ပြည်သူ့ ငြိမ်းချမ်းရေး တိုက်ပွဲ

ဗမာ့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလား တောင့်တနေသည့် အရာသည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်သည်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး အနှစ်(၆၀) ကျော်ခဲ့သော်လဲ တည်ငြိမ် အေးချမ်းသည့် ဘ၀မျိုးကို ပိုင်ဆိုင်ခွင့် မရကြသေး၊ လွတ်လပ်ရေး၏ အသီးအပွင့်တွေကို ရယူ သုံးစွဲ ခံစားခွင့် မရှိနိုင်ကြသည့် ဘ၀များနှင့် အနာဂတ်မဲ့စွာ ဖြတ်သန်း နေကြရသည်။

နအဖ စစ်မိစ္ဆာကောင်များသည် စစ်မှန်သည့် ငြိမ်းချမ်းရေးလမ်းကို မလျှောက်လှမ်းလိုကြ၊ ဒီမိုကရေစီနှင့် တရား နည်းလမ်းကျသည့် အရာ မှန်သမျှကို အာဏာ လက်နက် အားကိုးနဲ့ ရက်ရက် စက်စက် ခြေမှုန်း သုပ်သင် တတ်ကြပေသည်၊သို့သော် ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်း နေကြသူများသည် ဘယ်သောခါမှ သေရိုးထုံးစံမရှိ၊ ဘယ်လိုပင်သတ်သတ် ငြိမ်းချမ်းရေး မြက်ခင်း ပြင်ကြီးသည် စိမ်းစိုမြဲ စိမ်းစို၊ လှပမြဲ လှပ နေမည်သာ ဖြစ်သည်။

အမိ ဗမာပြည် ဒီမိုကရေစီ နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ထွန်းကာ ပေါ်ပေါက်လာရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက် နေကြသူများသည် နအဖ စစ်မိစ္ဆာကောင်များ စွပ်စွဲသလို အကြမ်းဖက် သမားများ မဟုတ်ကြ၊ အကြမ်းဖက်သည့် လုပ်ရပ်များကိုလဲ ဘယ်သောခါမှမကျူးလွန်ကြ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင် နေကြသူများသာ ဖြစ်သည်။ သူတို့သည် တိုင်းပြည် ငြိမ်းချမ်းရေး အတွက် သူတို့၏ ဘ၀များကို ပေးဆပ် သူများသာ ဖြစ်သည်၊ ရယူလိုသူများမဟုတ်ကြ၊ နအဖ စစ်မိစ္ဆာကောင် အာဏာရှင်များသည် ငြိမ်းချမ်းရေး ဆိုသည့် အသံကို မကြားလိုကြ၊ အာဏာရှိသည်၊ လက်နက်ရှိသည်၊ ငွေရှိသည် လုပ်ချင်တာ လုပ်လို့ရသည် ဆိုသည့် တိရိစ္ဆာန်ထက် နိမ့်ကျသည့် အောက်တန်းကျ ယုတ်မာသည့် စိတ်ဓာတ်မျိုးတို့ဖြင့် တစ်တိုင်း တစ်ပြည်လုံးကို ထင်တိုင်းကြဲ ဖျက်ဆီး ချင်တိုင်း ဖျက်ဆီး နေကြပေသည်။ ထိုသူတို့သည်သာ အကြမ်းဖက် သမား စစ်စစ် ဖြစ်ပေသည်။

မြန်မာပြည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ထွန်းကား ပေါ်ပေါက်ရေး အတွက် စစ်အာဏာရှင် စနစ်ဆိုးကြီး မရှိမှဖြစ်မည်၊ ဒီစနစ်ဆိုးကြီးရဲ့ လောင်းရိပ် အောက်မှာ ကျွန်ုပ်တို့ ပြည်သူတွေရဲ့ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ် ခဲ့ကြရပေသည်။ တိုင်းပြည်ကြီးကတော့ ယနေ့ချိန်ထိ ဘာတစ်ခုမှ ဖြစ်မလာ နိုင်သေးပေ၊ အာဏာရှင် လောင်းရိပ် အောက်တွင် ရှိသည့် အရာမှန်သမျှသည် စစ်မှန်သည့် အရာများ မဟုတ်ကြ၊ အတုအယောင် ဟန်ဆောင် ဖုံးကွယ်ထားသည့် အရာများသာလျှင် ဖြစ်ပေ လိမ့်မည်၊ ထို အတုအယောင် များကို ရှင်းလင်း ဖယ်ရှားပစ်ရမည့် တာဝန်မှာ ကျွန်ုပ်တို့ မျိုးဆက်တစ်ရပ်လုံး၏ မဖြစ်မနေ လုပ်ဆောင် ရမည့် တာဝန် တစ်ခု ဖြစ်ပေသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ မရှိသည့် အတွက်ကြောင့် တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာပါ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် တော့မည့် အန္တရာယ်ဆိုးနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပေါ်ပေါက် ထွန်းကားရေး အတွက် ကျွန်ုပ်တို့သည် ရှိသမျှ စွမ်းအားဖြင့် ခုခံ တိုက်ပွဲဝင်ကြရမည်။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော အားကိုးရာ လက်နက်ဖြစ်ပေသည်။ ကျွန်ုပ်တို့ စိုက်ထူမည့် ငြိမ်းချမ်းရေး မှတ်တိုင်သည် မြန်မာပြည် အတွက်ပါမက ကမ္ဘာကြီး အတွက်ပါ သမိုင်းကဗျည်း မှတ်တမ်း ရေးထိုးရမည့် အရာဖြစ်ပေသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ထွန်းကားဖို့ အတွက် ပိတ်ဆို့ကာရန်ထားသည့် စစ်အာဏာရှင် ဟူသော တံတိုင်းကြီးကို ၀ိုင်းဝန်းဖြိုလှဲ ဖျက်ဆီး ပစ်ရမည် ဖြစ်သည်။ တစ်ဦး တစ်ယောက်တည်း ဖြိုလှဲ၍မရ ညီညီညာညာ စုပေါင်းဖြိုလှဲမှ အောင်ပွဲ ခံနိုင်မည် ဖြစ်ပေသည်။ ယုတ်မာ ဆိုးသွမ်း ကောက်ကျစ်သည့် စစ်အာဏာရှင် စနစ် ဆိုးကြီး အောက်က မရုန်းထွက် နိုင်ခဲ့ပါက ကျွန်ုပ်တို့၏ လူမျိုး ဘာသာ သာသနာ တော်ကြီးသည် ကမ္ဘာ့ အလယ်မှာ မကြာမီ ပျောက်ကွယ် တော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

တက္ကသိုလ် သောတုဇန ဘိက္ခု (ရန်ကုန်)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form