မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ ၂၀၁၀

မောင်ကောင်း (ဝေဖန်သုံးသပ်ချက်)

အများသူငါ စိတ်ဝင်စားနေကြတဲ့ ၂၀၁၀ ကိုတော့ စတင် ချဉ်းနင်း ၀င်ရောက်လာပါပြီ။ ၂၀၁၀ ဟာ မြန်မာပြည်နိုင်ငံရေးရဲ့ အကွေ့အချိုး တခုဖြစ်နိုင်တယ်၊ ဒီလိုဖြစ်မလာရင်တောင်မှ ထူးခြားမယ့် နှစ်တနှစ်တော့ ဖြစ်နိုင်ကောင်းရဲ့ဆိုပြီး စိတ်ဝင်စား နေကြတာပါ။ အထူးသဖြင့် နအဖက ကျင်းပပြုလုပ်မယ်လို့ ကြေညာထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ့် ဂယက်တွေက မြန်မာ့နိုင်ငံရေး အခြေအနေ အပေါ် ဘယ်နည်းဘယ်ပုံ ထူးထူးခြားခြား ရိုက်ခတ်ပြောင်းလဲစေနိုင်မလဲ။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ရေး (Sanction) နဲ့ ထိတွေ့ဆက်ဆံရေး (engagement) နှစ်ခုစလုံးကို ပေါင်းစပ်ကျင့်သုံးမယ့် အမေရိကန်နိုင်ငံရဲ့ပေါ်လစီသစ် ဘယ် အတိုင်းအတာ အထိ အောင်မြင် ထိရောက် နိုင်မလဲ။

အဲဒါတွေနဲ့ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာပါ ကမ်းလှမ်းချက်အပေါ် ဗိုလ်ချုပ်သန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ ဆိုတာတွေဟာ ၂၀၁၀ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေပေါ် အခြေခံပြီး ၂၀၁၀ အတွင်း ပေါ်ထွန်းလာမယ့် အခြေအနေနဲ့ အလားအလာတွေ အပေါ် အားလုံးက စိတ်ဝင်တစား တွက်ချက် မှန်းဆ နေကြတာပါ။ ဘာပဲပြောပြော ၂၀၁၀ မှာ ပေါ်ထွန်းလာမယ့် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အလားအလာဟာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပကတိ အခြေအနေနဲ့ ကင်းလွတ်ပြီး ဖြစ်လာနိုင်စရာတော့ မရှိပါဘူး။ လက်ရှိ အခြေအနေဆိုတာလည်း ပြီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ တဆက် တစပ်တည်းပါ။

ဒါကြောင့် ပထမဦးစွာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို အရင်သုံးသပ်ချင်တယ်။ ကနေ့ မြန်မာပြည်သူတွေ ဘယ်လိုတွေ့ကြုံ ခံစားနေရတယ်၊ မြန်မာ့နိုင်ငံရေး အင်အားစုတွေ ဒီမိုကရေစီ အင်အားစုတွေ ဘယ်လို စိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိပါပဲ။ ကနေ့ မြန်မာ ပြည်သူတွေဟာ ဘယ်ခေတ် ဘယ်အခါ တုန်းကနဲ့မှ မတူအောင် အနိုင်ကျင့် စော်ကား ခံနေရတယ်။ ဒါကို လူ့အခွင့်အရေး ချိုးဖောက် ခံနေရရုံ သက်သက်လို့ ပြောလို့မရဘူး။ တရား လက်လွတ် မတရား အနိုင်ကျင့် ခံနေရတာလို့ပဲ ပြောရမှာပဲ။ ဒီကနေ့ မြန်မာပြည်မှာ ဥပဒေ ဆိုတာ မရှိ၊ တရားမျှတမှုဆိုတာ မရှိတော့တဲ့ အခြေအနေမျိုး ရောက်နေတယ်။ အာဏာ ရှိသူတွေက အာဏာ မဲ့သူတွေ အပေါ်မှာ မတရားသဖြင့် လုပ်ချင်တိုင်းလုပ် အနိုင်ကျင့် ချင်တိုင်း ကျင့်တာကို တဖက်သတ် ခံနေရတယ်။

တဘက်မှာ အဲဒီလိုခံနေရတဲ့အတွက် ပြည်သူတွေဟာ အကြောက်တရားရဲ့ လွှမ်းမိုးမှုအောက်မှာ မလူးသာ မလွန့်သာ ရှိနေကြတာ အမှန်ပဲ။ ဒါ အဆိုးဘက်၊ မကောင်းတဲ့ ဘက်ပါ။ ပြည်သူတွေဟာ အဲဒီလို မတရား အနိုင်ကျင့်စော်ကားမှုတွေကို ပြင်းပြင်း ထန်ထန် ဆိုးဆိုး ၀ါးဝါး ခံစားနေရတာကြောင့် တဘက်မှာတော့ စစ်အာဏာရှင်တွေ အပေါ် စက်ဆုပ် ရွံရှာမှု၊ နာကြည်းမုန်းတီးမှုနဲ့အတူ စစ်အာဏာရှင် အောက်က ရုန်းထလွတ်မြောက်ချင်တဲ့ စိတ်ဓာတ်က ပြည်သူ လူထုကြီး တရပ်လုံးရဲ့ ရင်ထဲ အသည်းထဲ အသွေးထဲ အသားထဲမှာ ချေဖျက် တားဆီးလို့ မရလောက်အောင် ထုနဲ့ထည်နဲ့ ရှိနေပြီး အခြေအနေ အခွင့်အလမ်း ပေါ်လာတာနဲ့ ပွင့်အံ ပေါက်ကွဲမယ့် အခြေအနေမျိုး ဖြစ်တည်နေတယ်။

ဒါဟာ ကနေ့ မြန်မာပြည်သူတွေရဲ့ ပကတိအခြေအနေပါ။ ဒါကို အင်အားစုအားလုံးက သိနားလည်ထားကြတယ်။ အင်အားစု အားလုံးဆိုတဲ့ နေရာမှာ ဒီမိုကရေစီ အင်အားစု၊ နိုင်ငံရေး အင်အားစုတွေလည်း ပါတယ်။ စစ်အာဏာရှင် အုပ်စုလည်းပါတယ်။ စစ်အာဏာရှင် အုပ်စုက ဒီလိုအခြေအနေမှာ ပြည်သူတွေ အချိန်မရွေး အုံကြွ ပေါက်ကွဲ နိုင်တယ် ဆိုတာသိလို့ ပိတ်ဆို့တားဆီးမှုတွေကို အဘက်ဘက်က ဆောင်ရွက်ထား သလို ဖြစ်လာရင်လည်း လက်မနှေးဘဲ လက်ဦးမှုယူပြီး နှိပ်ကွပ် ချေမှုန်းဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်။ အုံကြွပေါက်ကွဲမှု ဖြစ်လာရင် ပြင်ထားတဲ့ အတိုင်း စစ်အုပ်စုက ရက်ရက် စက်စက် နှိပ်ကွပ် ချေမှုန်းတာကိုလည်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ တွေ့ခဲ့ကြရပြီး ဖြစ်တယ်။

ဒါပေမယ့် ဒီမိုကရေစီ အင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုတွေ အပါအ၀င် ပြည်သူ လူထုကြီး တရပ်လုံးကလည်း စစ်အာဏာရှင် အုပ်စုက ဘယ်လိုပဲ ဖိနှိပ်မှုတွေလုပ်လုပ်၊ ဘယ်လိုပဲ နှိပ်ကွပ် ချေမှုန်းမှုတွေ လုပ်လုပ် အခြေအနေ အခွင့်အလမ်း ပေါ်တာနဲ့ ရုန်းကြွ တော်လှန်ကြမှာပဲ။ အခွင့်အလမ်းသာပေါ်ပစေ ပြည်သူတွေ ဘက်က အဆင်သင့်ပဲ။ သေချာရေရာမှုသာရှိပစေ ပြည်သူတွေဘက်က ရင်းနှီး ပေးဆပ်ဖို့ အဆင်သင့်ပဲ ဆိုတဲ့ အနေအထားပါ။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အခွင့်အလမ်းနဲ့ အောင်ပွဲ အတွက် သေချာရေရာမှုကို ဖန်တီးပေးဖို့ပါပဲ။

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရာမှာ ပထမဆုံး နအဖစစ်အုပ်စုရဲ့ အနေအထားကို အရင်သုံးသပ်ချင်တယ်။ နအဖ စစ်အုပ်စုဟာ ဗိုလ်နေ၀င်း မဆလ စစ်အုပ်စုရဲ့ အဆက်ဖြစ်တယ်။ အသွင်သဏ္ဌာန်အရ အနည်းငယ်လောက်ပဲ ကွာခြားပြီး အနှစ် သာရကတော့ အတူတူပဲ။ ဗိုလ်နေ၀င်းရဲ့ မဆလခေတ်တုန်းက မဆလ တပါတီစနစ်ကို ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို စိုးမိုး ခြယ်လှယ်ခဲ့ သလို အခုလည်း စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆီ ဦးတည် ချီတက်နေပါတယ် ဆိုပြီး စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို စိုးမိုး အုပ်ချုပ် ခြယ်လှယ် နေတာပဲ။

ဒီနေရာမှာ အတိတ်ကို တချက်လောက် ပြန်ကောက်ကြည့်ရအောင်။ တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ စစ်အုပ်စုကြီး တခုလုံး ပြိုလဲလု နီးနီး ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ကံမကောင်း အကြောင်းမလှစွာနဲ့ အပြီးသတ် အောင်ပွဲမရဘဲ ရှစ်လေးလုံး အရေးတော်ပုံကြီး အဆုံးသတ်ခဲ့ရာမှာ ကျနော် တို့တတွေ (ဆိုလိုတာက ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူတွေ အပါအ၀င် ပြည်သူလူထုကြီး) ဘက်က ညံ့ခဲ့ကြလို့ မဟုတ်ပါဘူး။ ကျနော်တို့ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ တက်ကြွ လှုပ်ရှား သူတွေဘက်မှာ အားနည်း ချို့ယွင်းချက်တွေ အမှားတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအရေးတော်ပုံကြီး မအောင်မမြင် ဖြစ်ခဲ့ရတာဟာ အဲဒီ ချို့ယွင်း အားနည်းချက်တွေ၊ အမှားတွေကြောင့် အဓိက မဟုတ်ပါဘူး။ စစ်တပ်နဲ့ စစ်ခေါင်းဆောင် တစုရဲ့ ရပ်တည်မှု မှားယွင်း ဖောက်ပြန်ခဲ့တာကြောင့်ပါ။

အာဏာရှင် ဆန့်ကျင်ရေး လူထု အုံကြွမှုတွေ ပေါ်ပေါက် လာခဲ့တဲ့ ဘယ်တိုင်းပြည်ကိုပဲ ကြည့်ကြည့် စစ်တပ်ရဲ့ အခန်းကဏ္ဍက သိပ် အရေးကြီးတယ်။ စစ်တပ်က ဘယ်လိုရပ်တည်သလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ ဆိုတာပေါ်မူတည်ပြီး အဲဒီ တိုင်းပြည်ရဲ့ လူထု အုံကြွမှု အောင်မြင်ရေး မအောင်မြင်ရေးကို အဆုံးအဖြတ် ပေးခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တယ်။ မကောင်းတဲ့ မင်းဆိုး မင်းညစ်၊ ဒါမှမဟုတ် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်ရာမှာ စစ်တပ်က ပြည်သူလူထု ဘက်ကို စာနာ ထောက်ထား ရပ်တည်ပေးတာမျိုး၊ ဒါမှမဟုတ် အနိမ့်ဆုံးအားဖြင့် အာဏာရှင်တွေဘက်ကို မျက်နှာမလိုက်ဘဲ၊ အကာအကွယ် မပေးဘဲ၊ ကြားနေ ပေးတာမျိုး ရှိရင် ဒီတော်လှန် အုံကြွမှုဟာ အောင်မြင်ပြီး ခေတ်စနစ်ကြီးတခုလုံးကို ပြောင်းလဲ ပစ်နိုင်ခဲ့တာပဲ။

အနီးစပ်ဆုံး ဥပမာအနေနဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှနဲ့ အရှေ့ ဥရောပ နိုင်ငံတွေရဲ့ အဖြစ်အပျက်ကို ကြည့်ရင် သိနိုင်တာပဲ။ အလားတူပဲ စစ်တပ်က ပြည်သူ လူထု ဘက်ကနေ မရပ်တည်ဘဲ သို့မဟုတ် ကြားမနေဘဲ အာဏာရှင်တွေဘက်က ရပ်တည် ကာကွယ် ပေးမယ်၊ ဒါမှမဟုတ် အာဏာရှင်အလိုကျ ပြည်သူ လူထုကို နှိပ်ကွပ် သတ်ဖြတ် ချေမှုန်းမယ် ဆိုရင်တော့ ပြည်သူလူထုရဲ့အုံကြွမှုဟာ ဘယ်လောက်ပဲ အင်အားကြီးကြီး ချေမှုန်း ဖျက်ဆီး ခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ တရုတ်ပြည်ရဲ့ (၈၉) တိန်အန်မင် အရေးအခင်းနဲ့ မြန်မာပြည် ရှစ်လေးလုံး အရေးတော်ပုံကြီးတွေဟာ ထင်ရှားတဲ့ သာဓကတွေပဲ မဟုတ်ပါလား။ (ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်းဟာလည်း နောက်ထပ် ထင်ရှားတဲ့ သာဓကတခုပါပဲ။)

တကယ်တော့ ကျနော်တို့ ပြည်သူတွေ ဆင်နွှဲခဲ့ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ မကြုံဖူး လောက်အောင် တပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တခဲနက် ပါဝင် ဆင်နွှဲခဲ့ကြတဲ့ ထူးခြားလှတဲ့ အရေးတော်ပုံကြီးပါ။ အဲဒီအရေးတော်ပုံကြီးမှာ ပြည်သူတွေ လုံးဝ တာဝန် ကျေခဲ့တယ်။ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့လည်း အားနည်းချက်၊ ချို့ယွင်းချက်တွေ တစုံတရာ ရှိခဲ့တယ် ဆိုပေမယ့် တာဝန် ကျေသင့် သလောက် ကျေခဲ့တယ်။

အဓိက ကတော့ စောစောက ပြောသလို ပြည်သူတွေ ဘက်က စစ်တပ် မပါခဲ့လို့၊ မရပ်တည်ခဲ့လို့ အရေးတော်ပုံကြီး မအောင်မမြင် ဖြစ်ခဲ့ရတာပါ။ ပြည်သူတွေ ဘက်က စစ်တပ်မရပ်တည်ခဲ့တာကြောင့် ဆိုတာထက် တိတိကျကျ ပြောရရင်တော့ တိုင်းပြည်နဲ့ ပြည်သူ လူထုကို ကာကွယ် စောင့်ရှောက်ဖို့ ဖွဲ့စည်းခဲ့တဲ့ စစ်တပ်တခုလုံးဟာ လက်တဆုပ်စာ အာဏာရှင် စစ်ဗိုလ်ချုပ် တစုရဲ့ အပိုင်စီး သိမ်းပိုက် အသုံးချတာကို ခံလိုက်ရလို့ပါ။ အဲဒီလက်တဆုပ်စာ အာဏာရှင်စစ်ဗိုလ်ချုပ်တစုက ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့အကျိုးကို လုံးဝမငဲ့ကွက်ဘဲ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရေးနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ သက်သက်အတွက် ပြည်သူတွေကို ရက်ရက် စက်စက် နှိပ်ကွပ်သတ်ဖြတ်ချေမှုန်းခဲ့တာကြောင့်ပါ။

ရှစ်လေးလုံး အရေးတော်ပုံကြီး မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီ အချက်ဟာ အခရာကျသလို အဲဒီ ရှစ်လေးလုံး အရေးတော် ပုံကြီးရဲ့အဆက်ဖြစ်တဲ့ ဒီမိုကရေစီရေး လှုပ်ရှား တောင်းဆိုမှုတွေ ကနေ့အထိ မအောင်မမြင် ဖြစ်နေရတဲ့ အဓိက အကြောင်းအရင်း ဟာလည်း အဲဒါကြောင့် ပါပဲ။ တကယ်တော့ ကျနော်တို့တတွေ ဒီမိုကရေစီ မရကြသေးတာ ကျနော်တို့ ပြည်သူတွေ ညံ့ကြလို့ ကျနော်တို့ ပြည်သူတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးလို့ ဆိုတာ လုံးလုံးမဟုတ်ဘူး။ ထို့နည်းတူ အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူတွေ ညံ့ကြလို့ မညီညွတ်ကြလို့ ချို့ယွင်း အားနည်းကြလို့ စွန့်လွှတ် ပေးဆပ်မှုတွေဟာ နည်းပါး ကြလို့လည်း မဟုတ်ပါဘူး။

ကနေ့ ကျနော်တို့ပြည်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေရဲ့ စွန့်လွှတ် ပေးဆပ်မှုတွေဟာ အတိတ်သမိုင်းနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် မျက်မှောက် နိုင်ငံတကာ လှုပ်ရှားမှုတွေနဲ့ ယှဉ်ရင်ပဲဖြစ်ဖြစ် ထိပ်ဆုံးကပါ။ တကယ့်တကယ် အဓိကအကြောင်းရင်းက စစ်တပ်ပါ။ စစ်တပ်ရဲ့အနေအထားကြောင့် စစ်တပ်ရဲ့ မှားယွင်းဖောက်ပြန်တဲ့ ရပ်တည်မှုကြောင့်ပါ။ တိတိကျကျ ပြောရရင်တော့ အဲဒီစစ်တပ်ကို အမိန့်ပေး စေခိုင်းနိုင်တဲ့ စစ်တပ် အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဆိုသူနဲ့ သူ့ရဲ့ သစ္စာခံ လက်တဆုပ်စာ စစ်ဗိုလ်ချုပ် တစုရဲ့ အာဏာ မက်မှု၊ ကိုယ်ကျိုး ကြည့်မှု၊ အမြော်အမြင် နည်းပါးမှု၊ ရက်စက် ယုတ်မာ ကောက်ကျစ်မှု တွေကြောင့်သာ အဓိကပါပဲ။

ဒါပေမယ့် စောစောက ပြောခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင် စနစ်ဟာ ပြိုလဲလုနီးပါး အခြေအနေ ရောက်ခဲ့တာတော့ အမှန်ပဲ။ အဲဒီတုန်းက စစ်တပ်အာဏာသိမ်းပြီးပြီးချင်း အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် စစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်စောမောင်က “တိုင်းပြည် ချောက်ထဲ ကျလု ဆဲဆဲ အခြေအနေကို ကယ်တင်ဖို့ အတွက် ကျနော်တို့ အာဏာသိမ်းရတာပါ” ဆိုတဲ့ စကားကို မကြာမဏ ပြောလေ့ရှိတယ်။ တကယ်တော့ သူပြောတဲ့ ချောက်ထဲကျလုဆဲဆဲဆိုတာ တိုင်းပြည်လည်းမဟုတ်၊ ပြည်သူ လူထုလည်း မဟုတ်ပါဘူး။ အာဏာရှင် ဗိုလ်နေ၀င်းနဲ့ သူ့ရဲ့သစ္စာခံ စစ်ဗိုလ်ချုပ် တစုပါ။ ပြည်သူ လူထုရဲ့ တွန်းလှန် ဖြိုလှဲမှုကြောင့် ဗိုလ်နေ၀င်းရဲ့ အာဏာ ဒေါက်တိုင်တွေ ပြိုလဲအံ့ ဆဲဆဲ ဖြစ်နေတဲ့ အခြေအနေကို ကယ်တင်ဖို့ အတွက် ကာကွယ် စောင့်ရှောက်ဖို့ အတွက် တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုး စီးပွားကို သစ္စာဖောက် ကျောခိုင်းပြီး အာဏာ သိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အစ ပထမမှာတော့ သေလူ ဘ၀ကနေ တရက် တမွန်းတည့် အသက် ဆက်ရလည်း မနည်းဘူး ဆိုတဲ့ သဘောနဲ့ လူးလွန့် ရုန်းထ ခဲ့ကြတာပါ။ အဲဒီတုန်းက သူတို့မှာ အနာဂတ် ဆိုတာ မရှိခဲ့ဘူး။ ရေရှည် အာဏာစိုးမိုးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိပုံ မရခဲ့ဘူး။ (ဒါ မိမိရဲ့ အထင်ကို ပြောတာပါ။) အဲဒီလို မရှိခဲ့လို့လည်း သေခါနီး ရိက္ခာယူတဲ့ သဘောမျိုး အရှက်အကြောက် မရှိ အခွင့်အရေးတွေ မတရားယူ၊ အာဏာတွေ မတရားသုံး၊ အလွန်အကျွံတွေဖြစ် နောက်တော့ မထူးဇာတ်ခင်း၊ တဘက်မှာလည်း မတရားသဖြင့် အကန့်အသတ်မရှိ ရထားတဲ့ အကျိုးစီးပွားတွေ စည်းစိမ် အာဏာတွေကို မက်မောတွယ်တာယစ်မူးလာပြီး နောက်တော့ အဲဒီ အကျိုး စီးပွားတွေ၊ အာဏာတွေကို မစွန့်လွှတ်ချင်တော့ဘဲ ရေရှည် ဆုပ်ကိုင် ချင်လာရာကနေ ရေရှည်အစီအမံတွေ ချလာတော့တာပါပဲ။

စစ်အုပ်စုဟာ အဲဒီလို ဆင့်ကဲဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နိုင်ငံရေး လုပ်ငန်းစဉ် တွေကိုလည်း ဆင့်ကဲဆင့်ကဲ ပြောင်းလဲ ချမှတ် ကျင့်သုံး လာတာကို တွေ့ရလိမ့်မယ်။ ပထမ ၈၈ အာဏာသိမ်းစဉ် လူကြား ကောင်းအောင် တနည်းအားဖြင့် အာဏာသိမ်းလို့ ကောင်းအောင် နောက်တနည်း ပြောရရင် အင်မတန် ကြီးမားတဲ့ ၈၈ ဒီမိုကရေစီ လှိုင်းလုံးကြီး အောက်မှာ နစ်မသွား ရလေအောင် အလိုက်သင့် ခံပေးတဲ့ သဘောနဲ့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ စနစ်ကို ထူထောင် ပေးမယ်၊ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတဲ့ ကတိကို ရှေ့တန်းတင်ပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။

အာဏာ သိမ်းပြီးတဲ့ နောက်မှာလည်း တတ်နိုင်သမျှ အချိန်ဆွဲပြီး ရွေးကောက်ပွဲကို ရှောင်လွှဲဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ၈၈ အရှိန် မသေသေးတဲ့ လူထုကြီးရဲ့ဆန္ဒကို လွန်ဆန်ပြီး ပေးထားတဲ့ ကတိကို အလွယ်တကူ မပယ်ဖျက်ရဲခဲ့တာကြောင့် ရွေးကောက်ပွဲကို မလုပ်ချင်ဘဲ လုပ်ပေးခဲ့ရတယ်။ မတတ်သာလို့ လုပ်ပေးခဲ့ရသည့်တိုင် ဒီမိုကရေစီအင်အားစုတွေ ပြတ်ပြတ် သားသား အနိုင် မရလေအောင် ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီ အင်အားစုတွေ အပေါ် အမျိုးမျိုးညစ်ပတ် အနိုင်ကျင့်ခဲ့ပေမယ့် ရှစ်လေးလုံး စိတ်ဓာတ် အဟုန် ပြင်းထန်နေဆဲဖြစ်တဲ့ ပြည်သူလူထုကြီးရဲ့ ပြတ်ပြတ်သားသား ညီညီညွတ်ညွတ် မဲပေးဆုံးဖြတ်ပေးခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်(Landslide) အနိုင်ရရှိခဲ့ပြီး သူတို့တတွေ မရှုမလှ အရေးနိမ့် သွားခဲ့ပြီးတဲ့နောက် အဲဒီ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ နည်းအမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့တာ၊ ချေဖျက်ဖို့ ကြိုးစားခဲ့တာ ဒီကနေ့အထိပဲဖြစ်ပါတယ်။ ပထမ ၁/၉၀ နဲ့ ရှောင်လွှဲဖို့ကြိုးစားခဲ့တယ်။ နောက် အမျိုးသားညီလာခံနဲ့၊ နောက် Road Map (၇) ချက်နဲ့ ချေဖျက်ဖို့ ကြိုးစားခဲ့တယ်။

မိမိအမြင် ပြောရရင် ၁/၉၀ ချမှတ်စဉ်က သူတို့ဟာ ခံစစ်အနေအထားမှာပဲ ရှိခဲ့သေးတယ်။ အဲဒီတုန်းက ၉၀ ရလဒ်ကို ချက်ချင်း အကောင်းအထည် မဖော်ဖြစ်အောင်၊ အာဏာချက်ချင်းမစွန့်ရလေအောင် ခုခံ ကာကွယ်တဲ့ သဘောနဲ့ ၁/၉၀ ကို ထုတ်ပြန်ခဲ့တာပါ။ နောက်တော့ ခံစစ်ကနေ ထိုးစစ် အသွင်ပြောင်းပြီး ဒီချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေကို နှိပ်ကွပ် ချေမှုန်းခဲ့တယ်။ ဒီမိုကရေစီ အင်အားစုတွေ အလဲလဲ အကွဲကွဲဖြစ်ပြီး အားနည်းချည့်နဲ့ သွားတော့မှ အမျိုးသားညီလာခံ (NC) ဆိုတာကို ခေါ်ယူပြီး သူတို့ အာဏာ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် စီမံဆောင်ရွက်ခဲ့တာ ဖြစ်တယ်။

NC ကို လုပ်ရာမှာ သူတို့မှာ ရည်ရွယ်ချက် (၃) ခုရှိတယ်။ ပထမ ရည်ရွယ်ချက်က ၉၀ ရလဒ်ကို လမ်းလွှဲဖို့ အချိန်ဆွဲဖို့၊ ဒုတိယက နိုင်ငံတကာ အမြင်မှာ န၀တ (နအဖ) အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ်ကို ဆောင်ရွက်နေ သယောင် ဟန်ဆောင် လှည့်စားဖို့၊ တတိယ ကတော့ အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ တပ်မတော်က အမြဲတမ်း ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အဲဒီ NC က တဆင့် ဇွတ်အတင်း ချမှတ် အကောင်အထည် ဖော်ပြီး သူတို့ တရားဝင် ရေရှည်အာဏာချုပ်ကိုင် နိုင်ရေးအတွက် စီမံ ဆောင်ရွက်ဖို့ ဖြစ်တယ်။ တချက်ခုတ် သုံးချက်ပြတ်ပေါ့။ ရည်ရွယ်ချက် အားလုံးရဲ့ လိုရင်းအချုပ်ကတော့ လက်ရှိ အာဏာကို ထိန်းနိုင်သမျှ ထိန်းထားပြီး ဖြစ်နိုင်ရင် သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ရာသက်ပန် တည်တံ့ခိုင်မြဲအောင် လုပ်သွားဖို့ပဲ။

ပထမ ရည်မှန်းချက်တွေ အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့် ၁၉၉၅ နောက်ပိုင်းမှာ NC ထဲကနေ NLD နဲ့ SNLD တို့ နုတ်ထွက် သွားလို့ NC ကြီး ရပ်ဆိုင်း သွားရာကနေ သူတို့ရဲ့နောက်ဆုံး ရည်မှန်းချက် လည်းဖြစ်၊ အန္တိမ ရည်မှန်းချက်လည်း ဖြစ်တဲ့ စစ်အာဏာရှင် စနစ် တရားဝင် ရေရှည် တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ရည်မှန်းချက် ယာယီ အခိုက်အတန့်အားဖြင့် ပျက်ပြားသွား ခဲ့ရတယ်။ ဒါကလည်း ဆန်းတော့ မဆန်းဘူး။ စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို ထာဝရ စိုးမိုး ခြယ်လှယ်ရေး ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ဟာ ပြည်သူ လူထုကြီးရဲ့ ဆန္ဒနဲ့ လုံးဝ ဆန့်ကျင် နေသလို ကမ္ဘာကြီးရဲ့တူရူရာ ဒီမိုကရေစီ လမ်းကြောင်းကြီးနဲ့လည်း သွေဖည် ကွဲလွဲနေလို့ပါ။ ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက်ကို အပြီးတိုင် စွန့်လွှတ်ခဲ့တာတော့ မဟုတ်ဘူး။ ယာယီ အခိုက် အတန့်သာ စွန့်လွှတ်ခဲ့တာပါ။ အခြေအနေပေးတာနဲ့ မဖြစ်မနေ ဆက်လက် အကောင်အထည် ဖော်ဖို့ ကြံစည် စိုင်းပြင်း ခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ ဘယ်လိုပဲ ကြံစည်ကြံစည်၊ ဘယ်လိုပဲဆန္ဒရှိရှိ လက်တွေ့ဘ၀ရဲ့ အကန့်အသတ်တွေ အားပြိုင်မှုတွေကြောင့် အထူးသဖြင့် ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြံ့ကြံ့ခံ တိုက်ပွဲဝင်မှုတွေကြောင့် သူတို့ ကြံစည်တိုင်း ဆန္ဒရှိတိုင်း မဖြစ်ခဲ့တာတွေ မအောင်မြင်ခဲ့တာတွေ ရှိခဲ့တယ်။ တခါတရံ ဒီမိုကရေစီ အင်အားစုတွေဘက်က အားသာပြီး သူတို့ဘက်က ဖရိုဖရဲဖြစ်သွားခဲ့ရ တာတွေ ခံစစ်အနေအထား ရောက်သွား ခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအချို့ကို ပြန်သုံးသပ်ကြည့်ဖို့ လိုမယ် ထင်တယ်။

၁၉၉၅ မှာ NC ရပ်သွားပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှု၊ ၉၀ ပြည့်နှစ် ရွေးကောက်ခံ ပြည်သူ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်မှုကြောင့် ၉၈ မှာ CRPP ပေါ်လာခဲ့တယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ ဘက်က နိုင်ငံရေး ထိုးစစ်တွေ ဆက်တိုက် ဆင်နွှဲခဲ့ရာမှာ စစ်အာဏာရှင်တွေ ဘက်က ခံစစ် အနေအထားနဲ့ အလူးလူး အလိမ့်လိမ့် ရပ်ခံခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒီလို ရပ်ခံရာမှာ တဘက်က ဖမ်းဆီး နှိပ်ကွပ်မှုတွေ လုပ်ရင်း တဘက်က ဆွေးနွေးပွဲစကားဝိုင်းဘက်လှည့်ပြီး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် ဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ဇာတိသရုပ်ကို ဘယ်လိုမှ မဖုံးကွယ် နိုင်တာရယ်၊ သူတို့ အာဏာ တည်မြဲရေး ဆိုတဲ့ ရည်မှန်းချက်ကနေ တပြားသားမှ လျှော့မပေးနိုင်တာ တွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်သွားခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တိုင်းပြည်ရဲ့ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် နအဖစစ်အုပ်စုရဲ့ မရိုးသားမှု၊ လိမ်ညာ ကောက်ကျစ်မှုတွေကြောင့် ဆွေးနွေးပွဲ မအောင်မြင် နိုင်တော့ဘူး ဆိုတာ ရိပ်မိခဲ့လို့ တဘက်မှာ ရသမျှအခွင့်အရေးကို အသုံးချပြီး လူထုတိုက်ပွဲ ဆင်နိုင်ဖို့ အတွက် လူထုစည်းရုံးရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့တယ်။ လူထု ဘက်ကလည်း နအဖစစ်အုပ်စု တုန်လှုပ်ချောက်ချား လောက်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အုန်းအုန်း ကျွက်ကျွက် ထောက်ခံ ကြိုဆို ခဲ့ကြတယ်။

ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးကို လုံးဝ မကြည့်ဘဲ ကိုယ့်အာဏာ တည်မြဲဖို့ အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ်လို့ ခံယူထားတဲ့ နအဖ စစ်ဗိုလ်ချုပ် တွေဟာ ဒီတကြိမ်မှာလည်း ဒီမိုကရေစီကို ပြင်းပြင်းပြပြ လိုချင် တောင်းတနေတဲ့ ပြည်သူ လူထုကြီးရဲ့ ဆန္ဒနဲ့ အဲဒီဆန္ဒတွေ အကောင်အထည် ဖော်ဖို့ ဦးဆောင်လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံး လှုပ်ရှား ဆောင်ရွက်မှုတွေကို အပြင်းအထန် နှိပ်ကွပ် ချေမှုန်းခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ဒီပဲယင်း အရေးအခင်း ပေါ်ပေါက် ခဲ့ရတယ်။

ဒီပဲယင်းကြောင့် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ ဘက်က ဆုံးရှုံးမှု အချို့နဲ့ အရင်းအနှီး အချို့ ပေးဆပ်ခဲ့ရပေမယ့် တဘက်မှာ နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက်ယုတ်မာမှုတွေ ပွင့်ကျသထက် ကျလာခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ ဆန့်ကျင် ရှုတ်ချမှုနဲ့ ပဋိပက္ခတွေလည်း ကြီးထွား လာခဲ့ရတယ်။ ဒီပဲယင်း နှိပ်ကွပ်မှုကြောင့် တဘက်မှာ သူတို့ စစ်အုပ်စုတွေ အတွင်း မကျေလည်မှုတွေ ပဋိပက္ခတွေလည်း ကြီးထွား လာခဲ့ရတယ်။ ဒီပဲယင်း နှိပ်ကွပ်မှုကြောင့် တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု တွေကို အခိုက်အတန့် အားဖြင့် ရပ်တန့် ပစ်လိုက် နိုင်ပေမယ့် တဘက်မှာတော့ နအဖ စစ်ဗိုလ်ချုပ်တွေအဖို့ ပြည်တွင်းပြည်ပ ဖိအားနဲ့ နိုင်ငံရေး အကျပ်အတည်းကို မကြုံစဖူး ကြုံတွေ့ခဲ့ရတယ်။

ဒီအကျပ်အတည်းကို ရင်ဆိုင် ကျော်လွှားဖို့ အတွက် သူတို့ဘက်က နိုင်ငံရေး ဗျူဟာ တရပ်ကို ချမှတ် ကျင့်သုံး လိုက်တယ်။ အဲဒီ ဗျူဟာ ကတော့ Road Map (၇) ချက်ပဲ။

တကယ်တော့ အဲဒီ Road Map (၇) ချက်ဟာ လောလောဆယ် သူတို့ ကြုံတွေ့ နေရတဲ့ နိုင်ငံရေး အကျပ်အတည်းထဲကနေ ဖောက်ထွက် ကျော်လွှားဖို့ သက်သက်တင် မဟုတ်ဘဲ ရပ်ဆိုင်း ထားခဲ့ရလို့ အသက် ကင်းမဲ့နေပြီဖြစ်တဲ့ NC ကို ပြန်လည် အသက်သွင်းပြီး သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ မူလ ရည်မှန်းချက်ကို ပြန်လည်အကောင်အထည် ဖော်ဖို့ပါပဲ။ တဘက်မှာလည်း မြန်မာ နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ဖို့ လိုလားနေတဲ့၊ ဖိအားတွေလည်း တိုးမြှင့်ပေးနေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အဲဒီသူတို့ချမှတ်ထားတဲ့ Road Map (၇)ချက်နဲ့ ပြည်တွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေး လုပ်ငန်းစဉ် တရပ် ချမှတ် ဆောင်ရွက်နေ သယောင် လိမ်လည် လှည့်ဖြားဖို့ပါပဲ။

တကယ်တမ်း ပြောရရင်တော့ ဒီမိုကရေစီသို့သွားရာ (၇) ဆင့်ဆိုပြီး သူတို့ ကြွေးကြော်ချမှတ်ထားတဲ့ Road Map (၇) ချက်ဆိုတာကို ပြည်သူတွေ ကတော့ ဒီမိုကရေစီနဲ့ အလှမ်းဝေးသထက် ဝေးသွားစေမယ့် အဆင့် (၇) ခုလို့ပဲ နားလည်ထား ကြတယ်။ ဒါကြောင့် ဒီ Road Map (၇) ချက်ကို ပြည်သူတွေက ယုံလည်းမယုံဘူး၊ လက်လည်းမခံဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ကိုယ်စား NLD ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ပြည်တွင်းပြည်ပဖိအားတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ပိုမိုကြီးမားလာခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ရတယ်။ နောက်ဆုံးမှာတော့ သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တော့တာပါပဲ။

ဒီရွှေဝါရောင် တော်လှန်ရေးကြီးအတွင်းမှာ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူ လူထုတွေဘက်က ထိခိုက်ဆုံးရှုံးမှုတွေ အရင်းအနှီးတွေ အတိုင်းအတာတခု အထိ ပေးဆပ် ခဲ့ရပေမယ့် ဒီတော်လှန်ရေးကြီးကနေ တဆင့် မြန်မာ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ဥဒါန်းတွင်စေနိုင်ခဲ့သလို နအဖ စစ်ခေါင်းဆောင်တွေအဖို့ရာမှာလည်း အကြီးအကျယ် အထိနာခဲ့ရတယ်။ ဆောက်တည်ရာ မရဖြစ်ခဲ့ရတယ်။ သူ့ရဲ့အာဏာတည်မြဲမှုအပေါ် အကြီးအကျယ် ခြိမ်းခြောက် ခံခဲ့ရတယ်။ ဒါကြောင့် မူလက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို ဖော်ဆောင် နေသယောင် အမျိုးသားညီလာခံဆိုတာကို အချိန်ဆွဲနိုင် သမျှ အချိန်ဆွဲကျင်းပပြီး သူ့ရဲ့ ပိုနေမြဲကျားနေမြဲအနေအထား (Status quo) ကို ဆက်ထိန်းထားဖို့ ကြံရွယ်ခဲ့ပေမယ့် စက်တင်ဘာ သံဃာ့ အရေးအခင်းကြီးက သူတို့ရဲ့အာဏာ တည်မြဲရေးကို မရေမရာ ဖြစ်သွားစေခဲ့တာကြောင့် အဲဒီ အမျိုးသားညီလာခံကို တတ်သုတ်ရိုက် ကျင်းပပြီး သူ့အာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးကို အာမခံချက် ပေးနိုင်မယ့် Constitution ကို တဖက်သတ် ရေးဆွဲ အတည်ပြု လိုက်တော့တာ ဖြစ်ပါတယ်။

ပြည်သူ တွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီ Constitution ကို ဘယ်လို ဘယ်ပုံ တဖက်သတ် ရေးဆွဲခဲ့တယ်၊ ဘယ်လို ကောက်ကျစ် ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပပြီး အဲဒီ Constitution ကို ဘယ်လို တဖက်သတ် အနိုင်ကျင့် အတည်ပြု ပြဋ္ဌာန်းခဲ့တယ် ဆိုတာ အားလုံးသိပြီးဖြစ်လို့ အကျယ်ချဲ့ မပြောလိုတော့ပါဘူး။

ဒါပေမယ့် ဒီ Constitution ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ ဘယ်လိုပဲဆန့်ကျင်ဆန့်ကျင်၊ ပြည်သူတွေက လက်ခံခံ မခံခံ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုပြု မပြုပြု သူတို့ကတော့ သူတို့ရဲ့ ရေရှည်အာဏာ တည်တံ့ခိုင်မြဲရေးကို အာမခံချက်ပေးနိုင်မယ့် ဒီ Constitution ကို မဖြစ်မနေ အကောင်အထည် ဖော်မှာပဲ။ မဖြစ်မနေ အသက်သွင်းမှာပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ အဲဒီ Constitution ကို အသက်သွင်း တဲ့ပွဲ၊ အသက်ဝင်အောင် လုပ်မယ့် ပွဲပါပဲ။ ဒါကြောင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ မဖြစ်မနေ ဆန့်ကျင်ရမှာပဲ။

ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်တယ်ဆိုတာ သူတို့ တဖက်သတ်ရေးဆွဲထားတဲ့ Constitution ကို ဆန့်ကျင်တာ၊ အသက် ၀ိညာဉ် ကင်းမဲ့စေတာ ဖြစ်တယ်။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ခိုင်မြဲရေးဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ဆန့်ကျင် ချေဖျက်တာသာ ဖြစ်တယ်။ ကျနော်တို့ တိုက်ပွဲဟာ ဒီတပွဲနဲ့ ပြတ်ချင်မှ ပြတ်မယ်။ တိုက်ပွဲပေါင်း မြောက်မြားစွာကို ဆက်ပြီး ဆင်နွှဲကောင်း ဆင်နွှဲရနိုင်တယ်။ ရေရှည်တိုက်ပွဲဖြစ်နိုင်တယ်။ ဒါပေမယ့် ပြောလို့တော့မရဘူး။ တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေး၊ ကြက်ဥ အရောင် တိမ်တောင် သဖွယ်၊ မင်းရေးကျယ်ဆိုတဲ့ စကားတွေလည်းရှိတာပဲ။ မမျှော်လင့် တာတွေလည်း ဖြစ်လာနိုင်တာပဲ။

အပေါ်ယံ ကြည့်ရင် အခုအချိန်မှာ စစ်အာဏာရှင်တွေဘက်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဘက်တွေမှာ အားသာချက်တွေ ရှိနေတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့မရနိုင်တဲ့ အကန့်အသတ်တွေနဲ့ သူတို့ဘက်မှာ ပျော့ကွက် ဟာကွက် အားနည်းချက်တွေရှိနေတာ အမှန်ပဲ။ အကျပ်အတည်းတွေ ရှိနေတာလည်း အမှန်ပဲ။ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ အကြား အကျိုးစီးပွားချင်း အားပြိုင်မှု၊ အာဏာပြိုင်မှု၊ တပ်တွင်းအောက်ခြေနဲ့ အထက်ဆင့်ကွာဟမှု အားပြိုင်မှု၊ သူတို့စစ်အုပ်စုနဲ့ ငြိမ်းအဖွဲ့တွေကြား အားပြိုင်မှု၊ ပြည်သူတွေရဲ့ ဆန့်ကျင်ခံရမှု၊ မုန်းတီးရွံရှာခံရမှု၊ နိုင်ငံတကာရဲ့ ဆန့်ကျင် ခံရမှု ဖိအားပေးခံရမှု စတာတွေဟာ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်းတဲ့အခါ ဒီအကျပ်အတည်းတွေ ပိုပြီး ကြီးမားလာစရာ အကြောင်းရှိတယ်။ ပိုပြီး ကျပ်တည်း ခက်ခဲလာစရာ အကြောင်း ရှိတယ်။ သူတို့ စစ်အာဏာရှင် တွေရဲ့အခက်ဟာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အချက်ပဲပေါ့။ ကျနော်တို့အတွက် ပြည်သူတွေအတွက် အဆိုးထဲက အကောင်းတွေ ဖြစ်လာနိုင်တယ်။

ဆောင်းပါးအစပိုင်းမှာ ပြောခဲ့သလို အခွင့်အလမ်းသာ ပေါ်ပစေ၊ သေချာရေရာမှုသာ ရှိပစေ၊ ပြည်သူလူထုဘက်ကတော့ အဆင်သင့်ပါပဲ။ အဲဒီတော့ လက်ရှိ ပြည်တွင်းပြည်ပ အခြေအနေတွေအရ ပြည်သူတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်၊ အဲဒီ အခွင့်အလမ်းတွေကို အသုံးချပြီး ဘယ်လိုသေချာရေရာတဲ့ အောင်ပွဲမျိုး ရယူဖန်တီးနိုင်မလဲဆိုတာကို ဒီမိုကရေစီအင်အားစုတွေ အသေအချာ လေ့လာတွက်ချက်ပြီး ပြင်ဆင်ထားကြဖို့လိုလိမ့်မယ်။ ။

မောင်ကောင်း

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form