ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့်


ရေးသားပေးပို့သူ - ဏီအဲY @ ခမိခဆဲ
“ အနုပညာသမားသည် သူ့သဘာဝအရ “ ရှင်းလင်းဖွင့်ဆိုသူ ” မဟုတ်ပါ။ “ ဖန်တီးသူ ” သာဖြစ်ရပါမည်။ ” ဟု အနုပညာသဘောတရားသစ်များကို ကိုယ်တိုင်တွေးတောကြံဆသူ၊ နိုင်ငံရပ်ခြားရှိ စာပေသဘောတရား၊ သီအို ရီစသည်တို့ကို မြန်မာစာဖတ်ပရိသတ်များ ခံစားသိနိုင်အောင် နှစ်ပေါင်းများစွာကတည်းက ရေးသားပြုစုနေခဲ့သူ စာရေးဆရာ ဇော်ဇော်အောင် သည် မေလ ၁၈ ရက် ၂၀၁၀ တွင် အသက် ၇၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် လက်ထောက်ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဇော်ဇော်အောင် အမည်အပြင် မော်ဇော်၊ ဇော်ရဲ အောင်၊ ဇော်မြင့်သက်၊ ဇော်သလ္လာ၊ အမည်များဖြင့်လည်း မဂ္ဂဇင်းအတော်များများတွင် ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေးများကို ရေးသားလျက်ရှိသည်။

သူ၏ အသွင်းဆန်းပြီး စူးရှသော စာပေဝေဖန်ရေးသဘောတရားအမြင်များကြောင့် စာပေအနုပညာလောက တွင် ထင်ရှားလာပြီး မော်ဒန်၊ ပို့စ်မော်ဒန်သဘောတရားများ ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။

အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတဲ့ဝါဒ ဒီနေ့မြန်မာပြည်မှာမရှိဘူး။ အဲ့ဒီဝါဒဟာ ကမ္ဘာမှာလည်း ခေတ်ကုန်သွားပြီ။ မော်ဒန်သမားများသည် အမှန်တရားဘက်မှ ရပ်ကြပါသည်ဟု ဆိုသူဖြစ်သည်။ “ ကျနော်တို့ ၏ မော်ဒန် နှင့် ပို့စ်မော်ဒန်သမားများသည် ၀ါဒတစ်ခု၊ အတွေးအခေါ်စနစ်တစ်ခု၏ လက်အောက်ခံမဟုတ်ပါ။ ဘယ်ဝါဒကိုမှ ကျနော်တို့ ဦးထိပ်ရွက်မပန်ဆင်ပါ။ ” ဟု သူ၏ စာပေ၀ါဒသဘောထားအမြင်ကို ဖော်ပြရဲသူဖြစ် သည်။

“ မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည် လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ” ဖြစ်သည်။ မြန်မာမော်ဒန်သည် မြန်မာ့ရေမြေတွင် မြန်မာ့ခံစားမှု၊ မြန်မာ့ဝေဒနာကို မြန်မာ့အနုပညာသမားများမှ ရေးဖွဲ့ကြ သော အနုပညာဖြစ်သည်။ “ မြန်မာ့ခံစားမှု ” ၊ “ မြန်မာ့ဝေဒနာ ” ဟု ဖွင့်ဆိုပြသည်။ မော်ဒန်၊ ပို့စ်မော်ဒန်ကို ကျ နော်တို့ မြန်မာလူငယ်များက လွတ်လပ်စွာ ထူထောင်နေကြခြင်းသာဖြစ်သည်။ ကျနော်တို့၏ သီးခြားလက္ခဏာ မှာ လူတစ်ယောက်ခံစားရသော ခံစားမှုသာမက မြန်မာလူငယ်တစ်ယောက်ခံစားရသော ခံစားမှုအာရုံများကို လွတ်လပ်စွာ ရေးဖွဲ့ဖန်တီးခြင်းသည် အနှစ်သာရဖြစ်သည်ဟု သူ၏စာပေအမြင်ကို ရဲရဲဝင့်ဝင့် တွေးခေါ်တင်ပြ နိုင်သူဖြစ်သည်။ ဆရာက “ ၁၉၇၀ နောက်ပိုင်း လူငယ်များရေးသားသော ကဗျာ၊ ၀တ္ထုတွေကို အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ် ” ဟု ပြောခဲ့သည်။
စာရေးဆရာ အနုပညာသမားက တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ့တွင် ဖြစ်ပေါ်လာသော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီးရေးသားလိုက်သော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီး ရေးသားလိုက်သောစာကို “ စာပေ (သို့) စာပေအနုပညာပစ္စည်း (Literature Art) ” ဟုခေါ်ဆိုရပါမည်ဟု အဓိ ပ္ပါယ်ဖွင့်ဆိုချက် အသစ်ကို ဖွင့်ဆိုပြသည်။ သူ၏ “ ၀တ္ထုအကြောင်းစာပေါင်းစာတမ်း ” တွင် “ အနုပညာသမား တစ်ယောက်အဖို့ အရေးကြီးဆုံးက သူ့ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုကို သူရေးချင်သောအခါ ရေးချင်သလို ရေးချလိုက်ဖို့ပင်ဖြစ်သည် ” ဟု သူ၏ အနုပညာခံယူချက်ကို ဖော်ပြထားသည်။

ယနေ့မြန်မာစာပေလောကတွင် အငြင်းပွားဖွယ်၊ နားလည်ရခက်နေသော မော်ဒန်၊ ပို့စ်မော်ဒန် စာပေသဘောတ ရားသီအိုရီအမြင်များ နှင့်ပတ်သတ်၍ သူ၏ “ ဇော်ဇော်အောင်ဖတ်စာ ” တွင် အတော်အတန်ဖွင့်ဆိုရှင်းပြထား သည်။ နိုင်ငံရပ်ခြားရှိ စာပေသဘောတရားများနှင့်လည်း ထိစပ်ခံစားနားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်း ပြနိုင်သူဖြစ်သည်။

မော်ဒန် မှ ပို့စ်မော်ဒန်ပြောင်းလဲလာသည်နှင့်ပတ်သတ်၍ ဆရာက အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူ ငယ်တန်းအောင်မှ ပထမတန်းတတ်ရမည်ဆိုသော ကိစ္စနှင့် မတူကြောင်းနှင့် ပို့စ်မော်ဒန်၏လောကအမြင်သည် “ ရှိမှု ” (Modes of Being) ပေါ်တွင် မူတည်ကြောင်း ယုံကြည်သူဖြစ်သည်။

မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေသည် တိုင်းတစ်ပါးမှ သွင်းလာသောမှောင်ခိုပစ္စည်းဖြစ်သည်ဆိုသောသူများရှိ၏။ မော်ဒန်၊ ပို့စ်မော်ဒန်အယူအဆများကို ကျနော်တို့ တင်သွင်းယူဆောင်လာခြင်းမဟုတ်။ ကမ္ဘာပေါ်မှာ ပြောင်းလဲ ဖြစ်ပေါ်နေသော ခေတ်တစ်ခေတ်တစ်ခုအတွင်း “ အချိန်ခရီးသည်များဖြစ်ကြသော ကျနော်တို့က တိုးဝင်ရောက် ရှိသွားခြင်းသာဖြစ်သည်။ ကျနော်တို့က ယူဆောင်မလာ၊ သူတို့ရှိရာသို့ ကျနော်တို့ရောက်ရှိသွားခြင်းဖြစ်၏ ” ဟု သုံးသပ်ခဲ့သည်။

ယင်းအမြင်နှင့်ပတ်သတ်၍ ပြောကြားရာတွင် “ ကျနော်က ၁၉၉၅-၉၆ မှာ သရဖူမဂ္ဂဇင်းမှာ မော်ဒန်အကြောင်း စရေးခဲ့တယ်။ အဲ့ဒါကို တင်းသွင်းတယ်ထင်လို့ ပြောဆိုစွပ်စွဲကြရင်တော့ ကျနော်မငြင်းပါဘူး။ ဒါပေမယ့် ဓါတ် မြေသြဇာတွေ တင်သွင်းသလိုတော့မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ရှိပြီးသား မွန်းကြပ်မှု၊ ပိတ်လှောင်မှု၊ ချုပ် ကိုင်မှုတွေကြောင့်သာ မော်ဒန်၊ ပို့စ်မော်ဒန်က ပိုပြီး အသက်ဝင်လာတာပါဗျာ ” ဟုဆိုသည်။

လူငယ်တွေကို အားပေးရန်လိုလားသောဆရာသည် ယခုသော်လည်း လူငယ်များနှင့်စပ်လျဉ်း၍ သူ၏အမြင်ကို ပြောကြားရာတွင်
“ ကျနော်လူငယ်တွေကို ယုံတယ်၊ သူတို့တွေမှာ မှားတယ်ဆိုတာသိပ်မရှိကြ ဘူး။ သမိုင်းအ ကွေ့တွေဟာ လူငယ်တွေဟာ မှန်တဲ့ဘက်ကရပ်တည်တာများတယ်။ ကျနော်က ကျောင်းဆရာဆိုတော့ လူငယ် တွေနဲ့ အနေနီးတာလည်းပါမယ်။ လူငယ်တွေကို အခင်းအကျင်းတွေ၊ လမ်းကြောင်းတွေ ဖောက်ပေးရမယ်၊ အဲ့ဒါ တွေဟာ လူကြီးတွေရဲ့တာဝန်ပဲဗျ။ ”

“ သီချင်းဆိုချင်သူတွေဆိုပါစေ၊ စာရေးချင်သူတွေရေးပါစေ၊ က ချင်သူတွေ က ပါစေ၊ ဆိုတာ မှားရင်မှားမယ်။ ရေးတာ အမှားပါရင်ပါမယ်။ က တာ ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားတွေဟာ လောကကြီး အမှောင်ကျသွားမယ်။ ဒုက္ခရောက်သွားလိမ့်မယ်မဟုတ်ဘူး။ လူငယ်တွေဟာ မဟုတ်တာတော့ လုပ်မှာမဟုတ် ဘူးလို့ ကျနော်ယုံကြည်ပါတယ် ” လို့ ဆိုသည်။

ကျနော်တို့အခေါ် ကိုရဲ(ခ)ဆရာသစ္စာနီ နှင့် ဆရာဇော်ဇော်အောင်


ပို့စ်မော်ဒန်တို့၏ လောကအတွင်းက အစစ်အမှန်တို့များပြားရှုပ်ထွေးနေသောကြောင့် သူတို့လောကသည်လည်း မြောက်မြားရှုပ်ထွေးနေပါတယ်။ ဆရာက “ ပို့စ်မော်ဒန်လောကကတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ကျနော် တို့ဆီမှာက ရှင်းနေပါတယ်။ အဲ့ဒီလောက်မရှုပ်ပါဘူး။ ပို့စ်မော်ဒန်သဘောတရားသီအိုရီကသာ ရှုပ်နေတာပါ။ ကျနော်တို့ဆီမှာ ပစ္စုပ္ပန်ကော၊ အနာဂါတ်ကော၊ အင်မတန်မှ ရှင်းနေပါတယ် ” ဟု ဆိုခဲ့သည်။

မော်ဒန်၊ အထူးသဖြင့် ပို့စ်မော်ဒန်သမားသည် ဘာသာစကား၏ မပြည့်စုံမှု၊ အားနည်းမှုကို သိမြင်လာကြသည်။ သူတို့ အဓိကလောကအမြင်နှစ်ခုအဖြစ် ရှိမှုမသေချာခြင်း (Ontological Uncertainty) နှင့် ဗဟိုချက်မဲ့ခြင်း (Theme of Absent Center / Decentred) ဟု ဆရာကဆိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန်သမားများသည် သူတို့ ယုံကြည်မှုလျော့ပါးနေသော ဘာသာစကား Medium ဖြင့်လောကကို သူတို့မြင်သည့်အတိုင်းရေးဖွဲ့ကြသည်။ အစဉ်အလာ စည်းမျဉ်းစည်းကမ်းတွေ၊ နှုန်းစံတွေ၊ လိုက်နာရမည့်ဥပဒေသတွေ စတာတွေကို စွန့်ပစ်လိုက်ကြ သည်။

ပို့စ်မော်ဒန်အမြင်ကိုလက်ခံရခြင်းနှင့်ပတ်သတ်၍ ဆရာက “ ကျနော်က ဗဟိုချက်(Center) ဆိုသော ဖိနှိပ်တဲ့သ ဘော၊ နှိပ်ကွပ်တယ်ဆိုတဲ့သဘောကို တွေ့နေရတော့ ဒီ ဗဟိုချက်သဘောထားကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီ ဗဟိုချက်မဲ့ခြင်း(Decentred) သဘောဟာ ငါတို့အခြေအနေနဲ့လိုက်မယ်ထင်လို့ ဒီပို့စ်မော်ဒန်သဘောထားကို တင်သွင်းခဲ့တာပါဘဲ ” လို့ ဆိုပါတယ်။

“ လူသတ်မှုအတွက်ထားရှိသောပုဒ်မသည် (၃၀၂) ဖြစ်သည်ဆိုပါလျှင် အတွေးအခေါ်သတ်မှုအတွက်ပုဒ်မ သည် သုံးကုဋေနှစ်ဖြစ်နိုင်စရာအကြောင်းရှိ၏။ သူတို့ ဘယ်သွားနေကြသည်လဲ ……. ” ဟု “ နိုင်တဲ့သူအကုန်ယူသွား သည် (The winner takes it all) ” ဆိုသည့် ဆရာ၏ ၀တ္ထုတိုထဲတွင် ဆိုထားသည်။

ကျနော်တို့ မြန်မာစာပေ၊ အထူးသဖြင့် မြန်မာဝတ္ထုတိုသည် မော်ဒန် မှ ပို့စ်မော်ဒန်သို့ လျင်မြန်သော အရှိန်အ ဟုန်ဖြင့် ဦးတည်ရွေ့လျားနေသည်ဟု ကျနော်ယုံကြည်ပါသည်။ ထိုသို့ဆိုလိုက်သဖြင့် စာပေလောကတွင် ဝေ ဖန်မှုများရှိခဲ့ရာ ဆရာက “ အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူငယ်တန်းအောင်မှ ပထမတန်းတက်ရမည် ဆိုသော ကိစ္စ နှင့် မတူပါ ” ဟု ချေပသည်။

ဆရာက “ ယခုအခါ ကျနော်တို့ဆီမှာ ခံနေရတဲ့လူတွေဘက်က လူတွေဘက်ကတစ်ခုခုလုပ်ဖို့ လိုနေလို့ ပို့စ် မက်စ်ဝါဒ(Post Marxism) ကို ပုံဖော်နေပါတယ်။ မက်စ်ဝါဒအမြင်များဖြင့် လေ့လာသောစာပေများ ကို ပြန် လည် စိတ်ဝင်စားတာ၊ လေ့လာတာကို ဆိုတာပါ။ အရေးကြီးတာက ခံနေရတဲ့သူတွေအတွက် စာပေဘက်က တစ်ခုခု လုပ်ပေးဖို့ ရည်ရွယ်ပါတယ် ” ဟု ဖြေကြားခဲ့ပါတယ်။

ရေးသားသူ။ ဏီဆက်
http://kamikaze-2010.blogspot.com/



အမှာစာမဟုတ်သော အမှာစာ


ဒီနေ့ မေလ ၁၈ ရက်နေ့ဟာ ကျနော်သိပ်တန်ဖိုးထားလေးစားရတဲ့ ဆရာဇော်ဇော်အောင်ရဲ့ ၇၃ နှစ်မြောက် မွေး နေ့ပါ။ ကျနော် ဆရာဇော်ဇော်အောင်နဲ့ပတ်သတ်ပြီး ရေးချင်နေတာ နှစ်အတော်ကြာပါပြီ။ အခု ဆရာဇော်ဇော် အောင်ရဲ့စာပေအမြင်တစေ့တစောင်း ဆောင်းပါးကိုလည်း မနှစ် ဧပြီလကတည်းက ရေးထားတာပါ။ ဆရာကြီး ဆီကိုလည်း အကြာကြီးဖုန်းဆက်စကားပြောပြီး ဆရာကြီးရဲ့ စာပေအမြင်တွေကို ကြားသိခွင့်ရခဲ့ပါတယ်။ နှစ် တွေ ဘယ်လိုပြောင်းပေမယ့် ကျနော်တို့ရဲ့ နိုင်ငံကြီးကတော့ မပြောင်းသေးပါ။ ရှင်းနေပါတယ်။ အတိတ်ကော၊ ပစ္စုပ္ပာန်ကော၊ အနာဂါတ်ကော။

ကျနော်ဟာ စာပေပညာရှင်၊ စာပေဝေဖန်ရေးသမားမဟုတ်တာကိုတော့ ထပ်တလဲလဲဝန်ခံပါရစေ။ ဒါပေမယ့် စာပေကိုမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ စာပေဖန်တီးသူတွေကိုလေးစားတယ်။ ဒါကြောင့်လည်း စာပေဖန် တီးသူတွေများများပေါ်ထွက်လာစေချင်ပါတယ်။ ကျနော်ကျောင်းသားဘ၀က မော်ဒန်၊ ပို့စ်မော်ဒန် ဆိုတဲ့စ ကားကို တက္ကသိုလ်ရဲ့မြေသင်းသင်းမှာလည်းကြားရတယ်။ မလေးရှားပိတောက်ရနံ့စူးစူးကြားမှာလည်း ကြားရ တယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အခုထိကောင်းကောင်း နားလည်သဘောမပေါက်နိုင်သေးပါဘူး။ မော်ဒန်၊ ပို့စ် မော်ဒန်စကားလုံးတွေနဲ့အတူ တွဲပါလာတဲ့ စကားလုံးများ ……… Decentered, Hermaneutics, Uncertainty, Deconstruction စတာတွေနဲ့အတူ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ်၊ ဆရာဇေယျာလင်း၊ ဆရာနေမျိုး စတဲ့ ကျနော်တို့နိုင်ငံရှိ ဆရာကြီးများနာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံရပ် ခြားရှိ သီအိုရီပညာရှင်ကြီးများ၏ နာမည်များနှင့်အတူ သူတို့ရဲ့ အတွေးအခေါ်၊ သီအိုရီအပိုင်းအစများလည်း ကျနော်တို့ရဲ့ ရေနွေးကြမ်းဝိုင်းထဲသို့ နည်းအမျိုးမျိုး၊ အသွင်အဖုံဖုံနဲ့ ပဲ့ကျလာကြသည်။ လွင့်ပါးလာကြသည်။

ကျနော် ဆရာဇော်ဇော်အောင်ရဲ့စာနဲ့ စတင်ရင်းနှီးခွင့်ရတာကတော့ ၂၀၀၆ ခုနှစ်တုန်းကပါ။ သူငယ်ချင်းတစ် ယောက်အိမ်မှာ ဆရာ့ရဲ့ခြောက်ဒဿမသုညတစ် ဆိုတဲ့ ပို့စ်မော်ဒန်မှတ်ချက်တစ်ချို့ပါတဲ့ စာအုပ်လေးပါ။ စာ အုပ်က အတော်အတန်ပါးပါတယ်။ ဒါပေမယ့် ကျနော့်အတွက် တော်တော်နားလည်ရခက်စေပါတယ်။ ဆရာရဲ့ အစ စကားလုံးကိုက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ “ ကျနော်ပြောချင်တာကိုပြောပါမည် ” တဲ့။

သူငယ်ချင်းအိမ်မှာ ကမန်းကတန်းဖတ်လိုက်ရလို့ အားမရတာနဲ့ ငါ့ကိုပေးကွာဆိုပြီး ယူလာခဲ့ပါတယ်။ ပို့စ်မော် ဒန်သမားဆိုသူတွေကို ကျနော်သဘောကျတာက သူတို့ရဲ့အတွေးရဲ၊ အရေးရဲ၊ တင်ပြရဲ၊ ဖန်တီးရဲ တာပါဘဲ။ ဆ ရာဇော်ဇော်အောင် စာအုပ်တွေကိုဖတ်တဲ့အခါတိုင်း ဆရာရဲ့ သဘောတရား၊ အရေးအသားတွေမှာ အင်အား ပါတာကိုတွေ့ရပါတယ်။ အထူုးသဖြင့် ဆရာရဲ့ ရဲရဲမြင်၊ ရဲရဲပြော၊ ရဲရဲရေး ထားတဲ့ အမှာစာတွေပါဘဲ။ “ နားမ လည်ရင်မဖတ်နဲ့။ ”

ဆရာရေးဖူးတယ် ပို့စ်မော်ဒန်သမားတွေအဖို့ “ အရှိလောက၏ရှိမှုသည်လည်း မသေချာ၊ မရှိလောက၏ ရှိမှု သည်လည်း မသေချာ ” ဆိုတဲ့ အမြင်ဟာ ကျနော်တို့လို ချွတ်ခြုံကျနေသူတွေအတွက် ဖြေသိမ့်စရာလိုလို ခံစား မိခဲ့တယ်။

မည်သည့်အကြောင်းခြင်းရာ အရေးကိစ္စမဆို တစ်နေရာမှ စုစည်းချုပ်ကိုင်ထားသော အရာဟူ၍မရှိ၊ အားလုံးအ ထိန်းအကွပ်မရှိဘဲ မျောချင်ရာမျောပါနေကြသည်ဟု ပို့စ်မော်ဒန်သမားများအချို့၏ ခံယူချက်ကိုလည်း ကျနော် သဘောကျ၏။

မကျေနပ်ချက်တွေ၊ ဝေဒနာတွေအပြည့်နဲ့ ခံစားနေရသော ယနေ့ခေတ် ကျနော်တို့လို လူငယ်လူရွယ်တွေအ တွက် ဆရာဇော် စာများက ဖော်ထုတ်တင်ပြလိုစိတ်ဖြစ်လာစေသည်။ ကျနော့်လို စာပေသီအိုရီဘာမျှမသိနားမ လည်သူတောင်မှ အခုလို မိမိပြောချင်တာ၊ ရေးချင်တာကို ဖော်ထုတ်ရဲလာအောင် ဆရာ့စာများက လှုံ့ဆော်နိုင် တယ်။ ကျနော်လည်း ခံယူထားတယ်။ “ မကြိုက်ရင် မဖတ်နဲ့ ” လို့။

ကျနော်တို့ရဲ့ ခံစားချက်၊ ဖန်တီးချက်၊ အတွေးတွေကို ဘယ်သူကမှ လာရောက်ထိန်းချုပ်ခွင့်မပြုသင့်ပါဘူး။ တစ် ခုဘဲ လိုမည်… ကောက်ကျစ်တဲ့စိတ်တော့ မမွေးသင့်ဘူး။

ဆရာအတွက် အမှတ်တရရေးမယ်၊ တင်ပြမယ်၊ ဒါဘဲ ကျနော်စိတ်ရှိတယ်။ ကျနော့်အရေးအသားမှားရင်မှား နေ မယ်။ ၀ါကျအထားအသိုတွေ လွဲရင်လွဲနေမယ်။ ကျနော့်အတွေးတွေ သင်တို့နဲ့ တူချင်မှလဲတူမယ်။ မတူဖို့ ပိုများ တယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ အားလုံး လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အဲ့ဒါကိုက အနုပညာရဲ့ ရသ၊ အလှတစ်ခုလို့မြင်တယ်။ သင်တို့ရဲ့ အမြင်တွေကိုလည်း ရဲရဲဖော်ထုတ်ကြပါ။ ရဲရဲရေးသားကြပါ။ ရဲရဲဖန်တီးကြပါ။

အခု ကျနော် ဆရာဇော်ဇော်အောင်ဆောင်းပါးနဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ်၊ ဆရာ့စာပေသဘောထားအမြင် တွေ နဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ် ဝေဖန်ကြပါ။ ရေးသားကြပါ။ ငြင်းခုံကြပါ။ ဓါးတွေ၊ တုတ်တွေ၊ လက်တွေတော့မပါနဲ့ ပေါ့။ အခုခေတ် ပါလီမန်တွေမှာ ငြင်းခုံနေတာ၊ ထိုးကြိတ်ရန်ဖြစ်နေတာထက်တော့ ပိုပြီးသိမ်မွေ့ညင်သာ မယ် လို့တော့ ယုံကြည်ပါတယ်။ စာပေအနုပညာသမားတွေ၊ ဝေဖန်ရေးသမားတွေ၊ စာပေအပေါ်အမြင်မတော်သူ တွေအားလုံး ဆွေးနွေးကြပါ၊ ဝေဖန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာဇော် ဆောင်းပါးနဲ့ပတ်သတ်ပြီး ဆရာဇော်ပုံတွေကို တလေးတစားပို့ ပေးသော ပြည်တွင်းကဗျာဆရာသူ ငယ်ချင်းတစ်ဦး ကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် ဒီ “ အမှာစာမဟုတ်သောအမှာစာ ” ကို ရေးချင်လာ အောင်၊ ရေးဖြစ်အောင်တိုက်တွန်းသော “ ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့် ” လို့ ခေါင်းစဉ်အတွက် အကြံ ပေးခဲ့သူ ကျနော်လေးစားချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာသစ်ကောင်းအိမ်အား ရင်ထဲက မှတ်တမ်းတင် အပ်ပါသည်။

ဏီဆက်
၁၈ မေလ ၂၀၁၀


x x x x x x x x x x x x x x x x x x x x x


ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် )

၁၉၃၇ ခုနှစ် မေလ (၁၈) ရက်၊ ၁၂၉၉ ခုနှစ် နယုန်လဆန်း (၁၀) ရက်၊ (အင်္ဂါနေ့) ညနေ ၃း၀၀ နာရီတွင် ဖွား မြင်သည်။ ဖွားရာဇာတိချက်မြှုပ်သည် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ဖြစ်၏။ အဖဦးဘသက်၊ အမိဒေါ်တု တို့၏ တစ်ဦးတည်းသောသားဖြစ်၏။ စစ်ကြီးအပြီးတွင် မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း (ယခု အ.ထ.က-၁) တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ မန္တလေးတက္ကသိုလ်သို့ တက်ခဲ့သည်။ ရန်ကုန်တက္က သိုလ်သို့ပြောင်းရွှေ့၍ ၁၉၆၀ ခုနှစ်တွင် ၀ိဇ္ဇာမြန်မာစာဂုဏ်ထူးဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းခေါင်းစဉ်မှာ “ဇော်ဂျီ၏ ဗေဒါလမ်းကဗျာအပုဒ် (၄၀) ဖွဲ့စည်းတည်ဆောက်ပုံလေ့လာချက်” ဖြစ်၏။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနသို့ ၀င်ရောက်ခဲ့၍ ၁၉၈၉ ခုနှစ်တွင် စွန့်ခွာခဲ့ရသည်။ ၁၉၅၃ ခုနှစ်မှစ၍ စာတိုပေစက လေးများ ရေးခဲ့သည်။ ယနေ့အထိ အပျော်ဖတ်ဝတ္ထုလုံးချင်း အုပ် (၄၀) ခန့်ရေးခဲ့သည်။ စာပေသဘောတရား နှင့် စာပေဝေဖန်ရေးစာအုပ် (၂၁) အုပ် ရေးခဲ့သည်။ စာပေဆောင်းပါးများလည်း ယနေ့အထိ ရေးဆဲဖြစ်သည်။

ငယ်စဉ်က အတော်တေတေပေပေ နေခဲ့သည်။ ဘ၀တွင် အမှန်မဖြစ်စလောက်နှင့် အမှားတွေ အများကြီးလုပ် ခဲ့သည်။ ယခုအခါတွင် လိမ္မာဖို့ ကြိုးစားရင်း စာအမှန်များ ရေးသားနေဆဲဖြစ်သည်။


x x x x x x x x x x x x x x x x x x x x


“ ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် ) ” မှာ သုံးပွင့်ညီညာစာပေ မှ ထုတ်ဝေခဲ့ သော ဆရာဇော်ဇော်အောင် ၏ “ မိုးပိတောက်စကားပြေများလက်ရွေးစင်ဝတ္ထုတိုစု ” စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

ရေးသားသူ။ ဏီဆက်
http://kamikaze-2010.blogspot.com/

0 comments: