ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သူများ၏ မိသားစု ၀င်များ၏ ခံစားမှုများ

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးခင်မောင်လေး ၆၁ နှစ်၏ မိသားစုဝင် တစ်ဦး

'အဖေက ရပ်ကွက်ထဲက ရာအိမ်မှူးပါ၊ သင်္ကြန်အကြတ်နေ့က ဆရာဝန် အသင်း မဏ္ဍပ်မှာ တာဝန်ကျပါတယ်။ မနက် ၇ နာရီကသွားပြီး မွန်းလွဲ ၁၂ နာရီခွဲမှာ ခဏလာနားတယ်။ ပြီးတော့ ၂ နာရီလောက်မှာ ပြန်သွားတယ်။ ၃ နာရီ ၀န်းကျင်လောက်မှာ အိမ်ကနေ အသံကျယ်ကြီး နှစ်သံ ကြားလိုက် ရပါတယ်။ နောက်သိပ် မကြာခင်မှာ တစ်သံ ထပ်ကြားရတယ်။ ကျွန်မရဲ့ အဖေ ဗုံးမှန်လို့ ဒဏ်ရာ ရသွားတယ် ဆိုတာကို မိတ်ဆွေ တစ်ယောက် လာပြောတယ်။ ဖြစ်တဲ့ အခါမှာ အဖေက ခွေကနဲလဲ ကျသွားတယ်။ အဲဒီ အချိန်တုန်းက နှလုံး ခုန်နေသေးတယ်။ ဒါပေမယ့် မျက်လုံးကတော့ မပွင့်တော့ဘူး။ တူလေးက အလုပ်သမား ဆေးရုံကြီးကို ခေါ်သွားတယ်။ ဆေးရုံ အရောက်မှာတော့ အသက် မရှိတော့ပါဘူးလို့ တူလေးက ပြန်ပြောပြပါတယ်။ သင်္ကြန် အတက်နေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက် ၆ နာရီ ကနေ ၈ နာရီ အတွင်း အလောင်း ထုတ်ပေးမယ်ဆိုလို့ အရောက် သွားတယ်။ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေး သုသာန်မှာပဲ ကျွန်မတို့ အစ္စလာမ် ဘာသာဝင်ရဲ့ ထုံးစံအတိုင်း သဂြုင်္ိဟ် ခဲ့ပါတယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန် သွားခဲ့သူ မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဦးခင်မောင်လေး၏ သမီးဖြစ်သူ မတင်မာလတ်က ပြောပြပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ကိုစိုးဝင်း ၂၄ နှစ်၏ မိသားစုဝင် တစ်ဦး

'ကျွန်တော်တို့က မော်လမြိုင်က ပြောင်းလာတာပါ။ သားက မွန်းလွဲ ၂ နာရီခွဲ အချိန်လောက်မှာ ကန်တော်ကြီး ပတ်လမ်း မဏ္ဍပ်တွေမှာ သီချင်း နားထောင်မယ် ဆိုပြီး ကျွန်တော့် သားနဲ့ အတူ ညီတစ်ယောက်ရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သွားပါတယ်။ ညနေ ၃ နာရီ ၀န်းကျင် လောက်မှာ လမ်းထဲကို ဆိုက်ကားတွေနဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ဒဏ်ရာတွေနဲ့ ပြန်လာတာ တွေ့တော့ အိမ်ပေါ်က ဆင်းပြီး စုံစမ်းလိုက်တော့ ကန်တော်ကြီး ပတ်လမ်းမှာ ဗုံးပေါက်တယ်လို့ သိလိုက်ရတယ်။ ကျွန်တော့် သားကလည်း အဲဒီကို သွားတော့ အရမ်း စိတ်ပူသွားတယ်။ သားနဲ့ အတူ ပါသွားတဲ့ သူ့ရဲ့ ညီလေး တစ်ယောက်က လမ်းကွဲသွားပြီး ပြန်ရှာလို့ မတွေ့တော့ဘူး ပြောတယ်။ ညနေ ၆ နာရီ လောက်မှာ ဆေးရုံကြီးကို လိုက်သွားပြီး ဒဏ်ရာရ လူနာစာရင်းကို ကြည့်တော့ သားရဲ့ နာမည် မပါဘူး။ အတူပါသွားတဲ့ သူငယ်ချင်း ကတော့ ခြေထောက်နဲ့ ဗိုက်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထား တယ်လို့ သိရတယ်။ နောက် ပွဲချင်းပြီး သေဆုံးတဲ့ သူတွေကို ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်မှာ ထားတယ် ဆိုလို့ သင်္ကြန်အတက်နေ့ မနက်ပိုင်းမှာ ဓာတ်ပုံ ယူသွားပြီး သွားကြည့်တော့ အဲဒီမှာ တွေ့လိုက် ရတယ်။ မွန်းလွဲ ၁ နာရီမှာ ရေဝေးသုသာန်မှာသဂြုင်္ိဟ်လိုက်ပါတယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားသူ မင်္ဂလာတောင်ညွန့် မြို့နယ်နေ ကိုစိုးဝင်း၏ ဖခင်ဖြစ်သူ ဦးတင်စိုးက ဆိုပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးကြင်အောင် ၃၇ နှစ်၏ မိသားစုဝင် တစ်ဦး

'အဲဒီနေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူ ကျိုတယ်၊ မုန့်လုံး ရေပေါ်လုံးပြီး အလှူဒါန လုပ်တယ်။ ၂ နာရီ ခွဲလောက်မှာ အလှူကပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူလေးရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုးကို ကြည့်မယ် ဆိုပြီးတော့ ကန်တော်ကြီး ပတ်လမ်းကို သွားတယ်။ ၄ နာရီ လောက်မှာ အိမ်ကို သူ့ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက်လာတယ်။ ကျွန်မရဲ့ အမျိုးသားက ပါမလာတေ့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်းပဲ ဆေးရုံတွေမှာ လိုက်ရှာကြတယ်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်ကို သွားရှာတော့ တွေ့ရတယ်။ သူဆုံးသွားတော့ ကျွန်မနဲ့ အတူ အသက် ၁၀ နှစ်အရွယ်ရှိတဲ့ သမီးလေး တစ်ယောက်ပဲ ရှိတော့တယ်' ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားခဲ့သူ ဗဟန်းမြို့နယ်နေ ဦးကြင်အောင်၏ဇနီးဖြစ်သူက ပြောပြခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဒေါ်နီနီသိန်း ၆၇ နှစ်၏ မိသားစုဝင် တစ်ဦး

'အမေက နေ့လယ်မှာ အိပ်နေတာ။ တူမလေးက သွားလည် ရအောင် ဆိုပြီး နှိုးလို့ ၂ နာရီ ကျော်ကျော် လောက်မှာ အမေရယ်၊ ညီမရယ်၊ တူမလေးရယ် သုံးယောက် ထွက်သွားကြတယ်။ မဏ္ဍပ်ရဲ့ ဒီဘက်က ၁၂၅ လမ်းထိပ်မှာပဲ ရပ်ကြည့် နေတုန်း ပေါက်ကွဲမှု ဖြစ်တယ်။ အမေက တူမလေး အပေါ် အုပ်ပြီး လဲကျသွားတယ်။ ပြီးတော့ အလုပ်သမား ဆေးရုံကြီးကို ခေါ်သွားကြတယ်။ အဲဒီကမှတစ်ဆင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ပို့လိုက်တယ်။ အမေက ဖြစ်တဲ့ နေရာမှာပဲ အသက် မရှိတော့ဘူးလို့ ညီမက ပြန်ပြောပြတယ်။ အမေကိုတော့ သင်္ကြန် အတက်နေ့မှာ ရေဝေး သုသာန်မှာ ၃ နာရီခွဲက သဂြုင်္ိဟ်လိုက်ပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရဲ့ ကံကြမ္မာက ဒီလောက်ပဲ လို့ပဲ တရားနဲ့ ဖြေနေ ရတော့တယ်။ ညီမက ခြေထောက်နဲ့တင်ပါးကို ထိသွားတယ်။ အခု ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန ၅-၆ မှာ ကျောက်ပတ်တီး စည်းထားရတယ်။ တူမလေးကတော့ ဆီးခုံရိုးကျိုးသွားပြီး အူနဲ့ခါးမှာလည်း ထိသွားတယ်။ အခု ကလေး ဆေးရုံကြီး အရေးပေါ် ဌာနမှာ အူဖြတ်ပြီး ပြန်ဆက် ထားရတယ်။ နှလုံးခုန်သံ ကတော့ ပုံမှန် ပြန်မဖြစ် သေးဘူး။ တူမလေးက နှစ် နှစ်ခွဲပဲ ရှိသေးတော့ ကလေး အတွက် လူနဲ့ ဒဏ်ရာနဲ့က မမျှဘူး ဖြစ်နေတယ်'ဟု ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဒေါ်နီနီသိန်းနှင့် ဒဏ်ရာ ရရှိသူ မသဇင်မြင့် နှင့် မရတီစိုးတို့၏ မိသားစုဝင် တစ်ဦးက ပြောပါသည်။

source by : First-11

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form