အတိုက်အခံ ခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ | ဒေါ်စု ၆၅၊ အင်န်အယ်ဒီ မိတ်ဆွေများ နဲ့ အာဏာရှင်နိုင်ငံရေး
မေလရဲ့ အထင်ကရ နေ့တွေဖြစ်တဲ့ မေ ၂၇ - ၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်၊ မေ ၃၀ - ဒီပဲယင်း လုပ်ကြံမှုကြီး နှစ်ပတ်လည် ရက်တွေဝန်းကျင်မှာ မြန်မာပြည်တွင်းကို အနောက်နိုင်ငံက အစိုးရဧည့်သည်တော်များ၊ ကိုယ်စားလှယ်များ ၀င်ထွက် သွားလာ နေခဲ့ကြပါတယ်။ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ခြင်း မရှိဘူး၊ အဲသည် ရွေးကောက်ပွဲ အတွက် မှတ်ပုံ မတင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို အနောက်နိုင်ငံများက အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က နားလည်ကြောင်း၊ ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

အဲသည်နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ နူကလီယား စီမံကိန်း ပေါက်ကြားခြင်း၊ တရုတ် ခေါင်းဆောင် လည်ပတ်ခြင်းနဲ့ အမေရိကန်ရဲ့ စေ့စပ်ရေး သမား ဂျင်ဝက်ခရီးစဉ် ဖျက်သိမ်းခြင်းတို့ ဖြစ်ပွား လာခဲ့ပါတယ်။ ဒါ့အပြင် လာမည့် ဇွန် ၁၉၊ ၂၀ ရက်သတ္တပတ်မှာ တိုင်းပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲတွေ နိုင်ငံတကာက တခဲနက် ကျင်းပကြဖို့လည်း တာစူ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အဲသည် အချက်အလက်တွေ ပေါ်မှာ အခြေခံပြီး ဦးဝင်းတင်နဲ့ မေးခွန်းများ မေးဖြစ်ပါတယ်။

ပထမဦးဆုံး အမေးကတော့ လာမည့် ဇွန် ၁၉၊ ၂၀ ရက်တွေမှာ ပြည်ပက မြန်မာ အသိုင်းအ၀ိုင်းတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ မိသားစုတွေက “ထုံးစံအတိုင်း” ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားတွေ လွတ်လွတ် လပ်လပ်နဲ့ ကျင်းပကြဦးမယ် ဖြစ်ပါတယ်။ မြန်မာ ပြည်တွင်းမှာ ကတော့ ယခင်တုန်းက ပါတီ ဌာနချုပ်မှာ မွေးနေ့အခမ်းအနားကို စစ်တပ်နဲ့ ကြံ့ဖွံ့အင်အားစုတွေ ၀ိုင်းယံ ကန့်သတ်မှု တွေရဲ့ အလည်ခေါင်မှာ အင်န်အယ်ဒီ ပါတီ အင်အားစုချည်း ထီးထီးနဲ့ ကျင်းပလေ့ရှိရာကနေ ယခုနှစ်မှာ ဘယ်လိုမျိုး ကျင်းပဦးမှာလဲ ဆိုတာ ဖြစ်ပါတယ်။

“ဂျပန်တို့ သြစတြေးလျတို့မှာ ကျင်းပကြမယ့် အခမ်းအနားတွေအတွက် ကျနော်ကို စကားလက်ဆောင် ပြောခိုင်းကြတယ်။ ကျနော် ပြောပေးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ပြည်ပက မြန်မာမိသားစုတွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကလည်း ဒီနှစ် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ် မွေးနေ့ ကျင်းပကြတဲ့ နေရာမယ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက၊ သူဦးဆောင်တဲ့ အင်န်အယ်ဒီ ပါတီ တရပ်လုံးကိုပါ နိုင်ငံရေး အရ ၀ိုင်းဝန်း ထောက်ခံ အားပေးကြတဲ့ အထိမ်းအမှတ်မျိုးတွေ ပြကြ၊ လုပ်ကြလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”

အဲသည်မှာ ၀င်မေးမိတာ တခုက ဆန်ဖရန်စစ္စကိုက မြန်မာအရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများက နေပြီး မေလ ၂၇ အထိမ်းအမှတ်မှာ ၉၀ ရွေးကောက်ပွဲကို ဆက်လက် အသိအမှတ် ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီ ပါတီရဲ့ ဦးဆောင်မှုကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန် ပြီးတော့ အဲသည်ရဲ့ လှုပ်ရှားမှု ကွန်ယက်ကို “အင်န်အယ်ဒီ မိတ်ဆွေများ” လို့ ထုတ်ဖော် လိုက်တယ်။ အဲသည်လိုမျိုး မြန်မာ မိသားစုတွေ အသိုင်းအ၀ိုင်းတွေက ထုတ်ဖော် ပြသမှုတွေကို ကြိုဆိုပါ သလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“ဒါကို ကျနော်တို့က သဘောကျပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာပြည်မိတ်ဆွေများတို့၊ ဒေါ်အောင်ဆန်းစုကြည်မိတ်ဆွေများ တို့ စသည်ဖြင့် ပြောဆို ဆောင်ရွက်ကြတာတွေ ရှိတော့ မြန်မာတွေ ကြားထဲမှာလည်း အခုလို အင်န်အယ်ဒီ မိတ်ဆွေများ ဆိုတာက ရင်းနှီးတဲ့ ကောင်းမွန်တဲ့ သဘောကို ပြတယ်လို့ မြင်ပါတယ်။ ဆက်ပြီး တိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်။

ဒေါ်စုဟာ တိုင်းပြည်ခေါင်းဆောင်ဖြစ်တယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်ဖြစ်တယ်။ အဲသည်လိုပဲ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ အခုအင်န်အယ်ဒီရဲ့ ရပ်တည်ချက်နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ဆိုတာကလည်း တသဘောတည်း၊ တသားတည်း ဖြစ်နေတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ကျင်းပပြီးတော့ ဂုဏ်ပြုကြတဲ့နေရာမယ်၊ ဒေါ်စုနဲ့ အင်န်အယ်ဒီကို အတူတူ တွဲပြီး၊ ထောက်ခံတယ်။ In solidarity ရှိနေတယ် ဆိုတာကို အများက ၀ိုင်းပြီး ပြသကြဖို့ တိုက်တွန်းတဲ့ သဘောပါပဲ။”

အဲသည်မှာ ပြန်ပြီး အစကောက်တဲ့ မေးခွန်းကတော့ ပြည်တွင်းက အင်န်အယ်ဒီပါတီက မည်ကဲ့သို့သော မွေးနေ့အထိမ်းအမှတ်ပွဲကို ဆောင်ရွက် ကြမလဲ ဆိုတာပါပဲ။ စစ်တပ်က သာမန်ပြည်သူအများ ၀င်ထွက်သွားလာမှုခက်ခဲအောင် ကန့်သတ် ပိတ်ဆို့ ဖြတ်တောက် ထားလို့ သီးခြား အထီးကျန်နေတဲ့ ပါတီဌာနချုပ်တွင်းမှာ အခမ်းအနားလုပ်ကြဦးမှာလား ဆိုတာ ဖြစ်ပါတယ်။

“ဒီနှစ်ကတော့ ပါတီဌာနချုပ်မှာ မွေးနေ့ပွဲတွေ ဘာတွေ လုပ်ဖို့တော့ မဖြစ်တော့ဘူးကွ။ အခု အင်န်အယ်ဒီပါတီရဲ့ အမျိုးသမီး ခေါင်းဆောင် တဦးရဲ့ နေအိမ်မှာ အခမ်းအနား ကျင်းပကြမယ်။ ရပ်ကွက်တွေထဲ၊ လူထုကြားထဲမှာ လူငယ်တွေက နေရာအတော်များများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီဟာ အတူတူ တသားတည်း ရှိနေတယ်၊ လူတွေကြားထဲမှာ အားလုံး ရှိနေကြတယ်ဆိုတဲ့ သဘောမျိုးကို ထုတ်ဖော်တဲ့ မွေးနေ့ပွဲတွေပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်။”

အဲဒီနောက် ဆရာဦးဝင်းတင်ကို လက်ရှိ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကိစ္စများအပေါ် သဘောထားကို မေးဖြစ် ပါတယ်။ ဇွန်လမတိုင်ခင်မှာ အနောက် နိုင်ငံများက (အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံများ) အင်န်အယ်ဒီ ပါတီရဲ့ ရပ်တည်ချက်ကို လေးစားတယ်၊ အင်န်အယ်ဒီပါတီကို ဆက်လက်ထောက်ခံသွားမယ် စသည်ဖြင့် ထုတ်ဖော် ပြောဆို လာခဲ့ပါတယ်။ ဇွန်လဆန်းမှာတော့ တရုတ်ပြည်က ၀န်ကြီးချုပ် ၀န်ကြားပေါင်က လာရောက် လည်ပတ်တယ်။ ၂ နိုင်ငံအရေး ကိစ္စတွေကို ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ အဲသည်မှာ အနောက် အုပ်စုနိုင်ငံများကဲ့သို့ အင်န်အယ်ဒီနဲ့ လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခြင်း၊ သဘောထား ထုတ်ဖော်ခြင်း မရှိဘူး ဆိုတာကို မေးမြန်းပါတယ်။

“အရင်ကလည်း မရှိပါဘူး။ တရုတ်နိုင်ငံက အဓိက စိတ်ဝင်စားတာက မြန်မာနိုင်ငံရေးလည်း မဟုတ်ဘူး။ ဒေသဆိုင်ရာ နိုင်ငံရေးလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ သူအနေနဲ့ အဓိက အာရုံရှိနေတာက သူနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်မှု ရှိရေးပဲ ဖြစ်ပါတယ်။ ဒါကို အခုခရီးစဉ်ကို ကြည့်လိုက်ရင် ထင်ရှားပါတယ်။ သေချာ ထပ်ကြည့်ပြီး ပြောရင် - သူတို့ပြောတဲ့ Political Stability ဆိုတာက မြန်မာပြည်ရဲ့ တိုင်းရင်းသား တွေရဲ့ အရေးတောင်မှ မဟုတ်တော့ဘူး။ သူတို့ စိတ်ဝင်စားတာက နယ်စပ် Stability ပဲ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ သူတို့က မြန်မာပြည်နဲ့ ပတ်သက်ရင် National Interest လည်း မရှိဘူး၊ Political Interest လည်း မဟုတ်ဘူး။ ဒါက Border Interest ပဲ ရှိတယ်လို့ ပြောချင်ပါတယ်။”

အဲသည် အချိန်နဲ့ တိုက်တိုက် ဆိုင်ဆိုင် မှာပဲ အနောက် အုပ်စုဖက်က မြန်မာပြည်ရဲ့ အနုမြူစီမံကိန်းတွေ ကို ရေးကြီးခွင်ကျယ် ထုတ်ဖော် ပြောဆိုလာတယ်။ အဲဒါကို အကြောင်း ပြုပြီးတော့ အမေရိကန်ရဲ့ စေ့စပ်ရေး သမား (လို့ နာမည်ထွက်သူ) ဂျင်ဝက်ဘ်က မြန်မာ ခရီးစဉ်ကို ဖျက်သိမ်း လိုက်တယ်လို့ ဆိုပါတယ်။ အဲသည် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ လမ်းကြောင်း အတွက် ဘယ်လိုမျိုး သက်ရောက်သလဲ။ အကောင်းလား၊ အဆိုးလား ဆိုတာ ဖြစ်ပါတယ်။

“ ဂျင်ဝက်ဘ် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရရင်တော့ သူက စစ်အစိုးရနဲ့ ဒေါ်စုကို စေ့စပ် ဆွေးနွေး ပေးနိုင် တဲ့သူ၊ နားလည်မှု ယူပေးနိုင်တဲ့သူလို့ ဂုဏ်ဖော်ထားသူ ဖြစ်တယ်။ ဒါပေမယ့် အယင်ခရီးစဉ်မှာ ဒေါ်စုပြောတဲ့ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှု သဘောထားကို (Sanction) အပြင်ကို ပြန်ပြောတဲ့နေရာမှာ လွဲနေတာတွေပါလာတယ်။ သူ မပြောတဲ့ဟာတွေ ဂျင်ဝက်က ပြောတယ်ပေါ့ကွာ။

အခု ဒီတခါ တွေ့ကြရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်ဒီ ဖက်က လူငယ် ၂ ဦးကို စကားဝိုင်းမှာ သက်သေ အနေနဲ့ အတူ ရှိရအောင်လို့ တောင်းဆိုထားတာ ရှိတယ်။ ဒါကိုလည်း စစ်အစိုးရက ခွင့်ပြုမလား မသိရသေးဘူး ပေါ့ကွာ။ အခုကျတော့ ဂျင်ဝက်ဘ်က ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ် ဆိုတော့ ဒါတွေက အကောင်အထည် ပေါ်မလာတော့ဘူးပေါ့။

သို့သော် ကျနော် တဦးတည်းရဲ့ သဘောထား ပြောရရင်တော့ နိုင်ငံတကာက ထောက်ထားစာနာမှုတွေ ရှိအောင်၊ နားလည်မှုတွေ ရအောင်ကတော့ လာတွေ့ချင်တဲ့သူတွေကို ကျနော်တို့က လက်ခံတွေ့ဆုံရမှာပဲ ဖြစ်တယ်။ ကြိုတင်ပြီး ငြင်းနေလို့တော့ မရဘူး။ အခုလို ဂျင်ဝက်ဘ်လို လူမျိုးကို ကျနော်တို့ ဖက်က သံသယရှိတယ်ဆိုတာကို ပြချင်တယ်ဆိုရင်လည်း ဥပမာ တခြား အင်န်အယ်ဒီ ခေါင်းဆောင်တွေ တွေ့ကြ၊ ကျနော်ကတော့ မတွေ့ဘဲနေမယ် ဆိုတာမျိုးတော့ လုပ်နိုင်တယ်။

နောက်ပြီး ပြောနိုင်တာကတော့ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယုံကြည်မှုတည်ဆောက်ရေးကိစ္စက ဟိုတုန်းကတည်းက ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဆိုတာ ရှိခဲ့ပြီးပြီပဲ။ တခြား ကြားလူတွေ မလိုပါဘူး။ အဲဒီအဆင့်ကနေ ဆက်သွားချင်ရင် နိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့ ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့၊ တိုင်းရင်းသားအရေးတို့၊ နိုင်ငံရေးအကျဉ်းသားတို့ စတာတွေကို ဆက်လက် ဆွေးနွေး ညှိနှိုင်းလို့ ရနေတာပဲလို့ မြင်တယ်လေ။ အခုဟာက သူတို့ဖက်က (စစ်အစိုးရဖက်က) တဖက်သတ် တံခါးပိတ်သော့ခတ်ထားတဲ့ အခြေအနေဆိုတာကို မြင်စေ့ချင်တယ်။ ဘယ်လို ကြားလူတွေမှ မလိုပါဘူး။ တိုက်ရိုက် ဆွေးနွေးလို့ ရနေတဲ့ အခြေခံ ရှိနေပြီးသား ဆိုတာကို နားလည်ကြစေချင်တယ်။”

အဲသည်မှာ စကားကို ပြန်ဆက်ကြရတာကတော့ အနုမြူကိစ္စ ဖြစ်ပါတယ်။

“အဲသည်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝါဒအရ အခုလိုမျိုး အနုမြူကိစ္စပေါ်လာပြီ ဆိုရင် သူတို့ဖက်က ကိုယ်စားလှယ်တွေ၊ ကွန်ဂရက်တို့ ဆီးနိတ်တို့က အမတ်တွေက ရှေ့ဆက်တိုးလို့ မရတော့ဘူး လို့ နားလည်တယ်။ အဲသည်လို အနုမြူလက်နက်ကိုင်ချင်တဲ့ နိုင်ငံကို ဆက်ဆံတဲ့နေရာမယ် သူတို့ အမတ်တွေ၊ သံတမန်တွေက စကားတွေ၊ ကတိတွေ မကျွံသွားအောင်၊ မလွန်သွားအောင် ဂရုစိုက်ဖို့ လိုတဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် သံတမန်ခရီးစဉ်တွေကို ဖျက်သိမ်းပြီး ပြန်ကြရတယ်လို့ သဘောပေါက်တယ်။ သူတို့ဖက်က အဲသည်လိုနိုင်ငံမျိုးအပေါ် နိုင်ငံခြားရေးမူဝါဒ သီးခြား ပြန်စဉ်းစားရတော့မယ်လို့ ထင်တယ်။

တရုတ်နိုင်ငံအနေနဲ့ကလည်း မြောက်ကိုရီးယား အနုမြူကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ခပ်ရမ်းရမ်း လုပ်လာတာကို အိမ်နီးချင်းတွေနဲ့ ဂျပန်တို့၊ တောင်ကိုရီးယားနဲ့ လိုက်ပြီး ဖြေရှင်းနေရတာကနေ၊ မြန်မာကလည်း အနုမြူကိစ္စ ဖြစ်လာရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာဖက်ကနေပြီး အာဆီယံတို့ အမေရိကန်တို့ကို လိုက်လံ ဖြေရှင်းရတဲ့ အမှုတွေက ရှေ့တန်းရောက်လာမယ် လို့ မြင်ပါတယ်။

အဲသည်လိုမျိုး အနုမြူကိစ္စ ရှေ့တန်းရောက်လာရင် အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပင်မနိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့ ဒီမိုကရေစီအရေး၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေ အရေးနဲ့ အတိုက်အခံနိုင်ငံရေးကိစ္စတွေက နောက်တန်းကို ရောက်သွားပြီး မှေးမှိန်ကုန်ကြလိမ့်မယ် လို့ ပြောချင်ပါတယ်။”

အဲသည်မှာ မေးတဲ့ မေးခွန်းကတော့ - အနုမြူ အရေးက ရှေ့တန်း ရောက်လာရင် မြန်မာပြည်ရဲ့ လက်ရှိ အများပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ကိစ္စတွေက နောက်ရောက် သွားခဲ့ရင် ဒါဟာ စစ်အစိုးရ အကြိုက်လား၊ ဘယ်သူ့ အကြိုက် ဖြစ်သွားသလဲ ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ငြိမ်းချမ်းရေးကို လိုလားသူ အစိုးရများ၊ အဖွဲ့အစည်းများ အတွက် မြန်မာစစ်အစိုးရကို အရေးယူဆုံးမဖို့အတွက် အကြိုက်ကော မဖြစ်သွား နိုင်ဘူးလား။

“ ပြောရရင်တော့ ဒါဟာ စစ်အစိုးရရဲ့ အကြိုက် ဖြစ်သွားတယ်လို့ ဆိုနိုင်တယ်။ တိုင်းပြည်ရဲ့ အဓိက အရေး ကိစ္စတွေ ဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုရေးရေး ကျန်းမာရေး ပညာရေး အကြပ်အတည်း အခက်အခဲတွေက နိုင်ငံတကာရဲ့ အာရုံမှာ မှိန်သွားတာက အရင် ဖြစ်တယ်။

နောက်ပြီးတော့ အဲသည် အနုမြူ ကိစ္စ ဆိုတာကလည်း သမိုင်းအရ ကြည့်လိုက်ရင် ၁၉၄၅ ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက ဘယ်နိုင်ငံ အစိုးရကမှ အခြားနိုင်ငံကို အနုမြူသုံး တိုက်တယ် ဆိုတာ မရှိဘူး။ အာဏာရှင် နိုင်ငံတွေက နိုင်ငံတကာ အသိုင်းအ၀ိုင်း အပေါ်မှာ အင်အားပြ ခြိန်းခြောက်ရန် သုံးစွဲတဲ့ နိုင်ငံရေးလက်နက်တခု လို့ပဲ မြင်ပါတယ်။ အဲသည် အနုမြူဆိုတာကြီးကို ဟန်ရေး တပြပြ လုပ်ပြီးတော့ နိုင်ငံတကာမှာ လူရာဝင်လာမယ်၊ တိုင်းသူ ပြည်သားတွေကို ပြန်ပေးဆွဲ ဓားစာခံထားပြီးတော့ ကမ္ဘာကြီးကို ဈေးဆစ်မယ်။ လူတွေ ဒုက္ခ ရောက်နေတာ၊ ငတ်ပြတ် နေတာတွေက အရေးမကြီးတော့ဘူး။ သူတို့လက်နက်ပြ ခြိန်းခြောက်တာတွေကို လိုက်လံ ဖြေရှင်း ရတာတွေ ရှေ့တန်း ရောက်လာတယ်။

ဒါကို ကျနော်ကတော့ အီရန်တို့ မြောက်ကိုရီးယား တို့ကို နမူနာကြည့်ရင် သိနိုင်တယ်။ ခြိမ်းခြောက်တဲ့ အဆင့်၊ ဈေးဆစ်နိုင်တဲ့ အဆင့် ဖြစ်နေတာကို တွေ့နိုင်တယ်။ နှစ်ပေါင်းများစွာ ကြာညောင်းအောင် အာဏာရှင်တွေက နေရာတွေ ရနေကြတယ်။ အီရန်က ရွေးကောက်ပွဲတို့၊ လူတွေ ဆန္ဒပြနေတာတွေက ရှေ့မရောက်လာတော့ဘူး။ မြောက်ကိုရီးယားမှာဆိုရင် ပြည်သူတွေ ငတ်ပြတ်နေတာ၊ တိုင်းပြည်က ထွက်ပြေး နေရတာတွေ လူတွေက မသိကြတော့ဘူး။ ပြည်သူတွေရဲ့ နိုင်ငံရေးက အမှောင်ကျသွားပြီးတော့ အာဏာရှင် နိုင်ငံရေးက ပိုမိုလင်းလက် တောက်ပပြီး မီးမောင်းထိုးခံလာရတော့မယ် လို့ ထင်ပါတယ်။”

ယမန်နေ့က ပြောဆိုဖြစ်ခဲ့သမျှကို သည်မှာပဲ ခေတ္တရပ်နားပါမယ်။

အာဏာရှင်နိုင်ငံရေးကို လက်မလွှတ်တဲ့ စစ်အုပ်စုကို ရင်ဆိုင်တဲ့ နေရာမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့ သင်ပုန်းချေပြီး တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုတာတွေအပြင် အခြား မည်သည့် အချက်အလက်တွေ၊ ပြင်ဆင်မှုတွေ၊ တည်ဆောက်မှုတွေ လိုအပ်လာမည်လဲ ဆိုတာကို ဆက်လက် မေးမြန်း ပါဦးမယ်။
(ဓာတ်ပုံ အင်တာနက်၊ ဦးဝင်းတင်၊ မေ ၂၇၊ ၂၀၁၀)

source by : မိုးမခ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form