အကြောက် တရားတွေနဲ့ပဲ ဒီအတိုင်း နေကြမလား

“ အကြောက်တရားတွေနဲ့ပဲ ဒီအတိုင်းနေကြမလား ”

ရွှေသန်း

ဗုံး … ကွဲပြန်ပြီတဲ့ ၊ ဗုံး...တွေ့လို့တဲ့ ၊ ဗုံး…ရှာနေကြတာတဲ့ ၊ဗုံး…ခွဲတယ် ထင်တဲ့ သူတွေကို ဖမ်းနေတာတဲ့။ သင်္ကြန် အကြတ်နေ့ စစ်အစိုးရ ခေါင်းကြီးပိုင်း မိသားစုတွေ ရေကစားတဲ့ X2O(Special One)မဏ္ဍပ်ရှေ့ ၊ ဗုံး သုံးလုံး ဆက်ပေါက်ကွဲ အပြီးမှာ ပြည်သူတွေကြားမှာလဲ အထိတ်ထိတ် အလန့်လန့် ၊ စစ်အုပ်စု အာဏာပိုင်တွေ ကြားမှာလဲ ပြာယာတွေခတ် ၊ စက္ကူဗူးခွံလေးပဲ ဖြစ်ဖြစ် ၊ အမှိုက်ထုတ်ပဲ ဖြစ်ဖြစ် တွေ့တိုင်း ဗုံးဖြစ်နေ မလား စိုးရိမ်စိတ်တွေနဲ့ ။ “မဖြစ်မနေမို့သာ သွားလာနေရတယ် ၊ လမ်းထွက် ရမှာတောင်လန့်နေပြီ ”ဆိုတာမျိုး ရန်ကုန် ၊ နေပြည်တော် (ပျဉ်းမနား) စတဲ့မြို့တွေမှာ တ ဗုံးဗုံးနဲ့ ဗုံးလန့်ရောဂါ ရနေကြပါတယ် ။ ရန်ကုန် ဆေးရုံကြီး ၊ လပြည့်ဝန်း ပလာဇာ ၊ ကန်တော်ကြီး မျှော်စင်ကျွန်း ၊ ဘုရင့်နောင် ရုပ်ရှင်ရုံ ၊ North Point Shopping Center တွေမှာ ဗုံးထပ်ကွဲတယ် ၊ မကွဲသေးတဲ့ဗုံးတွေမိတယ် ၊ နေပြည်တော် (ပျဉ်းမနား)မှာတောင် မြို့မဈေးမှာ ဗုံးတွေ့တယ် ၊ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင်ဟိုတယ်မှာ ဗုံးတွေ့တယ်နဲ့ ဗုံး…ဆိုင်ရာကောလဟာလမျိုးစုံ နေ့စဉ် ဖြစ်နေတာပါ ၊ စစ်အစိုးရရဲ့ ဗုံးရှင်း အဖွဲ့ဆိုတာ တွေလဲ ဟိုပြေးသည်ပြေး (ကိုယ်သွားမှ ကွဲမှာလည်း ကြောက်ရ ၊ တခုခု လွဲချော်သွားလို့ ရာထူးရှော အလုပ် ပြုတ် ထောင်ကျမှာလည်း စိုးရိမ်ရ နဲ့ ) သူတို့ ကိုယ်တိုင်လဲ ကြောက်နေကြပါတယ် ။

နေပြည်တော်သို့ အဆင့်မြင့် အရာရှိကြီးများ သွားလာခွင့် ကန့်သတ်လိုက်တာ ၊ နေပြည်တော် ခရီးစဉ်ရှိ ရင် လူစာရင်း ၊ လက်နက်စာရင်း ကြိုပေးရမယ်ဆိုတာတွေဟာ သင်္ကြန်ရက်မှာ ဖြစ်ခဲ့တဲ့ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်မှုရဲ့ ဂယက်ကြောင့် ပြည်သူလူထုသာမက စစ်အုပ်စုအာဏာရှင်တွေရဲ့ကြားမှာပါ တော်တော် တုန်လှုပ်သွားတယ် ဆိုတာ သိသာပါတယ် ။ ဗုံးကွဲပြီးစ ရက်တွေတုန်း ကတော့ ဒါ စစ်အစိုးရ က ကိုယ်တိုင် ပြန်လုပ်တာလို့ တချို့ အတိုက်အခံ တွေနဲ့ ပြည်သူ အများစု ပြောနေကြပါတယ် ၊ ဒါပေမဲ့ ဒီဖြစ်စဉ်ကြောင့် စစ်အုပ်စုရဲ့ထိခိုက်မှုကို ပြန်တွက်တဲ့ အခါ စစ်အစိုးရ ကိုယ်တိုင် လုပ်တာ မဟုတ်ဘူးဆို တာ သိသာလာပါတယ် ။
  • (၁)ချထားတဲ့ လုံခြုံရေးတွေ ဆိုတာ ပြည်သူလူထု အတွက် မဟုတ်ပဲ သူတို့ အတွက်ပဲ ဖြစ်တယ် ဆိုတာမျိုး ကမ္ဘာမှာရော ပြည်သူတွေ ကြားမှာပါ အရှက်ကွဲ ပါတယ် ။
  • (၂) အပြစ်မဲ့ ပြည်သူတွေ ကြားလို့ ၀ါဒဖြန့်ချီရေး မူအရ ပြောနေရပေမဲ့ တကယ်တမ်း သေဆုံးသူနဲ့ ဒါဏ်ရာ ပြင်းထန်သူ အများစုဟာ (အမှတ်၎ စစ်ဒေသမှုး ဗိုလ်မှုးကြီး အုန်းချို အပါအ၀င် ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ရဲမှုး ၊ စခန်းမှုး ၊ ဒုရဲအုပ် မောင်မောင်ဟန်နဲ့ နောက် အရာရှိ တစ်ယောက် ၊ မယက ဥက္ကဌ ဦးကျော်ငြိမ်း ၊ စည်ပင်အုပ်ချုပ်ရေးမှုး DSA အပါတ်စဉ်၄၀ ဗိုလ်ကြီး သန့်စင်သိမ်း ၊ ကြံ့ဖွတ်ဝင် ရယက ရာအိမ်မှုး ဦးမောင်လေး ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်း ၀င်းနေ ရဲတပ်ကြပ် မင်းထွန်းရဲ့သား ကြံ့ဖွတ် စိုးမိုးထွန်း စသဖြင့်) ဒေါက်တိုင်တွေ ဖြစ်ပြီး နောင်ကို လူထု ကြားထဲ မနေရဲလောက်အောင် ၊ မြင်ရာပြည်သူကို ငါတို့ ချမဲ့ကောင်တွေ လားလို့ သံသယ မျက်လုံးနဲ့ လိုက် ကြည့်နေ ရလောက်အောင် တော်တော် အထိနာခဲ့ ရပါတယ် ။
  • (၃) ဘယ်သူ လုပ်တာပါလို့ ထင်ကြေးနဲ့ တရား လက်လွတ်ပြောဆိုမှုကလွဲရင် မိအောင် ဖမ်းမပြနိုင်ခဲ့ပါဘူး ။
  • (၄) ဒီကောင်တွေပဲလုပ် တာပါလို့ အတိုက်အခံ တွေရဲ့စွပ်ဆွဲမှု ခံရသလို ပြည်သူတွေရဲ့ ငြိုငြင်မှုကိုလည်း ခံရပြီးရင်း ခံရ ဖြစ်ရပြန် ပါတယ် ။
  • (၅) ကိုယ့်တပ်ထဲက လူတွေပဲ အချင်းချင်း မကြေနပ်လို့ ပြန်လုပ်သလား တွေးပြီး ကိုယ့်ဘေးကလူ ကိုယ်မယုံ နောက်ကျော မလုံ ဖြစ်နေ ရပါတယ် ။
  • (၆) ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းမှုးနဲ့ စစ်ဒေသမှုး တွေ ကြိမ်းမောင်းခံ ထိသလို ရဲတချို့ ထောက်လှမ်းရေး တချို့ ရာထူးချ ခံရ( အရေးယူ ခံရ)ပြီး ကျန်တဲ့သူ တွေမှာလဲ ဘေးမသင့် ရလေအောင် ဧည့်စာရင်း စစ်ပြ ၊ ကင်းပုန်း ၀ပ်ပြ ၊ လှည့်ကင်းပါတ်ပြ ၊ တွေ့ရာလူ ဖမ်း စစ်ဆေး ပြရနဲ့ နေ့မနား ညမအိပ် ပြာယာခတ် ကြရပါတော့တယ် ။
  • (၇) စစ်အာဏာရှင် စနစ် အောက်တွင် မည်သည့် အချိန် မည်သည့်နေရာတွင်မှ လုံခြုံမှု မရှိဆိုသည်ကို ပြည်သူများ ၊ ၄င်းတို့နှင့် စီးပွားချင်းဆက် ရပ်တည် နေထိုင်ကြသူများ သိနားလည်၍ ၊ သွားလေရာ ဗုံးကွဲလေ မလား ဟုနေ့စဉ် အထိတ်ထိတ် အလန့်လန့် ဖြစ်လာပြီး သူတို့နဲ့ ပါတ်သက်သော အလုပ်/နေရာများမှ သွေဖယ် လာကြပါ တယ် ။
  • (၈) မြို့ပြ ပြောက်ကျားစစ်လို့ အတိုက်အခံ အချို့က အော်တဲ့ အပေါ်မှာ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ လိုက်လုပ်လာမှာ ၊ ပြည်သူတွေကပါ ရရာ လက်နက် ဆွဲကိုင် ခုခံလာမှာ ကြောက် လာရပါတယ် ။ စစ်အစိုးရဟာ လက်နက် အားကိုးနဲ့ အနိုင် ကျင့်တာမျိုး ကလွဲရင် သတ္တိရှိရှိ အရှုံးခံ အနာခံပြီး ဘယ်တော့မှ မတိုက်ပါဘူး ၊ ခုလဲ သူတို့အတွက် ဆုံးရှုံး နစ်နာမှု များစွာဖြစ်ခဲ့တဲ့ ဒီ ဗုံးကွဲခဲ့တဲ့ ကိစ္စဟာ သူတို့ ကိုယ်တိုင် လုပ်တာ မဖြစ်နိုင်ပါဘူး ။ သူတို့ ရနိုင်တဲ့ အမြတ်ဆိုလို့ ပြည်သူ လူထုကြားမှာ အဖျက်သမားတွေ ဗုံးလာခွဲ သွားပါသည် လို့ ၀ါဒ ဖြန့်နိုင် ယုံလေးပဲရှိပြီး ဒါကလဲ ဗမာ ပြည်သူကြားတွင် ဆန်းတော့ သည့်ကိစ္စ မဟုတ်တော့ ။
ဒီတော့ ပြည်သူတွေ ကြားမှာ မင်းတို့ရဲ့ရန်သူ အမြဲတမ်း ရှိနေတယ် ဆိုတာမျိုး စစ်အစိုးရကို ဦးတည် တိုက်ခိုက်တဲ့ ၊ လက်နက်ကိုင် တိုက်မှ ဘယ်လို နည်းမျိုး မဆိုသုံးမှ နိုင်မယ်လို့ ယုံကြည်ထားတဲ့ တော်လှန်ရေး အင်အားစု တစ်ခုခုက လုပ်တာ ဖြစ်နိုင် သလို နောက်ထပ်လဲ အကြိမ်ကြိမ် ထပ်ဖြစ်လာနိုင် ပါတယ် ။

အဓိက ကတော့ ဘယ်သူ လုပ်တယ် ၊ ဘယ်ဝါ လုပ်တယ် ဆိုတာထက် ဘာ့ကြောင့် ဒီဖြစ်စဉ်တွေ ဖြစ်နေရလဲက အရေးကြီးပါတယ် ၊ ပြည်သူကို အနိုင်ကျင့်ချင်တိုင်းကျင့် ၊ သူတို့ ကိုယ်တိုင်နဲ့ သားသမီးတွေ ၊ မိသားစုတွေ ၊ ပါတ်သက်ရာ ပါတ်သက်ကြောင်းတွေ ကောင်းစားရေး က လွဲရင် တိုင်းပြည် ဘာဖြစ်ဖြစ် ၊ ပြည်သူတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်တဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ် နေသမျှ တော်လှန် ပုန်ကန်မှု ပုံသဏ္ဍာန် မျိုးစုံ ကြုံတွေ့ပြီး ၊ တိုင်းပြည်က တည်ငြိမ် အေးချမ်းမှုမဲ့ ခုလို အထိတ်ထိတ် အလန့်လန့်နဲ့ အကြောက်တရားနဲ့နေ နေရဦးမှာပါပဲ ။

စစ်အုပ်စုက ပြည်သူတွေနဲ့ အောက်ခြေ ၀န်ထမ်းတွေကို အကြောက်တရားနဲ့ နေသားကျအောင် လုပ်ထားတာ ကြာနေပါပြီ ၊ မတရားမှန်း သိကြပါလျက် ၊ ငတ်မွတ် ခေါင်းပါးမှုတို့ရဲ့ အဓိက တရားခံကို သိကြ ပါလျက် မဆန့်ကျင်ရဲ ၊ ငြိမ်ခံ ဖြစ်နေခဲ့ကြတာ နှစ်ပေါင်း မနည်းတော့  ။ ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးပြီး ပြည်သူ့ ဆန္ဒမဲရှင် NLD ကို ဗြောင်ကျကျ အာဏာ လွှဲမပေးခဲ့တာလဲ မပြောရဲခဲ့ကြ ၊ ကိုယ့်သဘောနှင့် ကိုယ် ၊ ကိုယ့်လူနှင့်ကိုယ် စိတ်တိုင်းကျရေးဆွဲသော ဖွဲ့စည်းပုံဥပဒေအတွက်ကျင်းပခဲ့သည့် အမျိုးသား ညီလာခံ ဆိုသည်ကို ဘယ်နိုင်ငံတွင်မှ မကြုံဘူးလောက်အောင် အချိန် ဆွဲခဲ့တာကိုလဲ မပြောရဲခဲ့ကြ ၊ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် ကျောင်းသား လူငယ်များအား ဥပဒေမဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့ တာကိုလဲ မပြောရဲခဲ့ကြ ၊ ၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေ သွေးမြေကျရတာ ၊ ဘာသာ သာသနာကို စော်ကားချင်တိုင်း စော်ကားတာကိုလဲ မပြောရဲခဲ့ကြ ၊ နာဂစ်မှာ မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ရေး ထိထိ ရောက်ရောက် မလုပ်တာကိုလည်း မပြောရဲခဲ့ကြ ၊ ၂၀၀၈ မေ မှာ ဖွဲ့စည်းပုံ ဥပဒေ ဆန္ဒ ခံယူပွဲ ဆိုပြီး ပြည်သူ့ ဆန္ဒအမှန် မဟုတ်ပဲ အင်ထု လိမ်ညာခဲ့တာလဲ သိသိနဲ့ မပြောရဲ ခဲ့ကြ ၊ အရွယ် မရောက် သေးသူတွေကို စစ်ထဲ အဓမ္မသွင်း ကလေး စစ်သား လုပ်ခိုင်း နေတာတွေကိုလဲ မပြောရဲခဲ့ကြ ၊ ကျေးရွာတွေမှာ မီးကင်းကြေး ၊ သံလမ်း ကင်းကြေး ၊ဘာကြေး ညာကြေး တွေကောက် ၊ ပေါ်တာဆွဲ ၊ မုဒိန်းကျင့် ၊ ရွာလုံးကျွတ် သတ် ၊ ကြက်ဝက်နွားလု ၊ ရွာတွေ မီးရှို့မတရားမှု များစွာ လုပ်နေတာလဲ မပြောရဲခဲ့ ကြ ၊ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး မရတဲ့ ကိစ္စ ၊ သုံးရေ မလုံလောက်တဲ့ ကိစ္စ ၊ လိုင်းကား မလုံလောက်တဲ့ ကိစ္စ ၊ ကုန်ဈေးနှုန်း ကြီးမားပြီး စားဝတ်နေမှု မဖူလုံတဲ့ ကိစ္စ ၊ ကျန်းမာရေး စောင့်ရှောက်မှု မရတဲ့ ကိစ္စ ၊ နေရာတိုင်း လာဒ်မထိုးရင် ဘာမှ အဆင်အပြေတဲ့ ကိစ္စ ၊ ကလေးတွေ ပညာရေး ဗလာ စာအုပ် မပြောနဲ့ နိုင်ငံတော်ထုတ် ဖတ်စာအုပ်တောင် လူစေ့အောင် မထုတ်ပေး နိုင်တဲ့ ကိစ္စ ၊ နောက်ဆုံး ကိုယ့်မိသားစုဝင် တယောက် နာရေး ဖြစ်လို့တောင် အဆင်ပြေပြေ သင်္ဂြိုလ်ဘို့ တော်တော် ခက်တဲ့ ကိစ္စ ၊ ဘာပဲဖြစ်ဖြစ် မပြောရဲတော့ပဲ အကြောက်တရား ကြီးစိုးပြီး ကြိတ်ခံ နေကြတာ ကြာနေပါပြီ ။

အို ….အမိအဖ ပြည်သူ အပေါင်းတို့ ၊ မိမိတို့ရဲ့ သားသမီး မြေးမြစ် တွေကို ခေတ်ဆိုးရဲ့အမွေတွေပဲ ပေးထား ခဲ့ကြတော့ မလား ၊ လူဖြစ်ရကျိုး မနပ်တဲ့ ကျွန်သဘောက် ဘ၀ကို ကိုယ်တင် သာမက နောင်လာ နောက်သား တွေကိုပါ ဆက်ခံစေတော့ မလား ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ပြည်သူတွေရဲ့သတ္တိနဲ့ မင်းဆိုးတွေ ဖြုတ်ချ အောင်ပွဲတွေရဘူးခဲ့ကြတာမမေ့ပါနဲ့ ၊ သမိုင်းခေတ်က ရှစ်လေးလုံးလို လူထုအုံကြွ မှုတစ်ရပ် ၊ ရရာလက်နက်စွဲကိုင်တိုက်ပွဲဝင်ကြမဲ့ တော်လှန်ရေးကြီး တရပ်ကို တောင်းဆို နေပါပြီ ၊ အကြောက်တရား တွေထဲက ရုန်းထကြပါစို့ ၊ ပြည်သူ့ အစိုးရ တစ်ရပ် ဖွဲ့စည်း တည်ထောင် ကြပါစို့ ၊ စစ်အာဏာရှင် တွေကို ဖယ်ရှား ကြပါစို့ ။
ရွှေသန်း

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form