မန္တလေး သံဃာတော် များကို အာဏာပိုင်တို့ စောင့်ကြည့်မှု များရှိ

ညွန့်သက်ထားဦး | မန္တလေး စစ်ကိုင်း နှင့် တောင်မြို့(အမရပူရ)ရှိ သံဃာတော် များ၏ နံနက်တိုင်း ဆွမ်းခံ ကြွချီမှု များကို စစ်ထောက်လှမ်းရေး ၊ ရဲ နှင့် ကြံ့ဖွံ့ အဖွဲ့ဝင်များက နေ့စဉ် စောင့်ကြပ် ကြည့်ရှုမှု ရှိသည် ဟု ရတနာပုံတက္ကသိုလ် မှ ကျောင်းသား တစ်ဦးက Freedom News Group သို့ ပြောသည်။

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် ကာလ နှင့် နီးကပ်လာပြီ ဖြစ်သည့် အတွက် ရန်ကုန်မြို့မှာ ကဲ့သို့ပင် မန္တလေးမြို့တွင်လည်း လူစည်ကားရာ နေရာများနှင့် ဘာသာရေး အရ အထွတ်အမြတ် ထားရာ နေရာများတွင် စောင့်ကြပ် ကြည့်ရှုမှုများ ပြုနေသည်။

မဟာ မြတ်မုနိ ဘုရားကြီးတွင် ဈေးရောင်းသူ တစ်ဦးက “ဆယ်ရက်လောက် ရှိနေပြီ ရဲကားတွေ ချထားတယ်။ ဘုရားဖူး လာတဲ့ သူတွေကို စစ်ဆေး တာတွေတော့ မလုပ်သေးဘူး၊ ဘုန်းကြီးတွေ ကိုတော့ သေသေချာချာ ဂရုစိုက်ကြည့်တယ်” ဟု ပြောသည်။

မန္တလေးမြို့ပေါ် တစ်ဝိုက်တွင် သံဃာတော်များကို စောင့်ကြပ် ကြည့်ရှုမှု ပြုသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ နေအိမ်များ နှင့် တက္ကသိုလ်ကောလိပ်ကျောင်းများကိုလည်း စောင့်ကြည့် လေ့လာမှုများ ရှိကြောင်း သိရသည်။

ယမန်နှစ်က ကျရောက်ခဲ့သော ရွှေဝါရောင် တော်လှန်ရေး တစ်နှစ် ပြည့်တွင် နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ရန် ရည်ရွယ်ထားသော ကျောင်းသား နှင့် သံဃာတော်များ အပါအ၀င် တက်ကြွ လှုပ်ရှားသူ လေးဆယ်ကျော်ကို စစ်ထောက်လှမ်းရေးများက ဖမ်းဆီး ထောင်ချ ခဲ့သည်။

source by : FREEDOM NEWS GROUP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form