တခု ပြောနိုင်ရင် ခင်ဗျားကို ပြန်လွှတ်ပေးမယ် တဲ့။ အဲဒီမှာ ငါ အကြပ်ရိုက်တာပဲဟေ့။ ထိုင်းဘုရင်ကြီးကို ကြည့်လိုက်တော့လည်း အင်မတန် တည်တာကွ။ တော်ရုံတန်ရုံ ဟာသပြောလည်း ရယ်ဖို့ ဝေးစွ ပြုံးမယ့်ဟန်တောင် မပေါက်ဘူး။ ဟာသကလည်း တခုတည်း ပြောရမှာ။ ဒါပေမယ့် ငါလည်း ဟာသမင်းသားကြီးပဲကွာ ဘယ်ရမလဲ၊ ဟဲ... ဟဲ... ငါ စကား တစ်ခွန်းပဲ ပြောလိုက်တယ် အဲဒီ ထိုင်းဘုရင်ကြီး ၇ ရက်လုံး အရယ် မရပ်တော့ဘူး ကွ၊ ဟားဟားဟား” ဟု ပြောပြီး သူ့စကား သူ သဘောကျနေသည်။

သူ့အတွေ့အကြုံနှင့် ကမ္ဘာကျော်နိုင်သည့် ဟာသစကားကို သူက ရယ်ရယ်မောမော ပြန်ပြောပြတော့ ဘေးက လူဝကြီးနှစ်ယောက်ရော၊ ကျနော်ပါ ရယ်လိုက်ကြရတာ မျက်ရည်များပင် ထွက်မိသည်။ ကန်နေသည့် ဘရာဇီးလည်း ဘယ်ရောက်သွားမှန်း မသိတော့။

ထိုင်းဘုရင်ကြီး အရယ် မရပ်အောင် သူ ပြောနိုင်ခဲ့သည့် တခွန်းတည်းသော ဟာသစကားမှာ “မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဟူ၏။


source by :မိုးမခ

Previous Post Next Post

Contact Form