တောင်းရမ်း စားသောက်သူများ ရန်ကုန်တွင် ပိုမို များပြားလာ


တောင်းရမ်း စားသောက်၍ ရရှိသည့်ငွေမှ စားစရာ ၀ယ်ယူလာသည့် ကလေး နှစ်ဦး ဓာတ်ပုံ - Sean Sprauge
စပယ်ထွန်း | မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက် သူများ တစ်နေ့ တစ်ခြား ပိုမိုများပြားလာကြောင်း ဗိုလ်ချုပ် အောင်ဆန်း ဈေးတွင် အ၀တ်အထည်ဆိုင် ဖွင့်ထားသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

တောင်းရမ်း စားသောက်သူ အများစုသည် လူစည်ကားရာ ဘတ်(စ)ကား မှတ်တိုင်များ ၊ဈေး နှင့် စားသောက်ဆိုင် ရှေ့များတွင် အများဆုံး တောင်းရမ်း ကြသည်။ သက်ကြီးရွယ်အို နှင့် ကလေး သူငယ်အရွယ် တောင်းရမ်း စားသောက်သူများ ပေါများ လာခြင်းနှင့် ပတ်သက်၍ ၂၉ လမ်း အထက် ဘလောက်တွင် စားသောက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက “စည်ပင်က ပြီးခဲ့တဲ့ နှစ်လ လောက်က စစ်ဆင်ရေး လုပ်တယ် တောင်းစားတဲ့သူတွေကို အားလုံး လိုက်ဖမ်းတယ် အခု ပိုများလာပြီ အရင်က ဒုက္ခိတတွေက တောင်းတာ များတယ် အခု အဘိုးကြီး အဘွားကြီးတွေ နဲ့ ကလေး တွေပါ ပါလာတယ်”ဟု ဆိုသည်။

စစ်အစိုးရ လက်အောက်ရှိ မြန်မာ နိုင်ငံတွင် အလုပ်အကိုင်များ ရှားပါးမှု နှင့် ပြည်သူ များ၏ စားဝတ်နေရေး ဘ၀ တည်ငြိမ်မှု မရှိ သောကြောင့် လူလတ်တန်းစား အလွှာမှာ ပျောက်ကွယ်လု မတတ်ပင် ဖြစ်နေပြီ ဟု လူငယ် ဘာသာပြန် စာရေးဆရာ တစ်ဦးက ပြောသည်။

သက်ကြီး ရွယ်အို တောင်းရမ်း စားသောက် သူများမှာ တစ်နေ့လျှင် ကျပ် နှစ်ထောင်ခန့် ၀င်ငွေ ရရှိပြီး အချို့ နေ့များ ဆိုလျှင် ငွေ တစ်ရာကျပ် လောက်သာ ၀င်သည် ဟုသိရသည်။ ကလေး သူငယ် တောင်းရမ်း စားသောက် သူများမှာ ဘတ်(စ)ကား မှတ်တိုင် များတွင် တောင်းရမ်း စားသောက်ကြသည်။

ဗိုလ်ချုပ် အောင်ဆန်းဈေးတွင် တောင်းရမ်း စားသောက်သည့် အသက်၇၃ နှစ် အရွယ်အဘွားအို တစ်ဦးက “အမေက သားထောက် သမီးခံ မရှိတော့ဘူး အရင်က ပန်းဆိုးတန်း ဂိတ်ဘက်မှာ တောင်းတာ ကားတွေ အန္တရာယ်လဲ ကြောက်ရ သေးတယ်။ ဂိတ်မှုးက မောင်းထုတ် လိုက်လို့ ဒီဈေးထဲကို ရောက်လာတာ အခုလို ဘ၀ ရောက်တာ တစ်နှစ် မပြည့် တတ်သေးဘူး” ဟု Freedom News Group သို့ ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် စိတ်အား ထက်သန်မှု ရှိသည့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ကမူ တောင်းရမ်း စားသောက် သူ ၇၀ ခန့်ကို စည်ပင် လက်အောက်ရှိ ဌာနများတွင် ခန့်ထား ပေးသော်လည်း အများစုက မလုပ်လို သဖြင့် အလုပ်မှ ထွက်၍ ပြန်လည် တောင်းစားမှုများ ရှိသည်။

မြန်မာ နိုင်ငံကို နှစ်စဉ် အလည် လာလေ့ ရှိသည့် နိုင်ငံခြားသား တစ်ဦး ကလည်း ယခု နှစ်တွင် တောင်းရမ်း စားသောက်သူများ ပို၍ များလာသည်ကို သူ သတိထားမိကြောင်း ပြောသည်။

တောင်းရမ်း စားသောက် သူ အချို့မှ အုပ်စုလိုက် ဂိုဏ်းဖွဲ့၍ တောင်းစားခြင်း ဖြစ်သည် ဟု ကျောက်တံတား မြို့နယ် စည်ပင် ၀န်ထမ်း တစ်ဦးက ပြောသည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form