ကက်ကင်း (ကျော်သူ)

ပီတိ ဖြစ်လိုက်ရသည် ဖြစ်ခြင်း....။
ရင်ခုန် လိုက်ရသည် ဖြစ်ခြင်း. ...။
ပျော်လိုက် ကြသည် ဖြစ်ခြင်း.. ..။
လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်... နှစ်သစ်ကူး ရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ စိုက်ထူခဲ့ကြသည့်ည....။ အကယ်ဒမီည။ ထိုနေ့... ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။

ရုပ်ရှင် အနုပညာ လောကနှင့် တဖက်သက် ကွားရှင်း ပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်း စစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။ မိမိသည် အော်ဟစ် ဆူပူသောင်းကျန်းမိသူ မဟုတ်။ မိမိသည် လက်သီး လက်မောင်းတန်းဖို့ နေနေသာသာ လက်နှစ်ဘက်ကို မိမိ ပခုံးထက်ထိပင် မ မခဲ့။ ရှိစေတော့... ကိုယ့်ကံနှင့်ကိုယ် ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။ သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။

ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။ မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။ မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာ မတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံ ရပ်ခြားမှ မိမိတို့ မြန်မာပြည် အတွင်းတွင် ဘ၀ ပြောင်းသွားသောသူများ... အားလုံး ..အားလုံး... ငြိမ်းချမ်းလှပ အဆင်ပြေမှု ရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှု ဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေး အသင်းအဖွဲ့ ပေါ်ပေါက် လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ် ပေးခဲ့သော အမိ မြန်မာပြည်၏ ကျေးဇူး တရားများပင် ဖြစ်တော့သည်။

“သေသောသူသည် သုဿန်သို့ သက်သက် သာသာ သွားသင့်သည်။ ” ...... မဟုတ်ပါလား။ သို့သော် အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။ ဟူသော ရွှေဟင်္သာ ဆရာတော်ကြီး၏ ဆုံးမ သြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။

ဘဘ(ဦးသုခ)၏ ဖေးမ မြှင့်တင်မှု စွမ်းအားနှင့် အတူ နာရေး ကူညီမှု အသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်း ကိုယ်စား ကိုယ့်စားရိတ်နှင့် ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။

လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။

တော်လိုက်သည့် ...... အနုပညာရှင်

ပြောင်မြောက်လိုက်သည့် ......... အနုပညာရှင်

ထူးချွန်လိုက်သည့် ........ အနုပညာရှင် များပင် ဖြစ်တော့သည်။

အရင်း စစ်သော်.. ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။

ပီတိ ဖြစ်လိုက်ရသည် ဖြစ်ခြင်း....။

ရင်ခုန်လိုက်ရသည် ဖြစ်ခြင်း. ...။

ပျော်လိုက်ကြသည် ဖြစ်ခြင်း.. ..။

ယခင်နှင့် ယခု မတူတော့...။

ယခင် အနုပညာ လောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။ ယခု လူမှုရေး လောကမှာ လှုပ်ရှားမှုများက............. ပရဟိတ။
ယခင်နှင့် ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမ ခဲ့ဖူးပါသည်။

မောင်ကျော်သူ..... မင်း အီတလီ ၀န်ကြီးချုပ်ကို သိလား? (မသိပါ)
..... မင်း ပြင်သစ် သမ္မတကို သိလား? (မသိပါ)
...... မင်း ချာလီချက်ပလင်ကို သိလား? (သိတာပေါ့)

အေး..... အဲ့ဒါပဲကွ.. အနုပညာသည် ဆိုတာ လူတိုင်း သိတယ်။ စစ်မှန်တဲ့ အနုပညာသည် ဆိုတာ လူတိုင်း လေးစားတယ်။ ဒါကြောင့်.... အနုပညာသည် လုပ်တဲ့.... အကျိုးပြု လုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။

ဘဘ ဦးသုခ စကားသည်............ မိမိ အတွက် အားဆေး တစ်ခွက်ပင် ဖြစ်တော့သည်။ ဒါကြောင့် ထိုအချိန်မှစ၍
မိမိသည်.... အသက်မရှိ သူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်..... လူတိုင်း မသွားချင်သော သင်္ချိုင်း သုဿန်သို့ အမြဲသွားနေသည်။
မိမိသည်..... လူတွေ မေ့ချင်ယောင် ဆောင်မှုကို သိလာသည်။
မိမိသည်..... လူတွေ မသိသော အရာများကို မြင်လာသည်။

ထို့ကြောင့် မိမိ၏ အနုပညာ နှလုံးသားကို ငြိမ်းချမ်းမှု အတွက် စတေးပစ်လိုက်တော့သည်။ ဤတွင်.... ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှ မထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံး စကားရပ်ကို ကြားယောင် မိပါသည်...။

“မောင်ကျော်သူ... မင်းနဲ့ ဘဘက အကျိုးပေးတယ်... ကက်ကင်း” တဲ့ ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)

ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။

ထိုအခါ... မိမိ၏ ဦးနှောက်ထဲ ဖျတ်ခနဲ ပေါ်လာ၍ ဆတ်ခနဲ ပြန်ပြော မိသည်။
“ ဟာ..ဘဘ... ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
“ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ ကျော်သူ လေ”...။ “ မှန်လိုက်လေ...... ဟုတ်လိုက်လေ.... မောင်ကျော်သူ ရယ်တဲ့..” တဲ့ ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့ လူတစ်ယောက် ကမ္ဘာ မြေပြင်ကို ရောက်လာပြီး “ကျော်သူ” ဟူသော အမည် နာမနှင့် ဘ၀ ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း” ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ ရသည်မှာ ယနေ့တိုင်....။ မိမိ ပီတိ ဖြစ်လိုက် ရသည်............ ဖြစ်ခြင်း။

မိမိ ရင်ခုန်လိုက်ရသည်..... .........ဖြစ်ခြင်း။

မိမိ ပျော်လိုက်ရသည်........ ........ဖြစ်ခြင်း။

သို့သော်... အားလုံး.. အားလုံး.. အလုံးစုံတို့သည်... အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

တရားသိ သလိုလို.. တရားရှိ သလိုလိုနဲ့
ဝင်လေ ထွက်လေ ရပ်ပြီး
ငါ့နောက် မလိုက်ခဲ့နဲ့။

ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form